(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၈
“ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုတဲ့ ကဗျာဆရာကြီး (ဆရာ) ဇော်ဂျီရဲ့ အသိပေးကဗျာစာသားလေးတခုရှိတယ်။ ဒီစာ သားကို ကဗျာဆရာက ကဗျာတပုဒ်အတွက် လိုအပ်နေတဲ့ ကဗျာပါဒပြီးအောင် သာမန်ရေးဖွဲ့ခဲ့တာမဟုတ်ဘဲ လူငယ်တွေ အတွက် တကယ်ကိုမျှော်ကိုးပြီး ရေးဖွဲ့ခဲ့တာပဲဖြစ်တယ်။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ ဆရာကြီးရေးခဲ့တဲ့ ကဗျာသဘော နဲ့ ကဗျာရည်ရွယ်ချက်ကြောင့်လို့ ပြောရင်ရတယ်။
ဒီအကြောင်းကို ဆရာကြီးက ၁၉၆၁ ခု၊ စာဆိုတော်နေ့မှာ ပြောခဲ့တာလည်း ဖြစ်တယ်။ အဲ့ဒီမှာ ဆရာကြီးရဲ ကဗျာ့သဘောနဲ့ ပတ်သက်ပြီး တင်ပြထားတဲ့ ဥပမာလေးကို သဘောကျမိပါရဲ့။ ဆရာကြီးက ကဗျာသဘောကိုပြောရရင် ”ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ အမောပြေအောင်တိုက်ပါ့မမ” ဆိုတဲ့ တတိယတန်း ”ဒိုးပတ်သံ-(သံချပ်)” စာသားကို ပြောပြပါတယ်။
အဲ့ဒီမှာ ဆရာကြီးက ”ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ အမောပြေအောင်တိုက်ပါ့မမ” ဆိုတာကို တခုချင်းရှင်းပြထားပါတယ်။ဘယ်လိုရှင်းပြထားလဲဆိုရင် “ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ” မှာ “ဖန်ပြာခွက်” ဟာ “ဖွဲ့နွဲ့ပုံ” (ပုံသဏ္ဌာန်) ဖြစ်ပြီး “ကျောက် စက်ရေ” ဟာ စိတ်ကူးဉာဏ်အပိုင်း” လို့ ဆိုထားပါတယ်။ ပြီးတော့ “အမောပြေအောင် တိုက်ပါ့မမ” ဆိုတဲ့အပိုင်းမှာ “မမ” သည် “ကဗျာဆရာ၊ စာရေးဆရာနှင့်တူပါသည်။” လို့နှိုင်းယှဉ်ပြပြီး သံချပ်ဝိုင်းတော်သားများဟာ ကဗျာဖတ်တဲ့ ပရိတ်သတ်နဲ့ တူတယ်လို့ နားလည်နိုင်ပါတယ်။ ဒါ့ကြောင့် “ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ အမောပြေအောင်တိုက်ပါ့မမ” ဆိုတဲ့အကြောင်း ခြုံငုံပြီးပြောရရင် ”မမသည် သံချပ်ဝိုင်းတော်သားများ အမောပြေအောင် ကျောက်စက်ရေကို ဖန်ပြာခွက်နဲ့ထည့်ပြီး တိုက် ကျွေးရန်ဖြစ်သလို ကဗျာဆရာ ကဗျာဖတ်တဲ့ပရိတ်တ်အား ဘဝအမောတွေပြေလာအောင် ကဗျာဖွဲ့ရန်ဖြစ်တယ်”လို့ ဆိုထားပါတယ်။
တဖန် ဆရာကြီးက “ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ” အကြောင်းကို ဆက်ရှင်းပြထားပါတယ်။ အထက်မှာတင်ပြခဲ့သလို “ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ” ဟာ “ဖွဲ့နွဲ့ပုံနဲ့ စိတ်ကူးဉာဏ်” ဖြစ်တဲ့အတွက် သူတို့နှစ်ခုကို ခွဲမရတဲ့အရာလို့ ယူဆပါ တယ်။ ဒါကိုပဲ ဆရာကြီးက စာဖတ်သူတွေနားလည်ဖို့ ခွဲပြလိုက်တဲ့အခါမှာ “ဖန်ပြာခွက်” က သက်သက်ကိုရသလို ဖွဲ့နွဲ့ပုံသက်သက် ကိုလည်း ရလာပါတယ်။
အဲ့ဒီလိုရလာတဲ့ ”ဖွဲ့နွဲ့ခြင်းဆိုတာ အပြောနဲ့သော်လည်းကောင်း၊ အရေးနဲ့သော်လည်းကောင်း ကိုယ့်စိတ်မှာရှိတဲ့သဘောကို သူ့စိတ်သို့ရောက်အောင် ပို့ခြင်းဖြစ်တယ်” လို့ ဆိုပြန်တယ်။ အဲ့ဒီလိုပို့တဲ့အခါမှာ ‘စကား’ ဟာ ကဗျာဆရာ၊ စာရေးဆရာတို့ရဲ့ ‘တန်ဆာပလာ’ ဖြစ်တယ်။ အဲ့ဒီတန်ဆာပလာကို အသုံးပြုတတ်ဖို့ …
(၁) အနက်ကိုမှန်အောင် ဖော်နိုင်ဖို့ သဒ္ဒါနည်း၊ ဝါကျဖွဲ့နည်း၊ (ကဗျာအတွက်) ကဗျာစပ်နည်း။
(၂) အနက်ကို ပြေပြစ်အောင်ဖော်နိုင်ဖို့ ဂုဏ်၊ ဒေါသ၊ သဒ္ဒါလင်္ကာရ။
(၃) အနက်ဆန်းကြယ်အောင်ဖော်နိုင်ဖို့ ဥပမာအလင်္ကာ၊ ရူပကအလင်္ကာ၊ အတ္ထာလင်္ကာရ ဆိုပြီး အချက်သုံးချက်ကို တင်ပြ ထားတယ်။
ဤတွင် ဆရာကြီးက သတိပြုစေလိုတဲ့ အချက်ချက်ကို တင်ပြလာပါတယ်။ဘာလဲဆိုတော့ “သဒ္ဒါနည်း၊ သဒ္ဒါလင်္ကာရနည်း၊ အတ္ထာလင်္ကာရနည်းတို့ကိုသိ၍ ကျွမ်းကျင်လိမ္မာစွာသုံးတတ်စေကာမူ စိတ်ကူးဉာဏ်မရှိလျှင် “ကဗျာဆရာမဖြစ်နိုင်” ဆိုပြီး သူ့အမြင်ကို ဓမ္မဓိဋ္ဌာန်ကျကျ တင်ပြထားတယ်။ ဤတွင် အဓွန့်တက်လာပါက ထိုသူဟာ “ကာရန်သမားမျှသာ” ဖြစ်တယ် ဆိုတာကို ‘ပန်းအတုနဲ့ ပန်းအစစ်’ သဘောနဲ့ ဥပမာပေးထားပါတယ်။
ဆရာကြီး အဲ့ဒီလိုတင်ပြထားတာကိုဖတ်ရတော့ ဆရာကြီးရေးခဲ့တဲ့ တက်လူတို့ကဗျာထဲမှာပါတဲ့ “ယနေ့လူငယ် နောင်ဝယ် လူကြီး” ဆိုတဲ့စကားကို သတိရမိတယ်။ ဒီစာသားကို ဆရာကြီးက တက်လူတို့ကဗျာရဲ့ တတိယအပိုဒ်မှာ ထည့်သွင်း ရေးဖွဲ့ ခဲ့တာပါ။
ဒီစာပိုဒ်မှာဆိုရင် ဆရာကြီးက ယနေ့လူငယ်တွေအနေနဲ့ လမ်းဟောင်းလမ်းမှားကို ရောက်နေရင်တောင်မှ အဲ့ဒီလမ်းဟောင်း (လမ်းပျက်) ကို လမ်းဟောင်းအတိုင်းမထားဘဲ ပြန်လည်ပြင်ဆင်ရမယ်။ ပြုပြင်ရမယ်။ အဲ့ဒီလိုပြုပြင်မွန်းမံတဲ့အခါမှာလည်း ဘာအသိပညာ၊ အမြော်အမြင်မှ မရှိဘဲနဲ့ မရနိုင်တာကို သိတဲ့အတွက် လူငယ်များအနေနဲ့ အသိအမြင်ကြွယ်ဝအောင် ပညာ ရှာမှီးခြင်းမှာ ပျော်မွေ့ရမယ်လို့ ဆိုထားပြန်တယ်။ဒါ့အပြင် သင်ဟာ ယနေ့မှာ လူငယ်တစ်ယောက်ဖြစ်ပေမယ့် နောင်တစ်ချိန် မှာ တိုင်းပြည်က အားထားရမယ့် လူကြီးလူကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် သင်တို့ (လူငယ်) အနေနဲ့ အနာဂတ်ကိုရည်ရွယ်၍ “ယခုကြုံတွေ့နေရသော ဒုက္ခနယ်ကို ကယ်တင်ကြပါ” လို့ တိုက်တွန်းနှိုးဆော်ထားပြီး ကဗျာကို အဆုံးသတ်ထားပါတယ်။
ဒါကြောင့် ယနေ့လူငယ်တွေအနေနဲ့ အခက်အခဲများနွှဲ ရင်ဆိုင်ကြုံတွေ့နေရပါက ဆရာကြီးပြောသလို …
“အဟောင်းပျက်လျှင်၊ အသစ်ပြင်လော့
အမြင်ကျယ်၍၊ ပညာမွေ့လော့
ယနေ့လူငယ်၊ နောင်ဝယ်လူကြီး
သင်လည်းတစ်ဦး၊ သားထူးသားမြတ်
ဖြစ်အပ်ရာသည်၊ ရှေ့သို့ရည်၍
ငိုမည်မတ၊ သင်္ခါရဟု
စိတ်ကမစော၊ လောလောဆယ်ဆယ်
ဒုက္ခနယ်ကို၊ ကယ်တင်နိုင်ကြပါစေသတည်း။” လို့ဆိုတဲ့စာသားလေးအတိုင်း စိတ်ဓါတ်ခိုင်မာကြပါစေ။ အားအင်ပြည့်ဝ ကြပါ စေလို့ ဆန္ဒပြုရင်း…။
မောင်စည်သူ (အဖျောက်)