သတင်းပဒေသာ

ယခင်အမတ်လောင်း ၂၇ဝ ကျော်ကို ရွေးကော်အမည်ပျက်စာရင်းသွင်း 

ယခင်အမတ်လောင်း ၂၇ဝ ကျော်ကို ရွေးကော်အမည်ပျက်စာရင်းသွင်း 

ရွေးကောက်ပွဲကုန်ကျစားရိတ် တင်သွင်းရန် ပျက်ကွက်သဖြင့် ရွေးကောက်ပွဲဝင်ခွင့် နှစ်အတန်ကြာ ပိတ်ပင်ခံရသူ  ၂၇ဝ ကျော် ရှိနေသည်

အောင်ငြိမ်းချမ်း / Myanmar Now 
(မိုးမခ) နိုဝင်ဘာ ၈၊ ၂ဝ၁၈

၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲနေ့က မဲရုံတွင် သွားရောက်မဲပေးခဲ့သူတစ်ဦး (ဓာတ်ပုံ – ထိုက်နန္ဒာဝင်း/Myanmar Now)

ပြီးခဲ့သည့်ရှစ်နှစ်အတွင်း ရွေးကောက်ပွဲကုန်ကျစားရိတ် တင်သွင်းရန် ပျက်ကွက်သည့် အမတ်လောင်း ၂၇၃ ဦးကို အရည်အချင်းပျက်ယွင်းသူများအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားကြောင်း သိရသည်။

၎င်းတို့သည် သက်ဆိုင်ရာ ရွေးကောက်ပွဲအပြီးပေါ်ထွက်လာသည့် လွှတ်တော်များ၏ သက်တမ်းအတွင်း ကျင်းပသည့် ရွေးကောက်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဟုလည်း ကော်မရှင်၏ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ အရေအတွက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိ ဒေါ်မြသန္တာထွန်းက ထုတ်ဖော်ပြောကြားခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ပါဝင်သည့် “ ရွေးကောက်ပွဲ ကုန်ကျစားရိတ် တင်သွင်းခြင်းနှင့် ဥပဒေစကားဝိုင်း” တွင်  ဖော်ပြထားသည်။

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက် ရွေးကောက်ပွဲ ကုန်ကျစားရိတ်မသွင်းသည့် ရွေးကောက်ပွဲဝင် အမတ်လောင်း အများဆုံးဖြစ်ပြီး ၁၅၉ ဦးအထိ ရှိခဲ့ကြောင်းလည်း ကော်မရှင်က ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲဝင် အမတ်လောင်း ၁၁၂ ဦး၊  ယမန်နှစ် ကြားဖြတ်ရွေးကောက်ပွဲဝင် အမတ်လောင်း  ၂ ဦးတို့လည်း အရည်အချင်းပျက်ယွင်းသူ အဖြစ် စာရင်းသွင်းခံထားရသည်။

ရွေးကောက်ပွဲ ဥပဒေအရ ကော်မရှင်က အနိုင်ရ အမတ်များကို အတည်ပြုပြီး ရက်ပေါင်း (၃ဝ) အတွင်း သတ်မှတ်ထားသည့် ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းရမည်ဖြစ်သည်။

အမတ်လောင်းတစ်ဦးလျှင် ရွေးကောက်ပွဲ ကုန်ကျစရိတ် သိန်း ၁ဝဝ အထိ အသုံးပြုခွင့်ပေးထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts