ကဗျာ စာပဒေသာ မြန်မာပြည်တွင်း

ကြယ်တာရာဝင်း – မရင်းဖြစ်သော ရင်းမြစ်များ

KT#
မရင်းဖြစ်သော ရင်းမြစ်များ 
ကြယ်တာရာဝင်း
(မိုးမခ)၊ ဒီဇင်ဘာ ၂၉၊ ၂၀၁၈

မြစ်တမြစ်မှာ ရေနှစ်ခါချိုး မရသလို
ငါတို့ခေတ်မှာ အခွင့်အလမ်းတွေ
ပန်းလို့ မပွင့်ကြသေးဘူးလား..
နယ်စပ်ဖြတ်ကျော် အလုပ်သမားတွေ ရှိဆဲ..
အသက်ပေးသွားတဲ့ လိင်အလုပ်သမတွေရှိဆဲ..
မူးယစ်ဆေးဝါး ကြိုးဆွဲကရုပ်တွေ၊
ကလေးသူငယ်အလုပ်သမားတွေ၊
မညီမျှနိုင်တဲ့လူမှုဘဝတွေ၊
စက်မှုဇုန်တွေထဲက ခုန်ထွက်
ကွဲအက်နေတဲ့ ဆန္ဒပြသံတချို့ ..
လျှံထွက်နေတုန်းပဲ၊
ဒီနိုင်ငံကလူငယ်တွေ ရောင်းကုန်ထပ်မဖြစ်ကြပါစေနဲ့
အသက်မွေးဝမ်းကျောင်း ကျောင်းတွေဖွင့်ပေးပါ၊
စက်မှုဇုန်တွေတိုးချဲ့ပါ၊ ဆန်ပေး ဆီယူစကားထက်
စာနာခြင်းတရားကို ဖွင့်လှစ်ပါ၊
ငါတို့နိုင်ငံက လူငယ်တွေရဲ့ကြယ်တွေ
ဘယ်ကောင်းကင်မှာ ပွင့်ပြရမှာလဲ..?
လူ့စွမ်းအားနဲ့ ဉာဏ်ပညာကို စီးမထွက်ကြပါစေနဲ့..
အခြားတဖက်မှာ..
ငါတို့ဆီက စီးဆင်းသွားတဲ့ ဉာဏ်ပညာတွေ..
ငါတို့ဆီက မိတ္တူကူးသွားတဲ့ မြို့ပြတွေ…
ငါတို့ဆီက နည်းယူသွားတဲ့ စိုက်ခင်းတွေ..
ငါတို့ဆီက တူးယူသွားတဲ့ ရတနာတွေ..
ငါတို့ဆီက ခုတ်ယူသွားတဲ့ သစ်တောတွေ..
ငါတို့ဆီက ထုတ်ယူသွားတဲ့ လျှပ်စစ်တွေနဲ့
အခြားတဖက်မှာ..ထိန်လို့….လင်းလို့..
(အခွင့်အလမ်းတွေ ပန်းလိုပွင့်ပါစေ..)၂
ငါတို့ကိုယ်တိုင်ဟာ
ငါတို့နိုင်ငံရဲ့သယံဇာတများဖြစ်ကြတယ်။

ကြယ်တာရာဝင်း
** ၂၀၁၈ သြဂုတ်လ၊ (DVB Devite) ကဗျာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts