စာပဒေသာ မြန်မာပြည်တွင်း

မောင်နောင်မွန် – ​ခေတ်​ပျက်​ကြီးထဲခုန်​ဆင်းလာ​သော အနိဋ္ဌာရုံများ

ခေတ်​ပျက်​ကြီးထဲခုန်​ဆင်းလာ​သော အနိဋ္ဌာရုံများ

မောင်နောင်မွန်
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈

(က)


နံနက်ခင်းနေရောင်ခြည်သည် ပြတင်းပေါက်မှတဆင့် မျက်နှာပေါ်တွတ်ထိုး​သော​ကြောင်
နိုးထလာသည်။ အရာရာသည် ပကတိကြည်လင်သော နွေဦး၏စမ်းချောင်းငယ်လေးတခုကဲ့သို့အေးချမ်းနေသည်။
ဦးခေါင်းထဲတွင် တဆစ်ဆစ်ကိုက်ခဲနေသောခံစားမှုက စိတ်အာရုံထဲတံခါးမခေါက်ဘဲ ဝင်လာခဲ့သည်။
ညက များသွား၍လား။ ညက အိပ်ရာဝင်နောက်ကျခြင်းကြောင့်လား။ ဘာကြောင့်လဲဟူသော အ​မေး​ပေါင်းများစွာ၊
လားပေါင်းများစွာဖြင့် ကြည်လင်သောနံနက်ခင်းတခုတွင် ရှုပ်ထွေးညစ်ညူးစွာဖြင့် သူ၏နေ့တနေ့ကို အစပြုခဲ့သည်။

နံနက်ခင်း၏တေးသံသာခပ်သဲ့သဲ့ကို ကျေးငှက်တိုံ၏တေးဆိုသံများနှင့်အတူ ကြားရသည်။ နွေဦးဥသြ ၏အဖော်ရှာသံကို ကြားရသည်။
နွေဦး၏နံနက်ခင်းသည်ကာ လေပြေနှင့်အတူပါလာသော ဖုန်မှုန့်များဖြင့် စည်ကားနေတော့သည်။
ညက ညဥ့်နက်သည်အထိရုပ်ရှင်ကြည့်ခဲ့မိသောအကျိုးဆက်အဖြစ် ခေါင်းက ခပ်မိုက်မိုက်လေး ဖြစ် နေသည်။
လူတိုံ၏ခန္ဓာဗေဒဖြစ်စဉ်သဘောတရားအရပင် နေ့နှင့်ည အိပ်စက်ခြင်းကိုထိန်းချုပ်သော
အာရုံခံစနစ်သည် လူတို့၏တနေ့တာတွင် ပုံမှန်လုပ်ဆောင်နေကြဖြစ်သောအမူအကျင့်များကိုမှတ်သားထား၍
ထိုသို့ အမူအကျင့်အတိုင်းနေထိုင်နိုင်ရန်လုပ်ဆောင်ပေးသည်ဟု ဖတ်ဖူးသည်။ နံနက်လေးနာရီပုံမှန်ထသောသူသည် နံနက်လေးနာရီထိုးသည်နှင့် အလိုအလျောက်နိုးထနေတော့သည်။ သူသည်လည်း ယခုထိုသို့အတိုင်းပင် ဖြစ်နေသည်
နံနက်စားနေသောအချိန်သည် သူ၏တစ်နေ့တာအချိန်ဇယားတွင် အလွတ်လပ်ဆုံးသော အချိန်ဖြစ်သည်။ ပူစပ်လောင်အိုက်သောအလုပ်ခွင်သို့မဝင်မီ ထိုအချိန်လေးတွင် စိတ်ကူးများကိုတွေးမိရာရာ တွေး လေတော့သည်။ ပုံစံခွက်ဘဝထဲတွင်နေထိုင်ခဲ့မှုများသောသူအတွက် ထိုကဲ့သို့တွေးနေရသည်ကိုသဘောကျသည်။ တခါတရံကြည့်ခဲ့ဖူးသော ရုပ်ရှင်ဇာတ်လမ်းများတွေးလိုက်၊ တခါတရံဖတ်ခဲ့ဖူးသော စာအုပ်အကြောင်း၊ တခါတရံရောက်ခဲ့ဖူးသော သွားချင်ခဲ့သောနေရာများအကြောင်း စိတ်ကူးယဉ်မိ သည်။

နွေဦးအချိန်မို့ နံနက်စားကို သင်္ကြန်ထမင်းသာစားဖြစ်သည်။ မွန်ရိုးရာဓလေ့အစားအစာဖြစ်သောသင်္ကြန်ထမင်းကို မွန်လူမျိုးဖြစ်သော သူကြိုက်သည်။ သင်္ကြန်၏အငွေ့အသက်ကိုစတင်ခံစားနေရသည်ဟုထင်မိကာ ခပ်ဖွယ်ဖွယ်ချက်ထားသောထမင်းကို ရေခဲရေအေးအေးလေးဖြန်းကာ သရက်သီးနှင့် ငါးခြောက်ထောင်းကြော်ထားသောသင်္ကြန်ကြော်နှင့် သင်္ကြန်ထမင်းသည် သူ၏အကြိုက်ဆုံးဖြစ်ခဲ့သည်။ 
နားထဲတွင်တူးပို့တူးပို့တေးသံကြားရသည်။
ရပ်ကွက်ထဲရှိသက်ကြီးပူဇော်ပွဲအတွက် စေတနာထက်သန်သမျှလှူဒါန်းနိုင်ရန် နှိုးဆော် နေသောအသံကိုလည်း ကြားနေရသည်။


(ခ)


သူသည် နံနက်စာစားနေရင်းက နေ့စဉ်သတင်းစာကိုကောက်ဖတ်ကြည့်မိသည်။ တွေ့နေကြထူးမခြားသတင်းများသာဖြစ်သည်။
တရားမရှိသောခေတ်တွင် မျှတမှုအကြောင်းကိုထောက်ပြနေသော အယ်ဒီတာ့အာဘော်သည် ညက အိပ်ရာဝင်ခါနီးကြည့်ခဲ့သော ရုပ်ရှင်ကားတစ်ကားအကြောင်း သတိရမိ​wbr>စေသည်။ 
အိန္ဒိယတမေလ်းရုပ်​ရှင်​ကားတကားဖြစ်ကာ ကျည်ဆန်ရှစ်တောင့် (8 bullets) ဟု အမည်ရသော အက်ရှင်ဇာတ်ကား ဖြစ်သည်။ ယခုနောက်ပိုင်းခေတ်တွင် အိန္ဒိယကားများသည် ဇာတ်အိမ်ခိုင်၍ အတွေးအခေါ်ပါသည်ဟုယူဆ၍ သူစွဲစွဲမြဲမြဲကြည့်ဖြစ်သည်။ ရဲသားတစ်ယောက်၏ပေါ့ဆမှုကြောင့်ဖြစ် သော သူ့သေနတ်ကို ခါးပိုက်နှိုက်ခံရသည့်အဖြစ်မှစ၍ ဇာတ်အိမ်တည်ကာ မှုခင်းကားဇာတ်လမ်းပုံစံ ရိုက်ကူးထားသော ရုပ်ရှင် ဖြစ်သည်။

အစိုးရ၏အကျင့်ပျက်ခြစားမှုများအကြောင်းကိုရိုက်ပြနိုင်သည်။ ဇာတ်လမ်းထဲတွင် မင်းသားသည်
ကိုယ်ချင်းစာတရားရှိသော သနားတတ်သောခပ်ထုံထုံရဲသားတယောက်ဖြစ်သည်။ ဗီလိန်သည် အသက် ၆၀ အရွယ် အဘိုးကြီးတစ်ဦးဖြစ်သည်။
ထိုအဘိုးကြီးသည် အငြိမ်းစားရဲဝန်ထမ်းတယောက်ဖြစ်ကာ သူ့၏ပင်စင်လစာနှင့်ကျန်းမာရေး အာ မခံများကိုအထက်လူများ လာဘ်စားထားသောကြောင့် ပင်​စင်​ယူချိန်​တွင်​စုမိ​ဆောင်းမိ​ထားသော​ငွေ​ကြေးများမရှိ၌ သားနှင့်ချွေးမအိမ်တွင် ကပ်နေနေရသည်။
ရိုးသား​သောဝန်​ထမ်းတစ်​​ယောက်​၏ဘဝ​နေဝင်​ချိန်​ကို အပြည့်​အဝပုံ​ဖော်​ပြထားသည်​။ 
မြေးလေးကိုမွေးနေ့လက်ဆောင်ပေးရန် ပင်စင်လခသွားထုတ်ရာ၌ လခတစ်ပြားမှမရသော အခါတွင် အဘိုးကြီးသည် မိမိရဲဝန်ထမ်းဖြစ်စဉ်ကရင်နှီးခဲ့သော ဒုစရိုက်သမားတယောက်ဆီမှ ခါးပိုက် နှိုက်ထားသောရဲသား၏သေနတ်ကို ဈေးပေါပေါဖြင့် ဝယ်ယူခဲ့သည်။
ထို့နောက် မိမိနှင့်ဘဝတူဆင်းရဲခြင်းကို ခါးစည်းခံနေရသည့် အခြေခံလူတန်းစားအလုပ်သမားနှစ်ယောက်နှင့်ပေါင်းကာ ဘဏ်တခုကို ဓားပြတိုက်ကြသည်။
ထိုမှစ၍ဇာတ်လမ်းသည် ခပ်ထုံထုံရဲသားနှင့် အဘိုးကြီးတို့၏အားပြိုင်မှုကို တွေ့ရတော့သည်။
ဇာတ်လမ်းအဆုံးတွင် ဗီလိန်အဘိုးကြီး၏နောက်ဆုံးအသက်ထွက်ခါနီးပြောသော ” နင်းပြားတွေက နင်းပြားတွေပါပဲ။ ဗျူရိုက်ကရက်တစုရဲ့အားကောင်းမောင်းသန်မောင်းနှင်မှုမှာ ခံစားနေရတာတွေက ငါတို့ပါ။
လခတိုးတယ်။ ကုန်ဈေးနှုန်းက ကျမလာဘူး။ ငါတို့တတွေသာ လည်ပင်းနစ်ရင် ထွက်သွားကြရ တာပါ” ဟု ပြောသောစကားကို ပြန်ကြားမိသည်။


(ဂ)


လက်ထဲကနေ့စဉ်သတင်းစာတွင်မြင်နေကြကြားနေကြအကြောင်းတရားများကိုသာ ဖတ်ရသည်။ လှိုင်သာယာစက်မှုဇုန်မှအလုပ်သမလေးများ၏ လစာတိုက်ပွဲသပိတ်သတင်းများ၊ သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးအကြောင်းများ၊ မိုးပျံရထားနှင့်မြေအောက်မြို့တော်များ အကြောင်းကို တွေ့ရသည်။
ခေတ်အဆက်ဆက် ထိုသတင်းများသာ တွေ့နေရသည်။
တခါတခါ လူမဆန်သောရမ္မက်ဇောနှင့် သွေးချင်းသားချင်း မုဒိမ်းမှုများကိုလည်း တွေ့ရတတ်သည်။
ထိုသို့သတင်းများဖတ်ရလျှင် စိတ်ထဲဝမ်းနည်းရသည်။ တရားမစောင့်သောခေတ်တွင် လူတို့သည် ကိုယ်ကျင့်တရား ခေါင်းပါးကုန်ကြသည်။ တိရစ္ဆာန်သာသာပြုမူနေကြတော့သည်။ ကောသလမင်းကြီး၏အိပ်မက်တစ်ဆယ့်ခြောက်ချက် တဖြည်းဖြည်း အသက်ဝင်လာသည့်ပမာနှယ် ထင် မှတ်နေရသည်။ လူသားတို့သည် တစတစနှင့် ကိုယ်ချင်းစာတရားခေါင်းပါးလာ /wbr>နေကြသည်။

ကိုယ်ကျင့်တရားများကို အလေးထားရမည်မှန်းမသိတော့ချေ။ သစ္စာတရားကို မသိကြတော့ချေ။
လူအချင်းချင်းလှည့်စားရန်သာချောင်းမြောင်းနေတော့သည်။
ဆရာတ​ယောက်​ပြောခဲ့ဖူးသောစကားတခွန်းကို သတိရမိသည်။
“လူတွေက moral value ကိုအလေးမထားကြတော့ဘူးကွ။ ဦးတဲ့သူလိမ်ကြစားကြတာပဲ။ ရှက်ရကောင်းမှန်းမသိတော့ဘူး ကွာ။ တို့ဆရာဝန်လောကမှာရော ဘာထူးလို့လဲ။ ဆင်းရဲသားလူနာတွေကို အဆမတန်ကုသမှုစရိတ်ပေး။ ဆေးကုမ္ပဏီကလက်ဆောင်တွေကိုယူထားတော့ သူတို့ရဲ့ဈေးကြီးတဲ့ဆေးတွေကို လူနာကိုထိုးရောင်း။ ပြီးရင် ကျောင်းတွေဘုရားတွေကိုအလှူကြီးတွေလုပ်ပြီးတော့ နာမည်ယူကြတယ်၊ ဒါဟာ လူသားချင်းစာနာမှုမရှိတာပေါ့။ တချို့မရှိတဲ့မတတ်နိုင်တဲ့သူတွေလိုအပ်တဲ့ဆေးဝါးတွေထဲက  ဆေးဈေးနှုန်းသိပ်မကြီးတာပေးလည်း ရပါတဲ့ဟာတွေ ရှိတယ်။ ဒါတွေလုပ်လို့ရရဲ့သားနဲ့ မလုပ်ကြဘူး” ဟူသောစကားကို ပြန်ကြားမိသည်။


(ဃ)


သတင်းစာထဲတွင် ဆောင်းပါးရှင်တစ်ဦးက မဂ္ဂဇင်းများကျဆုံးနေသောအကြောင်းကို ရေးထားသည်ကို ဖတ်ရသည်။ လူငယ်များ စာမဖတ်ကြတော့ဟုဆိုသည်။ ထိုအခါတွင် လူသားဟုခေါ်ဆိုကြရသော လူသားဆန်သောစိတ်များ ပါးလျလာခဲ့ရသည်။
တခါက ခွဲစိတ်ဆရာဝန်ကြီး ကဗျာဆရာကမ်လူဝေးပြောသောစကားတခွန်းကို အမှတ်ရမိသည်။
“ငတ်ပြတ်မှောင်ဝေတဲ့ခေတ်ထဲမှာ လူတွေက တရားမရှိတော့ဘူးကွာ၊ ဦးရာစားပဲ။ လူသားဆန်တဲ့ စိတ် တွေပျောက်နေပြီ။ စေတနာထားလုပ်ပေးတဲ့လူတွေရဲ့စေတနာကိုလည်း အသိအမှတ်မပြုကြတော့ ဘူးကွ။ တခါတခါ ကိုယ်တွေပိုးမွေးသလို တယုတယမွေးမြူးနေရတဲ့ ကိုယ်ချင်းစာ စိတ်လေးတောင် မသေဆုံးအောင် မနည်းအားတင်းထားရတယ်” ဟုပြောသည်ကိုကြားခဲ့ဖူးသည်။ 
ကိုယ်ချင်းစာတရားများ တဖြည်းဖြည်းပါးလျလာသောအခါတွင် နေရသောပတ်ဝန်းကျင်သည် အရိုင်းဆန်လာသည်။
တောကြီးဥပဒေသကိုလက်ကိုင်ထားကာ ကြီးနိုင်ငယ်ညှဉ်းများဖြစ်ကုန်လေသည်။
လှုပ်လေနစ်လေသောခေတ်ကြီးထဲတွင် အရာရာ စိတ်သတိထားက ဆင်ခြင်နေထိုင်ရသကဲ့သို့ ဖြစ်နေ သည်။ အာမခံချက်တခုခုအတွက် လက်ထဲတွင် အသပြာလုံလောက်ရန် လိုအပ်နေဆဲဖြစ်သည်။  
စိတ်နုလုံးသားများ အားကောင်းမောင်းသန်စေမည့်အဓိကကျသည့် စာပေယဉ်ကျေးမှုနယ်ပယ်မှာလည်း   ထိုးစိုက်ကျဆင်းနေရာ အရိုင်းကမ္ဘာအတွက် လူ့လောကမြေမဟီတွင် ကုရာနတ္ထိ ဆေးမရှိသည့်ပမာ ဖြစ် လာနေသည်။ ကြည့်။
စာပေအနုပညာစက္ကူဈေးများ မိုးထိုးနေသည်။ ဖြန့်ချိရေးစရိတ်စကများ များပြားနေသည်။ ထိုအခါတွင် စာအုပ်များသည် ပျောက်ကွယ်လာကြသည်။
တွေ့မိသောဓာတ်ပုံတပုံထဲတွင် ကလေးများစာအုပ်ကိုအထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြသည်။
ထိုအဖြစ်အပျက်သည် ရယ်စရာဟာသတခုကဲ့သို့ ပုံဖော်ထားသော်ငြားလည်း တွေးကြည့်​လျှင်​ အလွန်​ရင်နင့်စရာကောင်းသော အခြေအနေတခုကို ပကတိအအခြေအနေအတိုင်း မြင်နေရသည့်ပမာ ဖြစ်နေသည်။ ကျွန်တော်တို့၏နောက်မျိုးဆက်များတွင် စာအုပ်ဟူသည် ပြတိုက်ထဲမှာသာ ရှာရတော့မည့်ကိန်း ဆိုက် နေသည်။ 

ခေတ်၏တိုးတက်ပြောင်းလဲမှုအရဖြစ်မည်ထင်သည်။ ကျွန်တော်အပါအဝင်လူသားမျိုးနွယ်တခုလုံးသည် အစစ်အမှန်လက်တွေ့ဘဝမှကင်းလွတ်ကာ အင်တာနက်ပေါ်မှ virtual world ဟုခေါ်သော အတုအယောင် ကမ္ဘာဆီသို့ တွယ်ကုပ် တက်လာကြသည်။
မီရာသဘောင်္နှင့်လိုက်လာခဲ့သလိုမျိုး မျိုးဆက်တိုင်းနီးပါးသည် အပေါ်သို့ ကုပ်ယက်တက်လာခဲ့သည်။
ထိုအခါတွင် အစစ်အမှန်သည်သေဆုံးသွားခဲ့သည်။ အပြုံးအစစ်အမှန်မရှိတော့ချေ။ ရင်ခုန်သံအစစ်အမှန် မရှိတော့ ချေ။
လက်တွေ့ဘဝတွင်နေထိုင်မှုမရှိသောအခါတွင် လူသားတို့သည် နည်းပညာ၏အခိုင်းအစေဘဝကို ရောက်ရှိလာချေသည်။
ထိုအရာကိုပင် ဆင့်ကဲပြောင်းလဲမှုဟုထင်လာခဲ့ကြသည်။ ခလုတ်တချက်ခေါက်လျှင် ကမ္ဘာ တစ်ခြမ်းမျှကုန်နိုင်သော လက်နက်များကို တီထွင်လာခဲ့သည်။
လက်​တလှုပ်​အတွင်း လူ့လောကသမိုင်းစဉ်တခုလုံး ပြောင်းလဲ​စေနိုင်​​သောအဖြစ်​အပျက်​များကို ဖန်​တီး လာကြသည်​။ 
ထိုအခါတွင်​ အင်​တာနက်သည်​ အသက်​တမျှ အ​ရေးပါလာသည်​။ အင်တာနက်တစ်စက္ကန့်ပြတ်တောက်သွားခဲ့လျှင်
သေဆုံးသွားနိုင်သောလူသားများဖြစ်လာခဲ့သည်။ အင်တာနက်ကွန်ရက်သည် အောက်စီဂျင်ပမာ အရေးပါ လာခဲ့သည်။
အရာအားလုံးကို လက်တလှုပ်အတွင်း ကမ္ဘာ့အနှံ့ကိုရောက်နေသည်။ ထိုအချိန်တွင် တောထဲတောင်ထဲမှ မူးယစ် ရီဝေစေသောအရာများသည် လက်တကမ်းအလိုကိုရောက်လာသည်။ ငွေကြေးအနည်းငယ်မျှနှင့်
လူငယ်တို့သည် ထုံရီမောဟိုက်နေသော နတ်ဗိမာန်ကိုရောက်စေသည်။ ထိုမှသည် တဖြည်းဖြည်းနှင့် ….။


(င)


ယခု သူ​နေထိုင်​ရာရပ်ကွက်ထဲတွင်အော်ကြီးဟစ်ကျယ်လုပ်နေသော အရူးတစ်ယောက်ရှိသည်။
ညဘက်လူခြေတိတ်ချိန်တွင် လမ်းပေါ်တက်၍ ဆဲရေးတိုင်းထွာတော့သည်။ စိတ်ရူးပေါက်သည်ဟုဆိုကာ
အဖေကိုအိမ်ပေါ်မှတွန်းချသည်။ တခါတခါလက်ထဲတွင် စီးကရက်တလိပ်ကိုညှပ်ကာ တွေ့သမျှသူများကို
နှမ မအေ တိုင်းထွာနေတော့သည်။
ညဘက်လမ်းမထက်တွင် စက်ဘီးတစ်စီးနှင့်လည်နေတတ်သည်။ ရပ်ထဲရွာထဲမှာလူကြီးများစု၍ စိတ်ငြိမ် ဆေးရုံကို ပို့ဆောင်သောအခါများရှိသည်။ ထိုမှပြန်လာလျှင် တရားဝင်ရမ်းကားခွင့်လက်မှတ်ပမာ ဆေးရုံဆင်း စိတ်ကျန်းမာရေးစာအုပ်ကိုကိုင်၍ ယခင်ကထက်ပိုမိုလုပ်ပြသည်။ ထိုလူငယ်သည်
လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်ခန်ံတွင် ဆေးသုံးသောကလေးအဖြစ် နာမည်ကြီးသည်။
မိဘများငွေကြေးတတ်နိုင်သောမိသားစုတွင် ဆေးသမားဖြစ်လာသောထိုလူငယ်သည် ယခုအခါတွင် အသိစိတ်လွတ်၍ ရပ်ကွက်ထဲတွင် ဆဲရေးအော်ဟစ်ရင်း အရူးတယောက်ဖြစ်နေလေသည်။
အသိစိတ်​တို့သည်​ မူးယစ်​ထုံထိုင်း​စေကာ လူစိတ်​နှင့်​အသိဉာဏ်​ကို ကင်းမဲ့​စေ​တော့သည်​။
ထို့သို့​သောအဖြစ်​အပျက်​များသည်​ အရပ်​ထဲ လမ်းထဲ မြို့ထဲတွင်​ တဖြည်းဖြည်း​ပေါများ လာသည်
ရူး​ကြောင်​​ကြောင်​လူငယ်​များ တဖြည်းဖြည်းတိုးပွားလာသည်​။

လက်တကမ်းအကွာတွင် အလွယ်ရနေသော ဆေးပြားအနီလေးများ၊ အရွက်ခြောက်လေးများသည် လူငယ်တို့အသိ စိတ်ထဲတွင် တဖြည်းဖြည်းစိတ်ပန်းဖြေစရာထင်လာသည်။
တုန်ရီမောဟိုက်နေသောမနက်ဖြန်နေ့ရက်များ အတွက် စိတ်ကူးထဲပျော်မွှေ့နေခွင့်သည်
အရေးကြီးသောအခြေအနေလိုဖြစ်နေတော့သည်​။ ​ပျော်​စရာရှားပါးလာ​သော​နေ့ရက်​များအတွက်​  ဖြစ်​သလို​ပျော်​စရာရှာ၍ စိတ်​အပန်း​ဖြေကြ​တော့သည်​။ ထိုသို့သောစိတ်လက် ပန်းဖြေခြင်းမှသည် တဖြည်းဖြည်းချင်း လုံးပါးပါးလာကြသည်။

ရီဝေနေသောမျက်ဝန်းအစုံနှင့် အနာဂတ်ပျောက်နေကြသောလူငယ်များတဖြည်းဖြည်း ပေါများလာ သည်။
မူးယစ်ဆေးကြောင့် လူလက်တစ်ဆုပ်စာသည် ဆယ်ဘဝ စားမကုန်သောစည်းစိမ်ချမ်းသာကို ရသွား ကြသည်။
သို့သော် လူငယ်များစွာ၏ဘဝများရေထဲ မျှောလိုက်ရသည်။ သူတို့ရပ်ကွက်ထဲမှာ ညစဉ်အော်ဟစ် နေသောလူငယ်လေးကဲ့သို့သူများ တဖြည်းဖြည်းပေါများလာကြသည်။
ခိုးဝှက်​တတ်​​သောရီ​ဝေ​ဝေမျက်​လုံးပိုင်​ရှင်​လူငယ်​​​လေးများ​ ပေါများလာသည်​။
နာကျင်​​သော​နေ့ရက်​များသည်​ တဖြည်းဖြည်း ရှည်​ကြာလာသည်​။ ထိုအခါတွင်​ စိတ်​ထွက်​​ပေါက်​ဟုယူဆ​​သောရီ​ဝေ​ဝေ​ဆေးစွဲ​နေ့ရက်​များ တစစစ တိုးပွားလာသည်​။ ​ပျော်​စရာများသည်​ မူးယစ်​​စေတတ်​ သောအရာများဟုလူငယ်​များစွာက ခံယူလာကြ​တော့သည်​။

ခေတ်​ကြီးသည်​ အနိဋ္ဌာရုံကိုတဖြည်းဖြည်းဆွဲ​ခေါ်လာခဲ့​လေသည်​။ ​ကောသလမင်းကြီး၏အိပ်​မက်​များ တဖြည်းဖြည်းရုပ်​လုံးကြွလာသည်​။ သမ္မာကျမ်းစာလာ မြင်းစီးသမား​လေး​ယောက်​တို့ တဖြည်းဖြည်းချဉ်​ကပ်​လာသည်​။
အိပ်​မက်​များထဲတွင်​​အော်​ဟစ်​ညီးညူသံများ​ ဝေဆာလာသည်​။ ညဉ့်​ဦး၏​ကောင်းကင်​ယံတွင်​ ငှက်​ဆိုး​အော်​သံများ ညံဆူလာသည်​။ ​လေအတိုက်​တွင်​ ညှီစို့စို့အနံအသက်​တို့သာ ပါလာ​ တော့သည်​။
ကျောပူ​ ခေါင်းမ​အေး​သော​ခေတ်​ကာလကို တဖြည်းဖြည်းဖြတ်​​ကျော်​​နေရသည်​။
 ဆောင်းညရှည်​ကြီးတွင်​ အိပ်​မက်​တို့သည် ​နာကျင်​စရာအပြည့်​ဖြစ်​​နေသည်​။ ​ဘယ်​အချိန်​ ကိုယ်​စ​တေးခံရမည့်​အလှည့်​ကို​​ရောက်​မည်​လဲဟု ကျီးလန့်​စာစား​နေရ​သော ဘဝမျိုးဖြစ်​​နေသည်​။ ​တိမ်​မည်းမည်းများတ​ရွေ့​ရွေ့ဖုံးအုပ်​လာ​သော​ ကောင်းကင်​ကြီးကို​ မော့ကြည်​​နေရသကဲ့သို့
နေရ​သော​ခေတ်​ကြီးသည်​ အနိဋ္ဌာရုံများဖြင့်​ ပြည့်​လာ​နေသည်​။


(စ)


တုန်​ရီ​မောဟိုက်​​နေ​သောနံနက်​ခင်းများစွာကို ပူပင်​​ကြောင့်​ကြစွာဖြတ်​သန်း​နေဆဲဖြစ်​သည်​။
မိုးလင်းမျက်​စိနှစ်​လုံးဖွင့်​မှသည်​ မိုးချုပ်​အိပ်​ရာဝင်​ချိန်​ထိ အသက်​ရှင်​ရပ်​တည်​​ရေးအတွက်​ ရုန်းကန်​လှုပ်​ရှား​နေရသည်​။ အရာရာသည်​ ရှားပါးလာသည်​။ ​ပျော်​ရွှင်​စရာအစစ်များ ရှားပါးလာသည်​။
ကြည်​နူးစရာအစစ်​များ ရှားပါးလာသည်​။ ​မေတ္တာအစစ်​များ ရှားပါးလာသည်​။ လူများစုသည်​ ကိုယ်​ချင်း စာစိတ်နှင့်ြ​ဗဟ္မာစိုရ်​တရား ရှားပါးလာသည်​။ ထို​နေရာများတွင်​ အတုတို့​နေရာယူဝင်​ယူလာကြသည်​။
တကိုယ်​​ကောင်းစိတ်​တို့ကြီးစိုးလာကြသည်​။ ဘယ်​သူ​သေ​သေ င​တေမာရင်​ပြီး​ရောဆို​သောအတ္တစိတ်​များသည် ​မျက်​​မှောက်​​ခေတ်​ကြီးထဲ ခုန်ဆင်းလာကြသည်​။
ငယ်​စဉ်​ကကြည့်​ခဲ့ဖူး​သော နိုင်​ငံခြားသရဲကားများပမာ ရုပ်​မြင်​သံကြားဖန်​သားပြင်​ကို​ဖောက်​၍ထွက်​လာ​သော သရဲများကို​ တွေ့ဖူးသည်​။
ယခုလည်း​ခေတ်​ကြီးတွင်​ အနိဋ္ဌာရုံများသည်​ ​မျက်​​မှောက်​​ခေတ်​တွင် ​ခုန်​ထွက်​ကခုန်​​နေကြသည်​။

ရှုပ်​​ထွေးရုန်းကန်​​နေ​သော​ခေတ်​တွင်​ ဘဝများစွာသည်​ တုန်​ရီ​မောဟိုက်​စွာရှင်​သန်​ရင်း အနိဋ္ဌာရုံများကို​ငေးနေကြရ​တော့သည်​။။


မောင်​​နောင်​မွန်
၁၂.၄.၂၀၁၈

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts