သတင်းပဒေသာ နိုင်ငံတကာရေးရာ

မောင်လူပေ – သုခမြို့တော်၊ မာလီဘူးနဲ့ အစိုးမရတဲ့ တောမီး


မောင်လူပေ – သုခမြို့တော်၊ မာလီဘူးနဲ့ အစိုးမရတဲ့ တောမီး

(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၈
ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက ဆန်ဖရန်စစ္စကိုရဲ့ အရှေ့မြောက်အရပ် မိုင်(၁၅၀)လောက်အကွာ တောင်ခြေမှာ သုခမြို့တော် (Paradise) လို့အမည်ရတဲ့မြို့လေးရှိတယ်။ ခြောက်သွေ့တဲ့လွင်ပြင်ကြီးရဲ့အဆုံး တောင်ခြေမှာ သစ်ပင်တွေအပြည့်နဲ့ စိမ်းလမ်းစိုပြေလှတဲ့အတွက် သုခမြို့တော်လို့ အမည်ပေးခဲ့ကြသတဲ့။ အိမ်တွေက သစ်ပင်တွေကြားမှာ၊ လမ်းကလေးတွေကကွေ့ကောက်စွာ။ လူဦးရေ ၂၇,၀၀၀ ကျော်ရှိပြီး အိမ်ခြေ ၆၅၀၀ ရှိခဲ့တယ်။မထင်မှတ်ထားတဲ့ တောမီးက ဒီမြို့လေးကို ပြာအဖြစ်ပြောင်းစေခဲ့ပြီ။ အိမ်ခြေ ၆၄၅၃လုံးနဲ့ လုပ်ငန်းသုံးအဆောက်အဦ ၂၆၀ ပြာဖြစ်ခဲ့ရလို့ တမြို့လုံးနီးပါးရဲ့ ၉၉% မီးလောင်ခံလိုက်ရတာပဲ။ လူ ကိုးယောက်သေဆုံးခဲ့ပြီး ၂၅ဦး ပျောက်ဆုံးနေတယ်။ တောမီးလောင်တဲ့ ဧကပေါင်း ခုနှစ်သောင်းကျော်ရှိသွားပြီ။ ၅%ပဲ ထိမ်းနိုင်သေးတယ်။

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း လော့စ်အိမ်ဂျလိစ်မြို့ရဲ့အနောက်ဖက် မိုင်သုံးဆယ်အကွာမှာ နာမည်ကျော် မာလီဘူး (Malibu) ဆိုတဲ့မြို့ကြီးရှိတယ်။ ဒီမြို့ကတော့ ဟောလိဝုဒ်ရုပ်ရှင်မြို့တော်ရဲ့ နာမည်ကျော်ရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့ စံအိမ်ကြီးတွေ ရှိတဲ့အတွက် နာမည်ကြီးတာ။ မာလီဘူးကမ်းခြေကလည်း မိုင်နှစ်ဆယ်ကျော်ရှည်ပြီး အလွန်လှတယ်။ ဒါကြောင့် အယ်လ်အေကိုရောက်ရင် မာလီဘူးဟာ သွားရောက်လည်ပတ်စရာနေရာ တစ်ခုပေါ့။ ဒီမြို့မှာ လူဦးရေ တစ်သိန်းခြောက်သောင်းကျော် နေထိုင်ကြတယ်။

ဒီမြို့ကြီးလည်း အနီးအနားကလောင်မြိုက်လာတဲ့ တောမီးရဲ့ဒါဏ်ကြောင့် တစ်မြို့လုံး ထွက်ပြေးခဲ့ရပြီ။ တောမီးက မြို့ကိုပတ်ဝိုင်းထားပြီး တောင်စောင်းမှာ ဆောက်ထားကြတဲ့ ဒေါ်လာသန်းပေါင်းများစွာတန် စံအိမ်ကြီးတွေကို တစ်လုံးပြီးတစ်လုံး ဝါးမြိုဖျက်ဆီးနေတယ်။ နာမည်ကျော် ဟောလိဝုဒ်ရဲ့ အနုပညာရှင်တွေရဲ့ အိမ်တွေ ပြာဖြစ်သွားကြပြီ။ ကျန်သူတွေလည်း ဘုရားတ နေကြရပြီ။ မာလီဘူးအပြင် အနီးက ကလဘစ(Calabasas) နဲ့ သောင်ဇင်အုတ်( Thousand Oak) မြို့တွေအထိ တောမီးက ကူးစက်လောင်ကြွမ်းနေတယ်။

မာလီဘူးမှာ နာမည်ကျော်အဆိုတော် လေဒီဂါဂါ( Lady Gaga)၊ နာမည်ကျော် reality TV Star ဖြစ်တဲ့ ကင် (Kim Kardashian)၊ သူမရဲ့ယောက်ျား အဆိုတော် ကန်ရေးဝက်စ် (Kanye West)၊ သူမရဲ့ညီမလေး ဆူပါမော်ဒယ် ကိုင်လီဂျင်နာ (Caitlyn Jenner) ၊ ဆူပါမော်ဒယ် စင်ဒီကရောဖို့ဒ် ( Cindy Crawford) ၊ မင်းသား ဝယ်လ်စမစ် ( Will Smith) ၊ အဆိုတော်မင်းသမီးကြီးချာ (Cher) စတဲ့ ဟောလိဝုဒ်ကြယ်ပွင့်တွေ အများအပြားနေကြတယ်။

မာလီဘူးက သန်းကြွယ်သူဌေးတွေရဲ့စံအိမ်တော်ကြီးတွေ မီးလောင်တာသူဌေးသဘောင်္မှောက်သလောက်ပဲရှိမှာပါလို့ ဆိုကောင်းဆိုနိုင်ပေမဲ့ ပင်စင်စားတွေအများစုနေထိုင်တဲ့ သုခံဘုံမြို့လေး ပြာကျခဲ့ရတာတော့ အထိနာလှပြီး နလံထူဖို့ အတော်ကြိုးစားကြရမယ်။ ဒီလူတွေအများစုက အစိုးရကပေးတဲ့ထောက်ပံ့ကြေးတွေနဲ့ ရပ်တည်နေသူအများစု။ သုခဘုံမြို့ကိုဖျက်ဆီးခဲ့တဲ့မီးက အနီးမှာရှိတဲ့ ပျော်ပွဲစားစခန်းချရာစခန်းက စလောင်ခဲ့တဲ့မီး (Camp Fire) လို့ဆိုလေတော့ လူရဲ့ပေါ့ဆမှုကြောင့် စတင်လောင်ကြွမ်းခဲ့တဲ့တောမီးပါ။ မာလီဘူးမီးကတော့ ဘယ်ကစလောင်တယ်။ မသိရသေး။ လူ၂ ဦးသေဆုံးတယ်လို့ပဲ သိရတယ်။ လောင်နေဆဲ။ လောင်ကောင်းဆဲ။

ကယ်လီဖိုးနီးယားရဲ့ နေရာအများစုက မြန်မာပြည်ရဲ့ အညာဒေသလို မိုးနည်းခြောက်သွေ့ရပ်ဝန်းဒေသ၊ လေကလည်း ပြင်းပြင်းတိုက်တတ်သေး။ သစ်တောတွေကို ထိမ်းသိမ်းထားနိုင်လို့သာ ရာသီဥတုဖေါက်ပြန်မှုကို ထိမ်းထားနိုင်တဲ့ဒေသ။ ဒီသစ်တောကြီးတွေက ခြောက်သွေ့ရာသီမှာ လောင်စာတောကြီးဖြစ်လာပြီး ပေါ့ဆမှုကြောင့်ဖြစ်စေ၊ မိုးကြိုးမုန်တိုင်းကြောင့်ဖြစ်စေ မကြာခဏ တောမီးလောင်တတ်တဲ့ နေရာဒေသပေါ့။

မောင်လူပေတို့လို့ မြန်မာတွေနဲ့ အာရှဒေသကရွှေ့ပြောင်းအခြေချသူတွေကတော့ ဒီလိုတောနဲ့နီးတဲ့ဒေသမှာ နေလေ့မရှိပါဘူး။ မြို့ပြတွေမှာပဲ နေကြတာများပါတယ်။ အလုပ်အကိုင်တွေက မြို့ပေါ်မှာပဲ ရှိတာတကြောင်းပေါ့။ သစ်တောတွေထဲနေကြသူတွေက လူဖြူတွေသာများကြပါတယ်။

ဒီနှစ်မှာ ကယ်လီဖိုးနီးယားတောမီးက စံချိန်တင်သွားပါတယ်။ သုခံဘြုံမို့ပျက်အောင် လောင်ခဲ့တာမို့ အိမ်ခြေအပျက်အစီးအများဆုံးမီးအဖြစ်လည်း စံချိန်တင်သွားတယ်။ မာလီဘူးစံအိမ်ကြီးတွေတန်ဘိုးတွေ ပျက်စီးမှုတွေပေါင်းရင်လည်း ဘီလီယံပေါင်းများစွာ ပျက်စီးမဲ့သဘောရှိလို့ ပျက်စီးမှုတန်ဖိုးစုစုပေါင်းဟာလည်း အများဆုံးဖြစ်ကိန်းရှိနေပါတယ်။ မီးတားလမ်းတွေ၊ မီးကာကွယ်ရေးတွေ ဘယ်လိုပင်စီစဉ်ထားပေမဲ့ သဘာဝတောကြီးကို မီးစွဲပြီဆိုရင်တော့ ကိုယ်လွတ်ရုံးပြေးကြရတာပဲ။ အိမ်တွေက မီးအာမခံတွေ ထားကြရတာမို့ အာမခံကုမ္ပဏီတွေက ပြန်ဆောက်ပေးကြပါလိမ့်မယ်။ အရေအတွက်များတော့ လာမယ်ကြာမယ်။ နှစ်နဲ့ချီပြီး ကြာမြင့်အောင် စောင့်ကြရပါလိမ့်မယ်။

ကယ်လီဖိုးနီးယားရဲ့ တောင်နဲ့မြောက် မိုင်ငါးရာနီးပါးဝေးတဲ့နေရာနှစ်ခုမှာ လောင်နေတဲ့တောမီးအကြောင်း မိတ်ဆွေသူငယ်ချင်းတွေကို ဖေါက်သည်ချတာပါ။ အယ်လ်အေတို့ ဆန်ဖရန်တို့ဆိုတာ မြန်မာတွေအများစုနေထိုင်ကြပေမဲ့ ဒီတောမီးတွေနဲ့ ဝေးကြပါတယ်။ မီးခိုးမွှန်တဲ့ဒါဏ် ခံရတာက လွဲလို့ပေါ့လေ။

ချစ်တဲ့

မောင်လူပေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts