မောင်စွမ်းရည် – မန်းတက္ကသိုလ် ကဗျာဆရာတဦး တက္ကသိုလ်မောင်ထွန်းဝေ (၁၉၃၃-၂၀၁၈)

December 18, 2018

 

မောင်စွမ်းရည် – မန်းတက္ကသိုလ် ကဗျာဆရာတဦး တက္ကသိုလ်မောင်ထွန်းဝေ (၁၉၃၃-၂၀၁၈)

(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၈

ကျွန်တော်တို့ မန္တလေးတက္ကသိုလ်က စာရေးဆရာတွေတော်တော်များများ ထွက်ပေါ်ခဲ့တာပါကလားလို့ တွေးမိပါတယ်။

မန်းတက္ကသိုလ်မဖြစ်ခင်က ရန်ကုန်တက္ကသိုလ်ရဲ့လက်အောက်ခံ ဒေသကောလိပ်ပေါ့။ ဒေသကောလိပ် ကာလအစမှာပဲ ဦးသိန်းဖေမြင့်၊ ဇေယျာမောင် (မန်းတက္ကသိုလ်ကျောင်းအုပ်ကြီး ဦးကိုလေး)၊ ဒေါက်တာ ထွန်းရွှေ၊ ဒေါ်အုန်း၊ ဒေါ်အမာတို့စတဲ့ စာရေးဆရာတွေကို မွေးထုတ်ပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ် လိုက်တော့အတော်ခြားသွားခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးစနောက်မှာတော့ မောင်သာရ၊ မောင်သာနိုး (မောင်သိင်္ဂါ)၊ မောင်ပေါက်စည်)မန်းတက္ကသိုလ်)၊ တက္ကသိုလ်ဝင်း၊ တက္ကသိုလ်မောင်ထွန်းဝေ၊ မောင်အောင်သျှန်၊ ဘုတလင်ချစ်လေး စတဲ့ကလောင်ရှင်တွေကို မွေးထုတ်ပေးခဲ့ပါတယ်။

ဒီနောက်ခေတ်ကတော့ ကျွန်တော်တို့ရဲ့ခေတ်ဖြစ်ပြီး ပိုများလာပါတယ်။ တင်မိုး၊ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ညွန့်အေး(အင်းဝ)၊ ပင်းယဌေး၊ ပင်းယမွှေး၊ အရိုင်း(ရွှေမန်းညာမြေ)၊ ဂုဏ်ထူးသိန်းနိုင်၊ ဓမ္မ၀တီမောင်ငွေစန်း၊ စောလူ၊ မောင်စွမ်းရည်၊ ရွှေဘိုတူးမာ၊ မောင်သီလာ၊ သလ္လာမောင်သင်းရီ(ဇော်ဇော် အောင်) စသဖြင့် တော်တော်များများပါတယ်။ ဒီနှစ်တွေအတွင်းမှာ တင်မိုးရဲ့ ဖလ်မီးအိမ် ကဗျာစာအုပ်လေး ထွက်ပေါ်လာပြီး စာပေဗိမာန်ဆုရတယ်။ (၁၉၅၈) မှာပေါ့။ ဒီတော့မှ တင်မိုးရဲ့ရှေ့က နောင်တော်ကဗျာဆရာ တွေ ဖြစ်ကြတဲ့ တက္ကသိုလ်ထွန်းဝေ၊ ဘုတလင်ချစ်လေး၊ မောင်ပေါက်စည်တို့ပါ ကဗျာစာအုပ်အဖြစ် ကဗျာစုလေးတွေ ရဲရဲဝံ့ဝံ့ပြန်လည်ထုတ်ဖြစ်လာခဲ့ကြပါတယ်။ တင်မိုးကစပြီး အမျိုးသားစာပေဆုရလာကြတာ လည်း ဆက်တိုက်ပါ။ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး(အင်ဝဂုဏ်ရည်)၊ ဘုတလင်ချစ်လေး တဲ့။ တင်မိုးက “ဖလ်မီးအိမ်” ကဗျာနဲ့ ဆုရပြီးနောက် ကလေးကဗျာတွေ ဆက်ထုတ်တယ်။ ကလေးကဗျာဆု ရပြန်တော့ မန္တလေးတက္ကသိုလ်ကပဲ မုံရွာဝင်းဖေ၊ မောင်သန်းဌေး၊ မောင်မျိုးမြတ်၊ ရေဦးမြင့်မောင်၊ မောင်မျက်သျှင်၊ မောင်စန်းသော် စတဲ့ ကျောင်းသားကဗျာဆရာတွေက ကဗျာစာအုပ်လေးတွေ ဆက်ထုတ်ကြ ပြန်တော့ မောင်သန်းဌေး၊ မောင်မျိုးမြတ် ညီအကိုက ကလေးကဗျာ ပထမနဲ့ ဒုတိယဆု အသီးသီးရကြပြီး မုံရွာဝင်းဖေက တတိယဆုရတယ်။ (ခုနှစ်တူပါ။)

သူတို့နောက်မှာ ဂျူး၊ နုနုရည်(အင်းဝ)၊ နန်းတော်ရှေ့ မဝင်းမြင့်၊ မဝင်း(မြစ်ငယ်) စသဖြင့်ကျောင်းသူ ကလောင်ရှင်တွေ အစုတစု ပေါ်ထွက်လာပြန်ပါတယ်။ နုနုရည်(အင်းဝ)က အမျိုးသားစာပေဆုရတယ်။ အဲ့နောက်က အစုထဲကလည်း ညီပုလေးက ဆုရပြန်တယ်။ ဒီအခါမှာတော့ လမ်းကြောင်းက ပြောင်းသွားပြီ။ ဝတ္ထုရှည်ဆုတွေချည်း ရကြပြန်တယ်။ ခုလို စာပေဆုတွေ ရကြပြန်တော့ ကိုယ့်တက္ကသိုလ်အတွက် ဂုဏ်ယူမိတာ အမှန်ပါ။ မဆန်းဘူးလေ။ ဒါပေမဲ့ အခုလိုဂုဏ်ယူကြောင်း ထထပြီးပြောပြန်တော့ တချို့ကလည်း မျက်စိနောက်မှာပေါ့နော်။ မတက်နိုင်ဘူးလေ။(ကိုကိုးကျွန်းပြန်တွေ ဘယ်နှစ်ယောက် ဆိုတာတောင် ရေတွက် နေသေးတာပဲ။ “ထောင်ဆု”လည်း ဂုဏ်ယူနေပြန်ပြီလို့ ပြောကြမှာစိုးလို့ အောင့်ထားရပါတယ်။)

ဆုရတာ မရတာ အပထားပြီး ကျွန်တော်တို့ရဲ့ မန်းတက္ကသိုလ်ကျောင်သားတွေထဲက ဘယ်နှစ်ယောက် ဆုရပြီလဲ၊ ကဗျာစာအုပ် ဘယ်နှစ်အုပ်ထွက်ပြီလဲ စသဖြင့် လူငယ်ခြေတက်တွေက အရင်လုပ်ကြည့်ကြစေချင် တယ်။ ကျွန်တော်က ပြည်ပမှာဆိုတော့ ကိုးကားစရာတွေ စနစ်တကျလုပ်ဖို့ မလွယ်လှလို့ အောင့်အည်းထားရ ပါတယ်။ (လူထုစာကြည့်တိုက်က ကိုအောင်မြင့်ဦး လုပ်ပေးစေချင်ပါတယ်။ ပန်ကြားပါရစေ။) ဝတ္ထုရေးရာမှာ ဂျူးတို့၊ နုနုရည်(အင်းဝ)တို့လို ထူးချွန်ထက်မြတ်သူတွေ ထွက်ပေါ်လာပေမယ့် ကဗျာစာအုပ်ထုတ်တဲ့ ကျောင်းသူတော့ မကြားမိသေဘူး။ နုယဉ်၊ ငွေတာရီ၊ နွယ်(စစ်တွေ) တို့လို ကဗျာဆရာမတွေ မန်းတက္ကသိုလ်က မထွက်ဘူးနော်။

“ဘဝ” ဆိုတဲ့ ကဗျာစာအုပ်လေးတအုပ် ကြားဖူးကြရဲ့လား။ ၁၉၆၂ လောက်ကဆိုတော့ ကြာပြီပေါ့။ အဲဒီကဗျာစာအုပ်ကို ထုတ်ဝေသူ ကဗျာဆရာကတော့ တက္ကသိုလ်မောင်ထွန်းဝေ တဲ့။ မနေ့တနေ့ကပဲ ကွယ်လွန်ရှာတယ်။ သူက ရှေ့နေကြီး ဦးထွန်းဝေလေ။ မောင်ပေါက်စည်တို့၊ မောင်သာနိုးတို့နဲ့ ကျောင်းနေဘက် သူငယ်ချင်းပေါ့။ မောင်သာနိုး၊ မောင်ထွန်းဝေ နဲ့ တင်မိုးတို့က ရွယ်တူတွေပါ။ သူကွယ်လွန်တော့ အသက်အရွယ်က ၈၅ နှစ်တဲ့။ ခုတော့ သူကွယ်လွန်ကြောင်းကို မန္တလေးက ကျော်ရင်မြင့်နဲ့ သိုက်ထွန်းသက် တို့က ချက်ခြင်းပဲ ပြိုင်တူသတင်းပို့လိုက်ကြလို့ သူတို့ဆီကိုပဲ သတင်းအသေးစိတ်ပြန်မေးပြီး ဒီဆောင်းပါးကို ရေးလိုက်ရတာပါ။ သိုက်ထွန်းသက်ကတော့ မောင်ထွန်းဝေရဲ့ အတ္ထုပ္ပတ္တိအကျဉ်း စာရွက်ကလေး တမျက်နှာကို ချက်ခြင်း ကူးပို့လိုက်တယ်။ ဒါနဲ့ ချက်ခြင်း ပြန်မေးလိုက်တယ်။ ဟ … ဘယ်လိုရသလဲလို့။ နေထွတ်ရဲ့ မန္တလေးအဘိဓာန်က တဲ့။ နေထွတ်ကိုရော၊ သိုက်ထွန်းသက်ကိုပါ ကျေးဇူးတင်လိုက်တာ။

တက္ကသိုလ်ထွန်းဝေဆိုတာ မန္တလေးဆိုင်းတန်းရပ်၊ ပဲပုပ်တန်း၊ ရွှေကုန်သည် ဦးရှင်း ၊ ဒေါ်အမ တို့က ၁၂၉၅၊ သီတင်းကျွတ် လပြည့်ကျော် ၁၁၊ စနေနေ့ မှာ မွေးဖွားသူဖြစ်တယ်လို့ ခုမှ အသေအချာသိရပါတယ်။ အထူးသတိထားမိတာက သူဟာ မန္တလေးသား စစ်စစ်ပေါ့။ မောင်သာရတို့၊ မောင်မိုးသူတို့က သူတို့ဟာ မန္တလေးသား စစ်စစ်တွေဆိုပြီး ဂုဏ်ယူလေ့ရှိပါတယ်။ တယောက်က နာရီစင်ကြီး ဖက်မွေးတာဆိုလို့ဆို။ တယောက်က ဈေးချိုတော် ခေါင်မိုးပေါ်မှ မွေးတာလို့ ပြောလို့ပြော။ ဦးထွန်းဝေကတော့ “ရွှေဆိုင်”ပေါ် မွေးတာလို့ ပြောမှာပေါ့။ မန္တလေး ဈေးချိုတော်၊ ရွှေဆိုင်တန်းဆိုတာ ဆရာကြီးမဟာဆွေ၊ ဆရားကြီးမျိုးမြင့်လွင် တို့ ဝတ္ထုတွေမှာ နာမည်ကျော်တွေပ။ ဦးထွန်းဝေက အသားဖြူဖြူ သွယ်သွယ်နွဲ့နွဲ့လေးရယ်။ မောင်သာနိုး၊ တင်မိုး၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ ဂုဏ်ထူးသိန်းနိုင်တို့လို ညိုတိုတိုမဟုတ်ဘူး၊ တချို့က အညာသားဆိုတာ ညိုညိုတုတ်တုတ်တွေချည်းလို့ ထင်တတ်တာကိုး။ “ရန်ကုန်အကြွား၊ မော်လမြိုင်အစား၊ မန္တလေးစကား” လို့ ဆိုရိုးရှိပေမယ့် ရှေ့နေဖြစ်တဲ့ ဦးထွန်းဝေဟာစကားကို များများပြောနေတာ တခါမှ မကြုံခဲ့ရဘူးပါ။

ဦးထွန်းဝေဟာ တင်မိုးနဲ့ တနှစ်တည်းမွေးသူတွေပါ။ မောင်ပေါက်စည်တို့ မောင်သာနိုးတို့နဲ့လည်း ရွယ်တူတန်းတူပေါ့။ သူ ၁၀ တန်းအောင်လို့ တက္ကသိုလ်ရောက်တော့ ၁၉၅၃ တဲ့။ ကျွန်တော် သတ္တမတန်း အောင်တဲ့နှစ်ပေါ့။ သူဘွဲ့ရတဲ့ ၁၉၅၆ ကျမှ ကျွန်တော်နဲ့အတူ မောင်မိုးသူ၊ ကြည်အောင် တို့ တက္ကသိုလ်ရောက် ကြတာ။ ၁၉၆၀ မှာ ဦးထွန်းဝေဟာ ရန်ကုန်တက္ကသိုလ်မှာ ၂ နှစ်နေခဲ့ပြီး ဥပဒေဘွဲ့ ယူခဲ့တာ။ ဥပဒေဘွဲ့တို့၊ ပညာရေးဘွဲ့တို့၊ ဆရာဝန်ဘွဲ့တို့ဆိုတာ အဲဒီကာလမှာ ရန်ကုန်သွားမှ ရနိုင်တာဖြစ်ပါတယ်။ ရှေ့နေလုပ်စမှာပဲ တဖက်ကလည်း အလွတ်ကျောင်းမှာ စာပြခဲ့သေးတာလည်း အဲဒီခေတ်ရဲ့ ထုံးစံပါပဲ။ ကျွန်တော်တို့ သူငယ်ချင်းတွေအားလုံး အလွတ်ကျောင်းတွေမှာ စာပြခဲ့ဖူးကြတာချည်းပါ။ အဲဒီကာလမှာ ၁၉၅၃ က အောက်တိုဘာ ကျောင်းတလပိတ်ရေး ကျောင်းသားလှုပ်ရှားမှုမှာ ခေါင်းဆောင်ခဲ့လို့ ကိုသာနိုးကို အဖမ်းခံခဲ့ရာက ပြန်လွတ်လာတဲ့နှစ်ပေါ့။ ကိုသာနိုး၊ မုံရွာတင်ရွှေ တို့လို ကျောင်းသားဟောင်းကြီးတွေနဲ့အတူ မောင်မိုးသူ၊ မောင်စွမ်းရည်တို့လည်း မန်းတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ အမှုဆောင်လုပ်နေကြတော့ တက္ကသိုလ် ဆီးနိတ်အဖွဲ့မှာ ကျောင်းသားတွေရဲ့ ကိုယ်စားလှယ် တောင်းတဲ့အခါ ရှေ့နေကြီးဦးထွန်းဝေကို ကိုယ်စားလှယ်အဖြစ် ပေးခဲ့ကြပါတယ်။ လူထုဦးလှက မြို့မိမြို့ဖ ကိုယ်စားလှယ်တဦးအဖြစ်နဲ့ ဆီးနိတ်မှာ ပါဝင်ခဲ့ပါတယ်။ ဦးထွန်းဝေဟာ ကျွန်တော်တို့ကိုယ်စားလှယ်အဖြစ် ၃-၄ နှစ်လောက် ဆောင်ရွက်ရတယ် ထင်ပါတယ်။ အတိအကျတော့ မမှတ်မိတော့ပါ။

အဲဒီကာလမှာ မန္တလေး-ရန်ကုန်၊ ကဗျာလောကမှာ ကဗျာဆရာ၊ ကဗျာစာအုပ်တွေ တဦးချင်း၊ သီးခြား ထုတ်နေကြတာ အလေ့အထမရှိသေးပါဘူး။ မန္တလေးတက္ကသိုလ်မှာ လုံးချင်းကဗျာစာအုပ် စရောက်တာက ၁၉၅၈ ခုနှစ်မှာ တင်မိုးက စထုတ်ခဲ့တာပါ။ မန်းတက္ကသိုလ်က ကလောင်ရှင်အသင်း စာစဉ် အမှတ် (၁)အဖြစ် စတင်ပုံနှိပ် ထုတ်ဝေခဲ့တာပါ။ အတွင်းရေးမှူးက ဂုဏ်ထူသိန်းနိုင်ပါ။ ပွဲဦးထွက်ထုတ်တဲ့ တင်မိုးရဲ့ “ဖလ်မီးအိမ်” ကဗျာစာအုပ်ကလေးဟာ ပွဲဦးထွက် စာပေဗိမာန်ဆုကို ရရှိခဲ့ပါတယ်။ နောက်ထပ် နှစ်စဉ်ဆိုသလို ဆက်လက်ထုတ်ဝေခဲ့တဲ့ ကြည်အောင်၊ မောင်စွမ်းရည်၊ တင်မိုး၊ မောင်သန်းဌေး၊ မောင်မျိုးမြတ် တို့ရဲ့ ကလေးကဗျာစာအုပ်များလည်း စာပေဗိမာန်ဆုက အမည်ပြောင်းလိုက်တဲ့ အမျိုးသားစာပေဆုတွေကို ဆက်တိုက် ရရှိခဲ့ကြပါတယ်။ ဒီအခါကျမျ ကျောင်းသားကြီးတွေရဲ့ ကဗျာစာအုပ်တွေလည်း လုံးချင်းကဗျာ စာအုပ်အဖြစ် ထုတ်ဝေလာကြပါတော့တယ်။ မောင်ပေါက်စည်(မန်းတက္ကသိုလ်)၊ တက္ကသိုလ် မောင်ထွန်းဝေ စတဲ့ “စီနီယာ” ကြီးတွေရဲ့ ကဗျာစာအုပ်တွေဟာ သူတို့တတွေက တက္ကသိုလ်ပြင်ပမှာ အလုပ်လုပ်နေကြ တော့မှ ထုတ်ဝေခဲ့ကြတာပါ။
တက္ကသိုလ်မောင်ထွန်းဝေရဲ့ လုံးချင်းကဗျာစာအုပ်က မန္တလေးတောင်ခြေက ပုံနှိပ်တိုက်မှာ ရိုက်တာတဲ့။ စာအုပ်အမည်က “ဘဝ” ကဗျာများတဲ့။ တင်မိုးရဲ့ ဖလ်မီးအိမ် ကဗျာစာအုပ် ထုတ်ဝေစဉ်က တင်မိုးနဲ့ ကျွန်တော် နှစ်ယောက်သား မြန်မာစာ ပါမောက္ခ ဦးချမ်းမြ အိမ်ကိုသွားပြီး အမှာစာတောင်းခဲ့ကြဖူးပါတယ်။ ဆရာကြီးက ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ တို့နဲ့အတူ ခေတ်စမ်းခေတ်ကတည်းက မြကေတု ကလောင်အမည်နဲ့ ကဗျာတွေရေးလာခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီခေတ်က မြန်မာစာ ပါမောက္ခအနေနဲ့ တပ်ဦးကျောင်းသားတွေကို အားပေးရင် အထက်က ငြိုငြင်မှာစိုးဟန်ရှိပါတယ်။ ရေးမပေးလိုက်ပါ။ တက္ကသိုလ်မောင်ထွန်းဝေကိုတော့ ကျောင်းပြင်ပရောက်နေသူဖြစ်လို့ ထင်ပါတယ်။ အမှာစာ ရေးပေးလိုက်ပါတယ်။

တက္ကသိုလ်မောင်ထွန်းဝေဟာ ရှေးရိုးသမား၊ ဂန္ထ၀င်သမား ဖြစ်ပါတယ်။ မြန်မာကဗျာမှာ ကာရံမပါရင် ကဗျာမဟုတ်တော့ဘူးလို့ စိုက်လိုက်မတ်တတ် ပြောဆိုလာသူဖြစ်ပါတယ်။ သူ့ကဗျာတွေဟာ ကာရန်စနစ်နဲ့ အသေအချာရေးဖွဲထားတာတွေဖြစ်ပါတယ်။ ဆုရကဗျာတွေကလည်း ကာရန်စနစ်နဲ့ ရေးကြတာချည်းဖြစ် ပါတယ်။ သူ့ကဗျာစာအုပ်ထုတ်တဲ့ ၁၉၆၂ လောက်က ကာရံမဲ့ကဗျာဆိုတာမျိုးလည်း မပေါ်သေးပါဘူး။ သူက အတွေးအမြင်က နည်းနည်းရိုးပါတယ်။ ဒါကြောင့်ထင်ပါရဲ့ မန်းတက္ကသိုလ်က ဆုရကဗျာစာအုပ်တွေနဲ့ တဆက်တည်း ထုတ်ပေမယ့် ဆုမရခဲ့ပါ။ သူလည်း နောက်ထပ် ကဗျာစာအုပ် မထုတ်ဖြစ်တော့ပါ။

မကြာခင် ကျွန်တ်ာတို့တတွေ ရန်ကုန်ပြောင်းကြတော့ သူကျန်ရစ်ပါတယ်။ ၁၉၈၄-၈၅ လောက်မှာ သူ့ရဲ့သူငယ်ချင်း မောင်ပေါက်စည် ရန်ကုန်မှာ ခရစ်ယာန်သာသနာပိုင်ချုပ်ဖြစ်တော့ မောင်ပေါက်စည်ရဲ့အိမ်ကို အလည်လာခိုက် ကျွန်တော်နဲ့ ခေတ္တခဏ ပြန်ဆုံပါသေးတယ်။ ၂၀၁၆ မှာတော့ သူငယ်ချင်းမောင်သာနိုးက တသက်တာစာပေဆု ရပါတယ်။ ညီပုလေးက ၀တ္ထုရှည်ဆု၊ သစ်ရာကောက် မောင်တင်စိုးက ကဗျာဆု ရပါတယ်။ ဆုရသူတွေကို ဂုဏ်ပြုပွဲမှာ ဒေါက်တာ ခင်မောင်ညွန့်၊ ကိုလေး(အင်းဝဂုဏ်ရည်) နဲ့ မောင်စွမ်းရည် တို့လို ဆုရသူလူဟောင်းများကိုလည်း အတူဖိတ်ကြားပြီး ပင်မ မန်းတက္ကသိုလ်ကျောင်းသား ဟောင်းများက ဂုဏ်ပြုပွဲလုပ်တာဖြစ်ပါတယ်။ သူလည်း ကျောင်းသားဟောင်းအနေနဲ့ ကြွရောက်လာပါတယ်။ ဂုဏ်ပြုခံပုဂ္ဂိုလ် တစုနဲ့အတူ စကားဝိုင်းဖွဲ့ ပြောကြပါတယ်။ အဲဒါဟာ သူနဲ့ကျွန်တော်တို့ နောက်ဆုံးတွေ့ဆုံခြင်းပါပဲ။

ခုအခါ မန္တလေး နေ့စဉ်မှာ မန်းတက္ကသိုလ်ကလောင်ရှင်အသင်း စာပေလှုပ်ရှားမှုတွေကို အားရပါးရ စားမြုံပြန်နေပါတယ်။ ကျွန်တော်တို့မသိတာတွေလည်း သူရေးမှ သိရတာတွေ အများကြီးပါ။ ဆောင်းပါးတွေရေးလာတာ ၁၇ ပုဒ် ရှိသွားခဲ့ပါပြီ။ အပြီးမသတ်ခင် ကွယ်လွန်သွားခဲ့ရှာပါတယ်။ ကျော်ရင်မြင့် ပို့ပေးလို့ ကျွန်တော်လည်း အဆက်မပြတ် ဖတ်နေတာပါ။ မန်းတက္ကသိုလ် ကလောင်ရှင်အသင်းကို ဘယ်သူတွေက ဘယ်နေ့ဘယ့်ရက်မှာ ဘယ်လိုထူထောင်ခဲ့တယ်ဆိုတာ သေချာမေးပေးပါလို့ ကျော်ရင်မြင့်ကို ကျွန်တော်လှမ်းပြောထားပါတယ်။ သူ့ဆောင်းပါးတွေထဲမှာ သူရေးသွားခဲ့သလား အသေအချာ မသိပါ။ ကျွန်တော်က မျက်စိမကောင်းလို့ တချို့ကို တယ်လီဖုန်း မက်ဆေ့အဖြစ်ဖတ်တဲ့အခါ စေ့စေ့စပ်စပ် မဖတ်နိုင်လို့ စာအုပ်ထုတ်မှာ သေချာဖတ်မယ်။ စာအုပ်အဖြစ် ချက်ခြင်းထုတ်ပါလို့ လှမ်းပြီး မက်ဆေ့ပို့ တိုက်တွန်းထားပါတယ်။

ခုတော့ ကျောက်ကပ်ရောင်လို့ ဆေးရုံတက်ရသတဲ့။ ဆေးရုံမှာပဲ ကွယ်လွန်ခဲ့ရှာ ပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့၊ ည ၁၀ နာရီက မြို့တော်ဆေးရုံမှာပဲ ဆုံးသတဲ့။ သူမကွယ်လွန်ခင်က သူ့ခန္ဓာကိုယ်ကို ဆေးတက္ကသိုလ် ခန္ဓဗေဒဌာနကို လှူပေးခြဲ့တာဆိုတော့ နံနက် ၉း၃၀ မှာ ယူသွားရတော့မှာပါ။ သူ့အိမ်က အသုဘပို့ဆောင်တာမျိုး မလုပ်နိုင်တော့ပဲ ရက်လည်၊ လလည် စတဲ့ အမှတ်တရပွဲ၊ သပိတ်သွတ်ပွဲများပဲ လုပ်ပါလိမ့်မယ်။ အသက်က ၈၅ နှစ်တဲ့။ သားသမီး ၄ ယောက်ကျန်ခဲ့သတဲ့။

သူ့ရဲ့ အခန်းဆက်ဆောင်းပါးတွေကို စာအုပ်ကလေးတအုပ်အဖြစ် အမှတ်တရ ထုတ်ဖို့ကောင်းပါတယ်။ သူ့ကဗျာစာအုပ် “ဘဝကဗျာများ” ကို ပြန်လည် ပုံနှိပ်ထုတ်ဝေရင်း သူ့ဆောင်းပါးတွေကို နောက်ဆက်တွဲ ထည့်ရိုက်ဖို့ သင့်ပါတယ်။ သူ့ဆောင်းပါးကိုတော့ ဆက်လက်ပြီး အသေအချာရေးနိုင်သူက မန်းတက္ကသိုလ် ကလောင်ရှင်အသင်းမှ ဥက္ကဋ္ဌတို့ ၊ အတွင်းရေးမှူးတို့ လုပ်ခဲ့တဲ့ ဂုဏ်ထူးသိန်းနိုင်ပဲ ရှိပါတယ်။ ဂုဏ်ထူး သိန်းနိုင်ကို ဆက်ရေးပါလို့ ပန်ကြားလိုက်ပါတယ်။

သူကွယ်လွန်သည်အထိ ကျွန်တော်တို့နဲ့တုန်းကလို နိုင်ငံရေးစိတ် မကုန်ရှာဘူး။ သူနေတဲ့ရွာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လုပ်နေတာတဲ့။ ဆက်ရှိနေရင်တော့ အမတ်ရွေးခံခိုင်းရမှာပါ။ တက္ကသိုလ် မောင်ထွန်းဝေ ဘဝ အဆက်ဆက် အောင်မြင်တဲ့ ကဗျာစာဆိုကြီးဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မောင်စွမ်းရည်
၂၀၁၈ နိုဝင်ဘာ ၁၈။ နယူးယောက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, မောင်စွမ်းရည်

Comments are closed.

Archives