ကဗျာ

လင်းခါး ● သရဲကား

လင်းခါး ● သရဲကား
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၈

မိုးက ရေတော်တော်ပါတယ်
ခေါင်မိုးပေါ် လူတွေ ပြုတ်ပြုတ်ကျနေသလိုပဲ
ပြုတ်ကျလာတဲ့ လူတွေကလည်း နာကျင်အော်ဟစ်နေတယ်

တံခါးဖွင့်လိုက်တာနဲ့ မြစ်ကိုမြင်ရရင်ကောင်းမယ်လို့
တပြောထဲပြောပြောနေတဲ့ သူ သေးထပေါက်တော့
ပင်လယ်ကိုပါ မြင်လိုက်ရတယ်
ပင်လယ်ထဲ မှောက်နေတဲ့သင်္ဘောတွေ ပြန့်ကျဲ
တစ်ဆယ့်လေးမိုင်ပတ်လည် လောကငရဲကို ကြားရသတဲ့

လျှပ်စီးလက်လိုက်တိုင်း ဖျတ်ခနဲတွေ့လိုက်ရတဲ့
မူမမှန်တော့တဲ့ ဓာတ်ပုံတွေ
အိမ်ထဲမှာ အဲဒါတွေချိတ်ထားတာကို အမြဲမုန်းခဲ့တာ
ဒီတခါ တော်တော်မှန်တယ်

သမင်လေထိုးရုပ်ကလည်း
လိုတာထက်ပို မျက်လုံးပြူးထွက်နေတယ်
ကလေးကစားစရာအရုပ်တွေဟာ
အချိန်ကုန်လူပန်းသက်သက်ပဲ
အကုန်လုံးက ပလတ်စတစ်နဲ့လုပ်ထားတာတွေချည့်

လမ်းပေါ်ဖြတ်လျှောက်သွားသူတွေ
မြင်နေရမှာ မကြိုက်လို့ မီးလဲမထွန်းရဲ
အမှောင်ထဲ ထိုင်နေရတာကလဲ
အာကာသကိုပဲ သတိတွေရ
အာကာသဟာ အကြောက်တရားရဲ့ရုပ်ခန္ဓာပဲ

မိုးက ရေ တော်တော်ပါတယ်
ရေထဲမှာက အသံတွေနဲ့အပြည့်
အသံတွေကလည်း
မင်းတို့ ငါတို့နဲ့ မရင်းနှီးတဲ့ ကိုယ်တွင်းကလာတာဆိုတော့
စားပွဲကို ခြေနဲ့ နှဲ့နေသလို
သူ့ခမျာ တုန်ယင်လို့သာ နေတော့တယ်။

လင်းခါး
မေ ၂၀၁၈

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts