K ငြိမ်းချမ်း သတင်းပဒေသာ

၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ

 

၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ
K (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၈

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီမှ ၂၀၁၇ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသား စာပေ ဆုချီးမြှင့်ရန် ရွေးချယ်ခြင်းခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို နိုဝင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆုရရှိသူများနှင့် စာအုပ်များမှာ

ဝတ္ထုရှည်ဆုတွင် လူခါး ရေးသားသည့် မြန်မာပြည်အပြင်ဘက်စာအုပ် (၇၇၇၇ စာပေတိုက်)၊

ဝတ္ထုတို ပေါင်းချုပ်ဆုတွင် တင့်ဇော် ရေးသားသည့် အရသာမတူသော ပန်းသီးများ စာအုပ် (လင်းလွန်းခင် စာပေတိုက်)၊

ကဗျာဘာသာရပ်ဆုတွင် မနီတာ ရေးသားသည့် အင်းဝသို့ရင်ခုန်ခြင်း ကဗျာရှည်စာအုပ် (ခြူးခြူးစာပေတိုက်)၊

စာပဒေသာဆုတွင် တင်ညွန့် ရေးသားသည့် ကျောင်းဆရာ မှတ်တမ်းစာအုပ် (မောက္ခစာပေတိုက်)၊

ကလေးစာပေဆုတွင် စံပယ်ဖြူနု ရေးသားသည့် ပါလေရာအယ်နီစာအုပ် (ကံ့ကော်ဝတ်ရည်စာပေတိုက်)၊

ဘာသာပြန်(သုတ)ဆုတွင် လင်းထက်ဆွေရေးသားသည့် ဟိမဝန္တာခရီးသည်၏ဆေးဘုရားရှာပုံတော်စာအုပ် (စွယ်တော်စာပေတိုက်)၊

ဘာသာပြန်(ရသ)ဆုတွင် တင့်ဇော် ရေးသားသည့် အာရှဝတ္ထုတိုများစာအုပ် (စာနဒီ စာပေတိုက်)၊

သုတပဒေသာ(ဝိဇ္ဇာ) ဆုတွင် ဆင်ဖြူကျွန်းသန်းထွန်း ရေးသားသည့် ပြည်သူဗဟိုပြု ဝန်ဆောင်မှုများဆီသို့စာအုပ် (Quality Publishing House စာပေတိုက်)၊

နိုင်ငံရေး စာပေဆုတွင် မောင်မောင်စိုး ရေးသားသည့် မြောက်ဦးစစ်တမ်း စာအုပ် (ရွှေနဒီစာပေတိုက်)၊

အင်္ဂလိပ်ဘာသာ (သုတ) ဆုတွင် Dr.Khin Let Yar ရေးသားသည့် Burma’s Fate စာအုပ် (ဇွန်ပွင့်စာပေတိုက်)၊

ရသစာတမ်းဆုတွင် မောင်ရင့်မာ (ကျောင်းကုန်း) ရေးသားသည့် နွေနှောင်းတစ်ည၌ လရောင်နှင့်လေညင်းကို တွေ့ရှိခြင်းစာအုပ်(ဝန်ချ တောင်စာပေတိုက်) တို့ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုကိုတော့ စာရေးဆရာကြီး ဖိုးကျော့နှင့် စာပေပညာရှင် ဆရာကြီး ဦးထွန်းရီ (ရှေးဟောင်းသုတေသီ)တို့ရရှိခဲ့ပါတယ်။

အမျိုးသားစာပေ တစ်သက်တာဆုကို ၂၀၀၁ ခုနှစ်ကပင် စတင် ချီးမြှင့်ခဲ့ပြီး ဆုရရှိတဲ့ ပညာရှင်ကြီးတွေမှာ စည်သူဦးလှကြိုင် (ပါရဂူ) (ကွယ်လွန်)၊ စည်သူဦးထင်ဖတ် (မောင်ထင်) (ကွယ်လွန်)၊ စည်သူဦးဌေးမောင် (ဌေးမောင်)၊ စည်သူဦးလေးမြိုင် (လေးမြိုင်)၊ စည်သူဒေါ်ရင်ရင် (စောမုံညင်း)(ကွယ်လွန်)၊ စည်သူဒေါ်ကြန် (မကြန်)၊ စည်သူဦးကြည်အေး (ဆင် ဖြူကျွန်း အောင်သိန်း)၊ စည်သူဒေါက်တာကျော်စိန်(ကွယ်လွန်)၊ (စည်သူ ဒေါက်တာ ခင်မောင်ညွန့်၊ စည်သူဒေါက်တာ သော်ကောင်း၊ ဦးဝင်းမောင် (မင်းယုဝေ)၊ ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)၊ ဦးအောင်သင်း (အောင်သင်း) (ကွယ်လွန်)၊ ဦးတင်မောင်(သိပ္ပံမှူးတင်)(ကွယ်လွန်)၊ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ စည်သူဦးတင်လှိုင် (လယ်တွင်းသား စောချစ်)၊ ဦးမြင့်ကြည် (တက္ကသိုလ်မြတ်စိုး)၊ ဦးဝင်းဖေ(မြဇင်)၊ ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)၊ ဦးကိုလေး (ကိုလေး-အင်းဝဂုဏ်ရည်)၊ ဦးအောင်ခန့် (တက္ကသိုလ်ဝင်းမွန်) (ကွယ် လွန်)၊ ဦးတင်ခ (တက္ကသိုလ်တင်ခ)၊ ဦးကျောက် ဆောက်သာနိုး (မောင်သာနိုး)၊ ဦးသန်းထွန်း (သိန်းသန်းထွန်း)၊ ဦးကျော်ဝင်း (ညိုဝင်း) တို့ဖြစ်ပါတယ်။

အမျိုးသားစာပေဆုတွင် ယခင်က ကျပ်သုံးသိန်း ချီးမြှင့်ခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ကျပ်ငါးသိန်း ထိလည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် ကျပ် ၁၀ သိန်းထိ လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ကျပ် ၁၅ သိန်းထိလည်းကောင်း အဆင့်ဆင့် တိုးမြှင့်ခဲ့ပြီး ယခုနှစ်တွင် ကျပ် ၂၅ သိန်းသို့ တိုးမြှင့်ချီးမြှင့်မည် ဖြစ်ကြောင်း MOI Webportal Myanmar က ထုတ်ပြန်ပြောဆိုထားပါ တယ်။

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သောပုဂ္ဂိုလ် ၆၅ ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက်ခွဲခြားပြီး ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ် တကျ စိစစ်ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ်(၅၂၉-၅၃၁) ကုန်သည်လမ်း စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ တယ်လီဖုန်းအမှတ် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅x၇)လက်မ ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ် အတွင်း) ပေးပို့ရန် နှိုးဆော်ထားပါတယ်။ (ဓာတ်ပုံ- Shade)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts