မောင်လူပေ – တောင်စခန်း အလွမ်းပြေ

December 30, 2018

မောင်လူပေ – တောင်စခန်း အလွမ်းပြေ

(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၈” အမြင်နီး၍ ခရီးဝေးသည့်တောင်” တဲ့။ စာဆိုရှိ၏။ အိမ်နှင့်မိုင်နှစ်ဆယ်မျှသာဝေးသည့် ‘ဒီအာဘလို’ ( Mount Diablo ) အမည်ရသည့် တောင်ကြီးသည်လည်း ဒီစာဆိုနှင့်ညီသည်။ အမြင်နီးသော်လည်း ခရီးဝေးကာတစ်ခါမျှ မရောက်ဖြစ်။

ဆန်ဖရန်စစ္စကို ဗေးဧရိယာအရှေ့ပိုင်းတွင်ရှိပြီး ဒီဒေသတွင်းမှာ အမြင့်ဆုံးတောင်ကြီးလည်းဖြစ်သော ဒီအာဘလိုတောင်တန်းကြီးကို I-680 ခေါ် ဖရီးဝေးလမ်းမကြီးပေါ်မှ အမြဲမြင်ရတိုင်း ရောက်အောက်တက်မည်ဟု စဉ်းစားခဲ့သည်။စိတ်ကူးက နှစ်နှစ်ဆယ်နီးပါးကြာသော ယနေ့မှ အကောင်အထည်ပေါ်၏။ တောင်ထိပ်ဆီသို့ ရောက်ခဲ့ပါပြီ။ တောင်ကြီးဖဝါးအောက်ဆီ။

ကားလမ်းက ကောက်ကောက်ကွေ့ကွေ့၊ ကျဉ်းကျဉ်း၊ လမ်းဘေးမှာ အကာမရှိ၊ စက်ဘီးသမားကရှိသေး။ သူ့စည်းနဲ့သူ စိတ်ရှည်လက်ရှည်။ တောင်ခြေမှတောင်ပေါ်အထိ လေးဆယ့်ငါးမိနစ်လောက် ထပ်မောင်းရသည်။ ရှုခင်းက ရင်သတ်ရှုမော။ပေတစ်ထောင်မှ ပေနှစ်ထောင်၊ ပေသုံးထောင်၊ ပေလေးထောင်နီးပါး မြင့်တက်လာတော့ လေတိုက်နှုန်းက ပြင်းလာ၏။ မိုးရွာလျှင် လမ်းချော်သဖြင့် လမ်းပိတ်သည်ဟုသိထားသောကြောင့် နေသာသောနေ့ကို ရွေးလာမိသောကြောင့် စိတ်ပူစရာတော့မရှိလှ။တောင်ထိပ်အထိ ကားမောင်းတက်၍ရသော်လည်း တောင်ထိပ်မရောက်မှီပေတစ်ထောင်နီးပါးအကွာမှာကားရပ်ကာ တောင်ထိပ်သို့တက်ခဲ့သည်။ တောင်ထိပ်ပိုင်းမို့ထင့်၊ လေကပြင်းလှသလို အေးစက်နေ၏။ ရေခဲရေနှင့် ပက်နေသည့်အလား။ နေပူပူနေရာရောက်လျှင် အအေးသက်သာသော်လည်း နေရိပ်အောက်မှာ မစားသာလှ။ သစ်ရွက်လှုပ်သံတွေကြောင့် လေသံက နားထဲမှာတဝှီးဝှီး၊တရှဲရှဲ။ တောင်ထိပ်တွင် ဧည့်စင်တာ၊ လေ့လာဆောင်၊ ပြခန်းတို့ရှိသည်။ ရှုခင်းတွေက အံ့မခန်းလှပသည်။ တောင်ထိပ်မှနေ၍ မိုင်ငါးဆယ်ကျော်ဝေးသော ဆန်ဖရန်စစ္စကိုမြို့နှင့် ရွှေတံတားကြီးကို လှမ်းမြင်ရသလို ဗေးဧရိယာတစ်ခုလုံးကိုလည်း မြင်ရသည်။ လေရဟတ်ကြီးတွေရာချီကလည်း သွားကြားထိုးတံအဖြူလေးတွေ ထောင်ထားသကဲ့သို့ အစီအရီ။ အဝေးမှာက နီဗားဒါးတောင်တန်းကြီးနှင့် သစ်တောကြီးတွေညို့မှိုင်းလျှက်။ သဘာဝရှုခင်းတွေ မပျက်ယွင်းသေးသည့် သည်နေရာဒီဒေသက အားကျစရာ။ လွမ်းတတ်မယ်ဆိုလည်း လွမ်းစရာ။ အသည်းနုသူ မောင်လူပေအတွက်ကား ဆိုဖွယ်ရာမရှိ။ ရိုးမတောင်ကြီးလိုလို၊ ရှမ်းတောင်တန်းကြီးလိုလို၊ အိုးစည်သံတွေကြားနေသလိုလို။ လွမ်းတတ်သူမို့ လွမ်းမဆုံး။

ပြခန်းထဲမှာ ဒီအာဘလိုတောင်ကြီးဖြစ်ပေါ်လာပုံ၊ တောင်တစ်ဝိုက်မှရရှိထားသော ရှေးဟောင်းပစ္စည်းများ၊ ရှေးနှစ်ပေါင်းသန်းရှစ်ဆယ်ခန့်က ရေအောက်တွင်ရှင်သန်ခဲ့သည့် ပင်လယ်ခူများ၊ ခရုများ၊ ကျောက်ပုဇွန်ကြီးစသည်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၏ ရှာဖွေတွေ့ရှိမှု၊ ရှေးဟောင်းမီးသင့်ကျောက်ရုပ်ကြွင်း၊ ဒေသခံတောကောင်များ၏ အစာသွတ်ပုံစံတူများ၊ ဌာနေအင်ဒီယန်းများ၏ သမိုင်းဝင်ပုံများကို ပြသထားသည်။ အပြင်မှာအရမ်းအေးတော့ ပြခန်းထဲမှာအပူလည်းရ၊ ဗဟုသုတလည်းရ။ ခြေလျှင်တောင်တက်စိတ်ဝင်စားသူတွေက အနွေးထည်အထပ်ထပ်ဝတ်ခါ ကျောပိုးအိပ်တွေလွယ်လျှက် တောင်တက်လမ်းတွေအတိုင်း ဆင်းသွားနေတာလည်းမြင်ရ၏။ တောင်ခြေမှတောင်ပေါ်အထိ စက်ဘီးစီးကာ တက်လာကြသူတွေလည်း အသုတ်လိုက်မို့ တောင်ပေါ်မှာအတော်စည်ကားသည်။ ဧည့်စင်တာမှာ အမှတ်တရပစ္စည်းတွေရောင်းသလို ကော်ဖီ၊ မုန့်လည်း ဝယ်စားနိုင်ပါ၏။ဒီနေရာကြီးတစ်ခုလုံးကို ပြည်နယ်အပန်းဖြေစခန်းကြီး( Mount Diablo State Park) အဖြစ် သတ်မှတ်ထားသဖြင့် ညအိပ်ညနေ နေလိုသူများအတွက်စခန်း(Camping ground) တွေလည်း တောင်တက်လမ်းမှာအစီအရီ၊ ပါမစ်တော့ လျှောက်ဖို့လိုမည်ထင်ရ၏။ တောင်တက်လမ်းက နေထွက်မှသည် နေဝင်သည်အထိသာ သွားခွင့်ပြု၍ နေဝင်လျှင် စခန်းပိတ်သဖြင့် ပါမစ်မရှိလျှင် သွားလာရေးခက်နိုင်သည်။
တောင်ကြီးကား ဖဝါးအောက်ရောက်ခဲ့ပြီ။ ကားအကူလေးတော့ပါသပေါ့။ မောင်လူပေက အန်ကယ်ကြီးဖြစ်ပြီမို့ ” ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ ခါးကမသန်။”

မိတ်ဆွေသူငယ်ချင်းတွေလည်း ခြေလျှင်တောင်တက်စိတ်ဝင်စားပါက လာလည်ကြပါ။ လိုက်ပို့ပါမည်ဖြစ်ကြောင်း သတင်းကောင်းပါလိုက်ပါ၏။

ချစ်တဲ့

မောင်လူပေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်လူပေ, ရေခြားမြေခြား မြန်မာများ

Comments are closed.

Archives