လီလီခိုင်ညိန်း ● ဝလုံးကလေးကို ဝိုင်းအောင်ရေးဖို့
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၈


ကျွန်မတို့အမေ ငယ်ငယ်တုန်းက လေးတန်းနှစ်တွင် အမေ၏အဖေ၊ ကျွန်မ၏အဘိုးဆုံးသည်။ အမေသည် ရန်ကုန်တွင်နေ သော အမေ၏အကို အကြီးဆုံးက ကျောင်းဆက်ထားပေးသဖြင့် ရန်ကုန်တွင် ကျောင်းဆက်တက်ခဲ့ရသည်။ ကိုးတန်းနှစ်တွင် အမေ၏အမေ ကျွန်မ၏အဘွားဆုံးပြန်သည်။ အမေသည် ငယ်ငယ်ရွယ်ရွယ်ဘဝကတည်းပင် မိမဲ့ ဖမဲ့ ဖြစ်ခဲ့ရသည်။ ငယ်က တည်းက မိဘမဲ့ခဲ့ရသောအမေသည် ဘဝအတွက် အားကိုးရာအဖြစ် ပညာကိုသာ ကြိုးစားပန်းစား သင်ယူခဲ့ရသည်။ အမေ ဘွဲ့ရသည့်နှစ်တွင် နယ်မြို့လေးမှ ဒေါ်ကြီး၏လမ်းညွှန်မှုဖြင့် ထိုမြို့မှာပင် အစိုးရဝန်းထမ်းဖြစ်ခဲ့သည်။ ထိုဌာနတွင် တာဝန် ထမ်းဆောင်ရင်း တရုံးတည်းသားချင်း အဖေနှင့်အိမ်ထောင်ကျခဲ့သည်။ ကျွန်မလေးတန်းနှစ်အထိ အိမ်ငှားဘဝဖြင့် နေကြရ သည်။ ကျွန်မငယ်စဉ်ကတည်းက အမေ ခဏခဏ ပြောလေ့ရှိသောစကားမှာ အမေ့အကိုကြီးက အမေ့ကို ခဏခဏပြောခဲ့ သောစကားဖြစ်သည့် ပေးစရာအမွေဆိုလို့ ပညာအမွေပဲရှိတာမို့ စားကြိုးစားကြဆိုသည့်စကား ဖြစ်သည်။ အမေသည် ထမင်းစားပြီးသည့်အခါမျိုးတွင် “အခုလိုစားနေရတာဟာ ဆရာသမား မိဘဂုဏ်ကျေးဇူး၊ အကိုကြီးကျေးဇူးပ” ဟု ရွတ်ဆို တတ်လေ့ရှိသည်။

ကျွန်မအဖေကတော့ ဆယ်တန်းကို ခနှင့်အောင်ပြီး အလုပ်ဝင်၍ အမေနှင့်အိမ်ထောင်ကျပြီးမှ ဆယ်တန်းကို ကနှင့်အောင်၍ ဥပဒေဘွဲ့ရခဲ့သည်။ အဖေတို့မောင်နှမတွေက စာတော်ကြသော်လည်း မောင်နှမဆယ်ယောက်နှင့် မိသားစုတာဝန်ကိုထမ်းရ သူက ရဲဝန်ထမ်းတစ်ဦးသာဖြစ်သော အဖေ၏အဖေ ကျွန်မ၏အဘိုးတစ်ယောက်သာရှိသည်။ အဖေက ယောကျာ်းလေး ထဲတွင် အကြီးဆုံးဖြစ်ပြီး ဒုတိယမြောက်သားဖြစ်၏။ လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးရင်း ကျောင်းတက်ခဲ့ရသူလည်း ဖြစ် သည်။

ထိုကဲ့သို့သော အဖေနှင့်အမေ့အိမ်တွင် အမေ၏ရွာမှ ကျောင်းလာနေသော ကျောင်းသူ ကျောင်းသားပြတ်သည်ဟူ၍ မရှိခဲ့။ ထိုစဉ်က ကျေးရွာများတွင် မူလတန်းကျောင်းသာရှိပြီး အုပ်စုကျေးရွာများတွင်သာ တွဲဘက် အလယ်တန်းကျောင်း ရှိသော ခေတ်ဖြစ်သည်။ မူလတန်းပြီး၍ အထက်တန်း ဆက်တက်ကြမည့် အမေ့ရွာမှ အမေနှင့် ဆွေးမျိုးနီးစပ်တော်သည့် သူများက သူတို့သားသမီးများကို ကျွန်မတို့အမေအိမ်တွင်နေစေကာ ကျောင်းဆက်တက်ကြခြင်း ဖြစ်သည်။ ကျောင်း သူ၊ ကျောင်းသားများကို အိမ်မှာကျွေးပြီး တင်ထားရသော်လည်း အမေသည် ပညာရေးနှင့်ပတ်သက်၍ ညူဆူသည်မရှိခဲ့။ အမေသည် ပညာရေးနှင့်ပတ်သက်လျှင် တတ်နိုင်သမျှ ကူညီလေ့ရှိကာ အားပေးတတ်လေ့ရှိသည်ပင်။

အထက်တန်းကျောင်း မရှိသော၊ အထက်တန်းကျောင်းနှင့် အလှမ်းဝေးသော ရွာတွေမှ ကျောင်းသူ ကျောင်းသားများသည် အထက်တန်းအောင်သည် အထိ ပညာရေးဆုံးခန်းတိုင်သူ နည်းပါးပါသည်။ ကျွန်မတို့နေသောမြို့ရှိ အထက်တန်းကျောင်းတွင် အထက်တန်းအောင်အောင် ကျောင်းထားဖို့ သူ့အိမ်မှနေ၍ ကျောင်းတက်ဖို့ တိုက်တွန်းတတ်သော အမေ့အိမ်တွင် ကျောင်း သူ ကျောင်းသားမပြတ်သည်မှာ မထူးဆန်း။ အဆင်ပြေတုန်းလာပေးသည့် ပဲဆံနှင့် ဆီကိုသာယူ၍ မပေးလျှင်လည်း ဘာမှ မတောင်းပဲနေ၍ စာကြိုးစားဖို့သာ ပြောတတ်သည်။ ပါရမီဖြည့်ဘက်ကောင်းတစ်ယောက်ဖြစ်သည့် အဖေကလည်း ငြိုငြင် သည်ဟူ၍ မရှိခဲ့ပါ။ အဖေသည်လည်း ပညာရေးနှင့်ပတ်သက်လျှင် တတ်နိုင်သမျှ အားပေးအားမြောက် ပြုတတ်သူပင် ဖြစ် သည်။

ထိုခေတ်က ဝန်ထမ်းဆန်ကြမ်း ဝါဝါများကို တချို့တွေကပြန်ရောင်းပြီး ဆန်ကောင်း ပြန်ဝယ်စားကြလေ့ရှိသည်။ သို့သော် လည်း မိသားစုနည်းသော်လည်း ကျောင်းသား နှစ်ယောက်သုံးယောက်ရှိနေတတ်သော ကျွန်မတို့အိမ်တွင် ထိုဝန်ထမ်း ဆန်ကြမ်းဝါဝါများကိုသာ စားခဲ့ကြရသည်။ ကျွန်မတို့အိမ်တွင် ကျောင်းလာနေရင်း ဆယ်တန်းအောင်သူ၊ ကျောင်းဆရာ၊ ကျောင်းဆရာမဖြစ်သွားသူများ မနည်းလှပါ။ အမြော်အမြင်ရှိသော အမေ၏ဦးလေးဝမ်းကွဲကတော့ သူ့သားသမီး လေး ယောက်ကို ကျွန်မတို့အိမ်တွင် အလှည့်ကျထားကာ ကျောင်းတက်စေခဲ့၍ အားလုံးဘွဲ့ရပညာတတ်များ ဖြစ်သွားကြသည်။

ထိုဘကြီးတို့ခေတ်က စာတတ်မြောက်ရေးလှုပ်ရှားမှုများ လုပ်ကြသည့်ခေတ်ဖြစ်သည်။ စာတတ်မြောက်ရေးလုပ်ကြသော် လည်း တောသူတောင်သားများမှာ အသက်ကြီးသည်ကတကြောင်း ရှက်ကြသည်က တကြောင်းကြောင့် စာမဖတ်တတ်ပဲ စာဖတ်တတ်သည်ဟု လိမ်ညာပြောကာ ရှောင်လွှဲချင်ကြသည်။ ထိုသို့ ရှောင်လွှဲတတ်ကြသဖြင့် စာဖတ်တတ် မဖတ်တတ်ကို သေချာစစ်ဆေးပြီး သင်ပေးကြရသည်။ ဘကြီးပြောပြသောအဖြစ်အပျက်တစ်ခုကို မှတ်မိနေတုန်း ဖြစ်ပါသည်။

စာဖတ်တတ် မဖတ်တတ်ကို စစ်ဆေးပြီး အသုံးလုံး သင်တန်းတက်ခိုင်းသည်။ ကျောက်သင်ပုန်းပေါ်တွင် စာတစ်ကြောင်း ရေးထားပြီး မှန်အောင်မဖတ်နိုင် သူက စာသင်ရမည်ဖြစ်သည်။ ထိုသို့စစ်ဆေးသည့်အခါ ပထမတယောက်က စာဖတ်တတ် သူဖြစ်သဖြင့် နောက်လူက ဘာဖတ်ခဲ့ရသတုန်းမေးသည်။ အရင်ဖတ်ခဲ့သူက သူဖတ်ခဲ့ရသည့်စာကို ပြန်ပြောပြ၏။ နောက် လူက မဖတ်တတ်သော်လည်း ပထမလူဖတ်သည့်အတိုင်းဖတ်ပြခဲ့ရာ အဆင်ပြေသွားသည်။ စာမဖတ်တတ်သည့် ဦးကြီး တယောက်အလှည့်ရောက်တော့ သူ့ရှေ့ကလူကို မေးကြည့်၏။ မကွေးတိုင်း ပြည်သူ့ကောင်စီဟုရေးထားကြောင်း ပြောပြ၏။ ဦးကြီးအထဲ ဝင်သွားချိန်တွင် စာကြောင်းမှာပြောင်းလဲ၍ ရေးထားပြီဖြစ်သည်။ ကမ်းပျိုကျေးရွာ၊ ပေါက်မြို့နယ်ဟု ရေးထား သည်ကို မကွေးတိုင်း ပြည်သူ့ကောင်စီ၊ ကိုင်းကွယ်ဟု ဟန်ပါပါ တလွဲဖတ်လိုက်တော့သည်။ ထိုအဖြစ်အပျက်ကလေးသည် အမေ့ရွာလေးတွင် အခုအချိန်အထိ ပြောစမှတ်တွင်ခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ အသက်ကြီးမှ စာသင်ရသည်ကို ရှက်သော စာမတတ်လျှင်လည်း အရေးမကြီးဟု ထင်နေခဲ့ကြသော ခေတ်ကာလတစ်ခုမှ အဖြစ်အပျက်တစ်ခုသာ ဖြစ်သည်။

ကျွန်မတို့အိမ်တွင် ကျောင်းလာနေသော အစ်မများထဲတွင် ကျွန်မနှင့်အတူ ဆယ်တန်းအောင်ခဲ့သောအစ်မတစ်ယောက်ရှိသည်။ ကျွန်မခြောက်တန်းကတည်းက ဆယ်တန်းတက်သောအစ်မသည် ကျွန်မဆယ်တန်းအောင်သောနှစ်မှသာ အတူတူ အောင်ခဲ့သည်။ အခုတော့ အစ်မသည် အလယ်တန်းပြကျောင်းဆရာမ ဖြစ်နေခဲ့ပါပြီ။ အစ်မ၏မလျှော့သော ဇွဲလုံ့လ၏ ရလဒ်ပင် ဖြစ်သည်။

အိမ်တွင်ကျောင်းလာနေသော ညီမတစ်ယောက်အကြောင်းကိုလည်း မှတ်မိနေသေးသည်။ ထိုညီမက ဇာတ်ကြီးဆယ်ဘွဲ့မှ ဝေဿန္တရာဇာတ်ကို ကျက်ရာ တွင် မဒီဒေဝီကို မဒီးဒေဝီဟု အော်ကျက်နေသံကို ကျွန်မကြားကြားနေရသည်။ ဒါကြောင့် ကျွန်မက မဒီးဒေဝီမဟုတ်ကြောင်း ဝစ္စပေါက်မပါပဲ မဒီဒေဝီဖြစ်ကြောင်း ကျွန်မက ပြောပြ၏။ သူက မဒီဒေဝီဖြစ်တာကို သိသော်လည်း ဖတ်သည့်အခါတွင် မဒီးဒေဝီဟု ဖြစ်သွားတတ်ကြောင်း ပြော၏။ အသံမှားတော့ ရေးရင် မှားတတ်တယ်၊ ရေးလို့ မမှားရင်တောင် နောင်တစ်ချိန် ကိုယ့်ထက်ငယ်ရွယ်သူတွေကို ပြန်လည်ပြောပြရာ၌ အမှားကိုသွန်သင်မိသလို ဖြစ် တတ်မယ်၊ ကြိုးစားပြီး သတိထား ပြင်ဖို့ ပြောပြရပါသည်။ သိပ်မကြာခင် အမှန်ကိုဖတ်နိုင်သွားခဲ့သည်။ အမှားကို ပြင် ဆင်နိုင်ခြင်း အမှန်ကို ပြင်ဆင်ဖို့သွန်သင်ရာ၌ လက်ခံတတ်ခြင်းသည် ကောင်းသောအကျင့်ပင်ဖြစ်သည်ဟု ကျွန်မက ပြော ပြလိုက်ပါသည်။

ငယ်ရွယ်သော ကလေးများကို ပြုပြင်သွန်သင်ခြင်းကလည်း အရေးကြီးသောကိစ္စတစ်ရပ်ဖြစ်သည်ဟု ထင်ပါသည်။ ကျွန်မ တို့ မောင်နှမတွေ ငယ်စဉ်က တည်းက စာဖတ်ဝါသနာပါခဲ့ကြသည်။ အဲလိုဖတ်တတ်အောင်လည်း အမေကသင်ပေးခဲ့ခြင်း ဖြစ်သည်။ အမေ၏မိတ်ဆွေများက အမေ့ကို “ကလေးတွေက ငယ်သေးတယ်၊ ကာတွန်းတွေ ဝတ္ထုတွေဖတ်ခိုင်းလားဟု ပြောလျှင် အမေက ဖတ်ခိုင်းတာပေါ့၊ ကျွန်မတစ်ယောက်တည်းဆုံးမရင် မလုံလောက်မှာစိုးလို့ စာရေးဆရာတွေကိုပါ ဆုံးမ ခိုင်းရတာ”ဟု ပြန်ပြောတတ်လေ့ရှိသည်။ သို့သော် အဆိပ်အတောက်ဖြစ်စေမည့် စာအုပ်များကိုတော့ ဖတ်ခွင့်မပြုပါ။ စာအုပ်ဆိုင်မှ ကျွန်မတို့ ငှားလာခဲ့သောစာအုပ်များကို အမေကဖတ်၍ ဘယ်ဇာတ်ကောင်ကို အတုယူသင့်သည်။ ဘယ်ဇာတ် ကောင်၏စရိုက်ကို ရှောင်သင့်သည် စသဖြင့် ပြောပြပေး၏။

အခုတော့ ကျွန်မသည် စာဖတ်ကြာလာသည်နှင့်အမျှ စာကိုရွေး၍ဖတ်တတ်သလို ဇာတ်ကောင်များကိုလည်း ရွေးချယ်တတ်ခဲ့ သည်။ အခုချိန်မှာတော့ ကျွန်မ၏တူလေးများကို ဇာတ်ကောင်စရိုက် ရွေးချယ်တတ်ရန် ပြောပြနေတတ်ပြီ ဖြစ်သည်။ တခါ တရံ မြန်မာဗွီဒီယိုဇာတ်ကားကြည့်လျှင်လည်း ဇာတ်ကောင်နှင့် စကားလုံးများကို နားလည်မှုမလွဲအောင် ပြောပြရသည်။ ပေးချင်သည့်မက်ဆေ့မရပဲ ဇာတ်ကောင် အရွေးမှားမှာ စိုးရိမ်မိ၏။

ကျွန်မ၏တူအကြီးက ကျူရှင်တက်ရာ အငယ်ကောင်ကပါ လိုက်တက်ချင်၏။ KG တန်းဖြစ်နေ၍ စာရေးမသင်သေး သော် လည်း သူက လိုက်ချင်လွန်းသဖြင့် ထည့်လိုက်သည်။ သင်ပေးသူမှာလည်း ဆွေမျိုးတော်စပ်သည့် စိတ်ရှည်သောသူဖြစ် သည်။ ဝလုံးရေးတာ စသင်တဲ့နေ့က ဘဘဖို့ ဝလုံး တစ်မျက်နှာ ရေးခဲ့တယ်ဟု ပြော၏။ နောက်နေ့သွားတော့ အမေကြီးဖို့ တစ်မျက်နှာ၊ မေ့မေ့ဖို့ တစ်မျက်နှာ ရေးခဲ့တယ်ဆိုကာ တက်ကြွနေ၏။ ဒီနေ့ မေမေခိုင့်အတွက်ရေးခဲ့မယ်နော်ဟုဆိုတော့ လှလှလေးရေးခဲ့နော် သားလေးဟုပြန်ပြောရ၏။ ဆရာမကပြောတယ် မေခိုင်ရဲ့ဝလုံးလေးတွေက တဖြည်းဖြည်းနဲ့ ဝိုင်းလာမှာ ပါတဲ့။ အေးလေသားရဲ့ တဖြည်းဖြည်း လှလာမှာပေါ့ ဒီမှာကြည့်ပါဦး မေခိုင်ရာ ဘယ်မှာလှလာလို့လဲ၊ ကျွန်မကြည့်လိုက်တော့ အရင်နေ့တွေက ရေးထားခဲ့သော ဝလုံး စာမျက်နှာများ ဖြစ်နေသည်။ ထိုအခါမှ ကျွန်မလည်း သူ့ကို သေချာရှင်းပြရတော့သည်။ ဝလုံးလေးတွေ ဝိုင်းလာမယ်၊ လှလာမယ်ဆိုတာ ရေးပြီးသား ဝလုံးလေးတွေက ပြန်ဝိုင်းလာတာမဟုတ်ကြောင်း ရေးတာများ လာမှ လက်ရေးနိုင်နင်းပြီး တဖြည်းဖြည်းနှင့် လှအောင်ရေးလာနိုင်တာကိုပြောကြောင်း ပြောပြရသည်။ ထိုအခါမှ အော် အဲ လိုလား၊ ဒါဆို သားသွားတော့မယ် မေခိုင့်ဖို့ လှအောင်ရေးခဲ့မယ်ဟုဆိုကာ သွားတော့သည်။ ကျွန်မလည်း ကလေးတစ် ယောက်၏ နားလည်မှုအမှားကို တွေးနေမိ၏။ ဝလုံးလေးကိုမှ ဝိုင်းအောင် မရေးနိုင်သေးသောကလေးတစ်ယောက်သည် သူ့အမြင် သူ့အတွေးတို့သည်လည်း မှန်ချင်မှ မှန်ပေလိမ့်မည်။ ဝလုံးကလေးတွေ ဝိုင်းအောင်ရေးပြီးလို့ တက္ကသိုလ်ကျောင်း တော်ကြီးက ပြန်လာတဲ့တစ်နေ့မှာတော့ အရာရာကို ကျိုးကြောင်းစီလျောစွာနဲ့ စဉ်းစားလာနိုင်လိမ့်မည်ဟု ကျွန်မက ယုံ ကြည်နေမိပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ