ကဗျာ

ယံဇငြိဏ်း ● ကဗျာ ပြားပြီ

ယံဇငြိဏ်း ● ကဗျာ ပြားပြီ
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၈

လင်းသန့်​​ရေ
လွန်းအိမ်​​ရေ
သျှင်​ဇိုင်း​ရေ
ကဗျာ ပြားပြီ ငါ့ကဗျာ​တွေ​တော့ ပြားကုန်​ပြီ။

အ​နောက်​ကထွက်​လာတဲ့​နေ​ပေါ် မတ်​မတ်​ရပ်​ပြီးကခုန်​ရင်း
စုန်းတစ်​​ကောင်​လိုစကားလုံး​တွေ​ပေါ် ဗိုလ်​ကျခဲ့ဖူးတာ မှတ်​မိကြလား
ကဗျာဆိုတာ ​ရေးဖို့ပဲလိုတာလို့ ကိုယ့်​ဒိုင်​ယာရီထဲ ကိုယ့်​ဘာသာအတင်းချ​ရေးပြီး
ကိုယ့်​အူ​တွေ ကိုယ်​တိုင်​ပြန်​ပြီးဆွဲထုတ်
အ​ရေပြား​တွေကအစ ဆံသား​တွေအဆုံး ကဗျာ ကဗျာ ကဗျာနဲ့
ကဗျာ ကမ္မဝါဖတ်​ခဲ့
ကမ္ဘာကြီးဟာ ကဗျာကြီးဖြစ်​ခဲ့ ကဗျာကြီးဟာ ဘဝကြီးဖြစ်​ခဲ့
ကဗျာအပြားကြီး​ကိုဖြန့်​ခင်းပြီး ကဗျာတရားဓမ္မ​တွေအားထုတ်​ခဲ့
ကဗျာအာနာပါနရှုခဲ့ ကဗျာသရဏံ ဂစ္စာမိခဲ့ ကဗျာဝိပဿနာ​တွေအားထုတ်​ခဲ့
ကဗျာနဲ့ ​လောကရဲ့ထွက်​လမ်းကို ကြက်​လိုယှက်​ပြီးရှာခဲ့
ငါ မသိခဲ့ဘူး ကဗျာအပြားကြီးက လှိုင်းလုံးလို ငါ့ကမ်းကိုအုပ်​မိုးလာခဲ့တာ
ငါ မသိခဲ့ဘူး ကဗျာ​သောကထဲမှာ ငါကိုတည်​​ဆောက်​ဖို့ကြိုးစား​နေမိတာ
ငါ မသိခဲ့ဘူး ကဗျာသာသနာပြုဖို့ ငါအလံကိုလွှင့်​ထူခဲ့မိတာ
ငါ မသိခဲ့ဘူး ငါမသိခဲ့တာ​တွေငါပြန်​သိချိန်​မှာ ငါဟာ​ပျောက်​သွားခဲ့ပြီ
လင်းသန့်​​ရေ… ကဗျာထက်​​ကောင်းတဲ့အရာကို မင်း ရှာ​တွေ့သွားရင်​ ငါ့ကို​ပြောဦး
လွန်းအိမ်​​ရေ .. သျှင်​ဇိုင်း​ရေ… ကဗျာထက်​ မြတ်​တဲ့အရာရှာတွေ့တဲ့အခါ ငါ့ကိုအသိ​ပေးဦး
ငါ သတိထားမိလာပြီ
ကဗျာဟာ ဘဝမဟုတ်​ဘူး ဘဝဟာ ကဗျာမဟုတ်​ဘူး
ကဗျာဟာ ငါမဟုတ်​ဘူး ငါဟာ ကဗျာမဟုတ်​ဘူး
ကဗျာနဲ့ငါ မတန်​ပါဘူးကွာ
ငါဆိုတဲ့​ကောင်​က ကဗျာမှာပါရမီမရှိတဲ့​ကောင်
ကဗျာသရဏဂုံမမြဲ​တော့ ကဗျာငရဲကျခဲ့တဲ့​ကောင်
ကဗျာပါရာဇိက ကျခဲ့တဲ့​ကောင်
ကဗျာအ​ပေါ်မှာ သစ္စာရှိကျေးကျွန်​လို မကျိုးနွံခဲ့တဲ့​ကောင်​​ပေါ့
ကဗျာပြားသွားပြီ
ငါ့မျက်​စိ​ရှေ့က ကဗျာလုံးကြီးဟာ တဖြည်းဖြည်းနဲ့ပြားလိုက်​လာပြီ
ကြယ်​မှုန်​ကြယ်​မွှား​တွေ​လောက်​​တောင်​ မလင်းလက်​​တော့တဲ့ ငါ့ကဗျာကြီးဟာ
နီဝါပြာ​ရောင်​စုံတရား​တွေနဲ့ ပြားသွားပြီ
လင်းသန့်​ရေ … ကဗျာပြားပြီကွာ
ငါ​တော့ ကဗျာမိစ္ဆာဒိဋ္ဌိလုပ်​​တော့မယ်
မင်းလို game ​တွေပဲ​ ဆော့​တော့မယ်
ကဗျာမိစ္ဆာဒိဋ္ဌိဂိုဏ်းထဲဝင်​ပြီး ကဗျာနဲ့​ဝေးရာ​ပြေး​တော့မယ်
ကဗျာပြားပြီ ကဗျာပြားပြီ ကဗျာပြားပြီ သူငယ်​ချင်းတို့
ကဗျာဟာ ငါ့ကိုမကာကွယ်​နိုင်​​တော့ဘူး
ကဗျာဟာ ငါ့ကိုနိဗ္ဗာန်​ပို့မ​ပေးနိုင်​ဘူး
ကဗျာပြားပြီ
ကဗျာ ပြား ပြီ
က ဗျာ ပြား ပြီး ​ငါ့လူ​တွေ​ရေ။

ယံဇငြိဏ်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts