ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ၂၂ ရာစုကောင်းမှု

ဆောင်းယွန်းလ ● ၂၂ ရာစုကောင်းမှု
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၈

ကိုယ့်မှာ
ကိုယ့်ယုံကြည်ရာနဲ့ ကိုယ်မို့ 
သူတို့ယုံကြည်မှုကို မသိကျိုးကျွံပြုနေလိုက်ရတယ်

ကိုယ့်ကိုယ်ကို ဘလက်စ် Bless မှ
အိပ်ယာထဲကထနိုင်မယ့် မနက်ခင်းတွေချည့်ဘဲ

တဲတဲလေးကျန်နေတဲ့ ကြိုးမျှင်ပေါ်ကို
ဘယ်တန်ခိုးတင်တင် အရာမထင်နိုင်ခြင်းအကြောင်း
ပြောလို့မကောင်းပြန်တော့လည်း
မျက်နှာကို အဝေးတနေရာရာဆီလွှဲထားခဲ့ရပေါ့

အိမ်အပြင်မှာတော့
တိမ်တဆင်စာနဲ့
မသကာင်္စရာကောင်းတဲ့ ဆောင်းက
တချိန်ချိန်မှာ နှင်းမုန်တိုင်းသယ်လာဖို့ကိုချောင်းနေပုံမျိုး

တောင်းတဲ့ဆုများ မပြည့်တဲ့အခါ
လမ်းမပေါ်မှာ သုံးလောင်းပြိုင်ယာဉ်တိုက်မှုသတင်းနဲ့လည်းတိုးတယ်
တန်ခိုးရှင်တွေရဲ့အလိုတော်အတိုင်း
မျက်ရည်နဲ့ကောင်းကင်ဘုံဟာ ဖွားဘက်တော်ဘဲ

ချော်လဲရာကို ရောမထိုင်တတ်တော့
လူအများစုနဲ့ခပ်ဝေးဝေးမှာနေထိုင်ရင်း
ကိုယ့်အနာကိုယ်ဆေးထဲ့လို့
ကိုယ့်သတင်းကိုယ်ပြန်မေးနေခဲ့မိတယ်

ကယ်တင်ရှင်ကို လိုက်ရှာတော့
မှန်ထဲမှာတွေ့ ခဲ့တယ်

မှန်ကိုကြည့်ရင်း
မှန်က မှားနေပါတယ်ဆိုသူတွေအတွက်တော့
စိတ်မကောင်းဖြစ်ရုံကလွဲလို့
ကိုယ်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts