ရသဆောင်းပါးစုံ

ဌေးဝင်း (ဂျာမဏီ) ● အဖေ့စာ

ဌေးဝင်း (ဂျာမဏီ) ● အဖေ့စာ
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၈

၂၀၁၈ ဒီဇင်ဘာလ ၁ ရက်နေ့ညက တင်ဆက်ဖျော်ဖြေခဲ့တဲ့ ရွှေခေတ်၊ ရွှေအနှစ်၊ ရွှေသီချင်းများနဲ့ “ရွှေအိုရောင် ဂီတည ၂၀၁၈” စင်မြင့်ဖျော်ဖြေပွဲကို အချိန်ရတာနဲ့ you tube မှာကြည့်ရှုနားထောင် ဖြစ်ပါတယ်။ စတီရီယိုလောက နှစ် ၅၀ ရွှေရတုအထိမ်းအမှတ်အနေနဲ့ တင်ဆက်တဲ့ပွဲလဲဖြစ်ပါတယ်။ ကျွန်တော်တို့ခေတ်က အဆိုတော်ကြီးတွေ ကျွန်တော်တို့ ခေတ်က သီချင်းတွေကို ပြန်လည်သီဆိုကြတာမို့လို့ စိတ်ဝင်တစားခံစားဖြစ်ပါတယ်။ အမိမြေဗမာပြည်ကိုလွမ်းတဲ့အခါ you tube ကိုရံဖန်ရံခါ သွားကြည့်ပြီး ဗမာသီချင်းလေးတွေနဲ့ ဒီလိုဘဲအလွမ်းဖြေရပါတယ်။ The Friends တေးဂီတအဖွဲ့နဲ့ စိုင်းသာဌေး၊ ပက်ထရစ်၊ စိုင်းဆိုင်မောဝ်၊ စိုးပိုင်၊ ဘိုဘိုဟန်၊ မြန်မာပြည်သိန်းတန်၊ ဗစ်တာခင်ညို၊ စိန်ဝင်းထွန်း၊ ကံ့ကော် တောမျိုးအောင်၊ ခင်မောင်ထူး၊ ဘိုဖြူ စတဲ့အဆိုတော်ကြီးတွေ ၇၀ ခုနှစ်များဆီက သူတို့ရဲ့သီချင်းတွေကို ပြန်လည်သီဆို ဖျော်ဖြေခဲ့ကြပါတယ်။ အဲဒီအထဲမှာ ဘိုဖြူကအငယ်ဆုံးလို့ အစီအစဉ်ကြေငြာသူကပြောလိုက်တာကို ကြားလိုက်ရပါတယ်။ ဒီတင်ဆက်မှုတွေထဲမှာ စိုင်းဆိုင်မောဝ်ရဲ့ “အဖေ့စကား” ဆိုတဲ့သီချင်းနဲ့ ဘိုဖြူရဲ့ “ဆန်ရေ” သီချင်းတို့ကိုနားထောင်မိပြီး တော်တော်ခံစားမှုဖြစ်ခဲ့ပါတယ်။ စိုင်းဆိုင်မောဝ်ကိုယ်တိုင်လဲ မျက်ရည်တွေတွေကျပြီး ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

ကျွန်တော်လဲ လူသားပီပီသသ လူသားတယောက်မို့လို့ ကျွန်တော့်အဖေကို ပြန်လည်တမ်းတ သတိရမိပါတယ်။ ကျွန်တော် တို့ဘဝတွေဟာ အမိဗမာပြည်က အချို့သောမိသားစုတွေလို သာမန်မိသားစုဘဝမျိုးမဟုတ်ခဲ့ရပါဘူး။ သာမန်ဆိုရင်တော့ မိဘညီအကိုမောင်နှမမိသားစုတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေ၊ ကျောင်းတက်၊ ဘွဲ့ရ၊ အိမ်ထောင်ကျ၊ ကိုယ့်မွေးရပ်မြေမှာဘဲ အသက်မွေး ဝမ်းကျောင်းပြု၊ ကိုယ့်မိသားစု၊ ဘိုးဘွားမိဘတွေကိုလုပ်ကျွေးပြုစု စသဖြင့် ပျော်ရွှင်ဖွယ်ရာမိသားစု ဘဝတွေ ကိုဆိုလိုတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အမိမြေမှာ ဝမ်းနည်းဖွယ်ရာ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ မွေးဖွားကြီးပြင်း ခဲ့ရပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝ၊ နုပျိုသစ်လွင်တဲ့ လူငယ်ဘဝမှာဘဲ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးကျိုးပြယုဒ်တွေကို မျက်ဝါးထင်ထင်မြင်တွေ့ကြား သိရပြီး ဒီစနစ်ဆိုးကိုလက်မခံနိုင်လို့ ဒီစနစ်ဆိုးကိုဆန့်ကျင်ရာမှာ တတပ်တအားပါဝင်ခဲ့ပါ တယ်။ ဒါ ကျွန်တော် မဏ္ဍပ်တိုင်တက်ပြနေတာမဟုတ်ပါဘူး၊ အဖြစ်မှန်တရပ်ကိုရေးသားဖေါ်ပြခြင်းဘဲ ဖြစ်ပါတယ်။ ဒီစိတ် ဓါတ်၊ ဒီလုပ်ရပ်ရဲ့အကျိုးဆက်က စစ်အာဏာရှင်တွေရဲ့လုပ်နည်းလုပ်ဟန်အတိုင်း ကျွန်တော်တို့ကို ထောင်သွင်းအကျဉ်းချ၊ ကျွန်တော်တို့ရဲ့စိတ်ဓါတ်တွေကိုရိုက်ချိုးဘို့ ကြိုးစားခဲ့ကြ ပါတယ်။ ဒါသူတို့ရဲ့ လွဲမှားတဲ့တွေးနည်းတွေးဟန်တွေပါ။ ကျွန်တော်တို့ရဲ့စိတ်ဓါတ်တွေဟာဦးမကျိုး သွားတဲ့အပြင် မီးပြင်းပြင်းမှာတင်လိုက်တဲ့ သံပြားသံချောင်းတွေလို ရဲရဲတောက်ခဲ့ပါတယ်။ ဆရာမောင်စွမ်းရည်ရဲ့ စကားကိုယူသုံးရရင်ဖြင့် “ထောင်ဆုကို ဂုဏ်ယူ” နေခြင်း မဟုတ်ရပါဘူး။ ဒီစစ် အာဏာရှင်စနစ်ဆိုး ကြောင့် အမိမြေမှာ အသက်ဆုံးရှုံး၊ မိတကွဲဖတကွဲ၊ သားတကွဲမယားတကွဲ၊ စွန့်လွှတ်ပေးဆပ်ခဲ့ရတာတွေ ဒုနဲ့ဒေးပါ။ ဘဝပျက်ခဲ့ရသူတွေ ရေတွက်လို့မရနိုင်ပါဘူး။ ဒါတွေဟာ အဖြစ်မှန်တွေပါ။ လစ်လျူရှုလို့မရပါဘူး။ လစ်လျူမရှုသင့်ပါဘူး။

ဒီစစ်အာဏာရှင်စနစ်ဆိုးကိုဆန့်ကျင်တဲ့စိတ်ဓါတ်၊ သာယာဝပြောတဲ့အမိမြန်မာနိုင်ငံကို မြင်လိုတဲ့ စိတ်ဓါတ်ကြောင့်ဘဲ ၁၉၈၉ ခုနှစ်မှာ ကျွန်တော်အမိမြေကို စွန့်ခွါခဲ့ရပါတယ်။ စစ်အာဏာရှင်တွေရဲ့ လိုက်လံဖမ်းဆီးခြင်းကိုမခံဘဲလွတ်မြောက်ထွက်ပြေးနိုင်ခဲ့ပါတယ်။ ကျွန်တော့်အဖေကို သက်ဆိုင် ရာရဲစခန်းမှာ ၂ ရက်ကြာခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြတယ်လို့နောက်မှ ကြားသိရပါတယ်။ အဓိက ကကျွန်တော်ဘယ်မှာလဲ၊ ဘယ်ကိုသွားသလဲလို့ စစ်ဆေးမေးမြန်းခဲ့ကြတာပါ။ ဖခင်ကလဲ အမှန် တကယ်ဘယ်သိပါ့မလဲ။ ဘာမှမဖြေနိုင်ဘူးပေါ့။ ဒီထက်ဆိုးဝါးတဲ့ မိသားစုဝင်တွေကိုဖမ်းဆီး၊ စစ်ဆေးမေးမြန်းတဲ့ဖြစ်စဉ် တွေလဲ အများကြီးရှိခဲ့ပါတယ်။ ဒါတွေကိုယခုအချိန်မှာတတ်နိုင်သမျှ ဖေါ်ထုတ်ရေးသားကြပြီး စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ရှုတ်ချကြဘို့ အကြံပြုလိုပါတယ်။

ကျွန်တော့်ရဲ့ခံစားမှု၊ ကျွန်တော့်အဖေနဲ့ပတ်သက်လို့ဆက်ရမယ်ဆိုရင်တော့ ၁၉၉၃ ခုနှစ် ဒီဂျာမနီမှာ ဂျာမန်အမျိုးသမီးတဦးနဲ့ လက်ထပ်မယ်ဆိုပြီးတော့ ကျွန်တော့်မိဘကို ကျွန်တော်ခွင့်တောင်းပါတယ်။ ၁၉၉၃ နှစ်ဆန်းပိုင်းမှာ ကျွန်တော်နဲ့ ဒီကျွန် တော့်ဇနီးလောင်းနဲ့ အတူနေထိုင်နေကြပါပြီ။ ကျွန်တော့်အဖေရဲ့ ဒီခွင့်တောင်းမှုကိုတုန့်ပြန်တဲ့ “အဖေ့စာ” ကိုဖေါ်ပြပါရစေ။ ၁၉၈၉ ကျွန်တော် အမိမြေမှထွက်ခွါလာခဲ့ပြီးနောက် ၇.၁.၉၃ မှာ အဖေ ကျွန်တော့်ဆီရေးခဲ့တဲ့ တစောင်တည်းသော အဖေ့ရဲ့ စာပါ။ အဖေဟာ ဆိုခဲ၊ မြဲစေ ဆိုတဲ့စကားအတိုင်းနေသူတဦးပါ။ အမှန်တော့ ဒါကိုယ်ရေး ကိုယ်တာကိစ္စတခုပါ။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့ သားကောင်တွေဖြစ်ခဲ့ရတဲ့ ကျွန်တော်နဲ့ ကျွန်တော့်အဖေရဲ့ ဖြစ်စဉ်လေးကို ဖြစ်ရပ်မှန်တခုအဖြစ် ဖေါ်ပြပါရစေ။

ရန်ကုန်မြို့
သားကြီးမောင်ဌေးဝင်း၊
နေ့စွဲ – ၇.၁.၉၃

ဖေဖေ၊ မေမေတို့အနေနဲ့၊ မင်းမိန်းမယူလိုက်တဲ့ကိစ္စမှာ အားလုံးက၊ လက်ခံကြေနပ်ပါတယ်၊ မင်းအမေကတော့၊ မျက်စိခွဲ ထားလို့၊ စာရေးစာဖတ်မလုပ်နိုင်သေးဘူး၊ မင်းပို့လိုက်တဲ့ ပထမစာမှာ၊ ငါအိမ်ပြန်ရောက်တော့၊ xxxxx က၊ ဖတ်ပြပြီး၊ မင်း မိန်းမယူလိုက်ပြီ။ သမီးအရမ်းငိုချင်တာဘဲလို့၊ ငိုသံနဲ့ငါ့ကိုပြောတယ်၊ ငါက xxxxx ကို၊ သမီးတို့ညီအစ်မတွေအနေနဲ့၊ သူ့ကို လိုက်ပြီး၊ ပြုစုစောင့်ရှောက်နိုင်တာမှမဟုတ်ဘဲ၊ သူမိန်းမယူတာ၊ တရားပါတယ်၊ သမီးဝမ်းနဲမနေတော့နဲ့လို့ပြန်ပြော လိုက်ရ တယ်၊ မိဝေးဖဝေးနဲ့နေပြီး၊ အစားဆင်းရဲ အနေဆင်းရဲနဲ့၊ ဘသူမှကြာရှည်မနေနိုင်ပါဘူး၊ ဒါ ကြောင့် မင်းမိန်းမယူလိုက်တာကို၊ ဖေဖေ့အနေနဲ့ သဘောတူပါတယ်၊

ငါ့သားဟာ၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့၊ အနန္တော အနန္တငါးပါးဖြစ်တဲ့၊ ဘုရား၊ တရား၊ သံဃာ၊ အမိအဖနှင့် ဆရာ သမားတို့ရဲ့ ဂုဏ်ကျေးဇူးကို၊ အမြဲနှလုံးသွင်းပြီး အိပ်ရာဝင်တိုင်း၊ ရှိခိုးကန်တော့ဘို့တော့ မှာချင်တယ်၊ ဖေဖေ့အနေနဲ့၊ ကျန်းမာရေးကောင်းလို့သာအလုပ်လုပ်နေပေမဲ့၊ လူတစ်ယောက်ရဲ့၊ အရွယ်သုံးပါးမှာ၊ တတိယအရွယ်ရောက်လို့၊ သေဖက်ကို၊ နီးနေပြီဖြစ်ပါတယ်၊ ငါ့အနေနဲ့ အလိုချင်ဆုံး၊ တောင့်တဆန္ဒရှိတာ တစ်ခုဘဲရှိပါတယ်၊ ငါမသေခင် မင်းနဲ့၊ တွေ့မြင်ရပါ စေဆိုတာဘဲ၊ လက်ရှိအခြေအနေအရ၊ မင်းကိုတွေ့မြင်ခွင့်မရနိုင်သေးသော်လည်း မသေခင်၊ တစ်ကြိမ်မျှလောက်တော့၊ တွေ့မြင်ခွင့်ရပါလို၏လို့၊ ဘုရားရှိခိုးတိုင်း၊ ဆုတောင်းခဲ့ပါတယ်၊ ငါ့ဆုတောင်းပြည့်လိမ္မည်လို့လဲ၊ မျှော်လင့်ထားတုံးဘဲ၊ မင်းမိန်းမကိုလည်း၊ ဖေဖေ၊ မေမေတို့က၊ သဘောတူ၊ အသိအမှတ်ပြုတယ်လို့ ပြောလိုက်ပါ၊

ကျမ္မာပါ၏ – ကျမ္မာကြစေရန်ဆုတောင်းပါသည်။

(ဖခင်လက်မှတ်)
၇.၁.၉၃


 

 

ကျွန်တော့်ဖခင် ၈.၁၀.၁၉၉၇ နံနက် ၂း ၂၅ မှာ ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။
အဖေ့ဆုတောင်းမပြည့်ခဲ့ပါ။
အဖေ့မျှော်လင့်ချက် မပြည့်ဝခဲ့ပါ။
အဖေ ကောင်းရာသုဂတိသို့ လားပါစေ။

ဌေးဝင်း (ဂျာမနီ)
၂၁.၁၂.၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts