K ငြိမ်းချမ်း သတင်းပဒေသာ

ကံ့ကော်ဝတ်ရည် စာအုပ်အိမ် (၂)နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲတော် နိုဝင်ဘာ ၉ရက်နေ့ စမယ်

ကံ့ကော်ဝတ်ရည် စာအုပ်အိမ် (၂)နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲတော် နိုဝင်ဘာ ၉ရက်နေ့ စမယ်

K (မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၈

ကံ့ကော်ဝတ်ရည် စာအုပ်တိုက် ထုတ်ဝေခြင်း(၂)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ စာအုပ်အထူးဈေးလျှော့ရောင်းပွဲတော်ကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမကြီး၊ အမှတ် ၅၁ရှိ ကံ့ကော်ဝတ်ရည် စာအုပ်အိမ်မှာ နိုဝင်ဘာ ၉ရက်မှ ၁၁ရက်တိုင် နံနက် ၉ နာရီ မှ ညနေ ၆ နာရီထိ ပြုလုပ်ရောင်းချသွားမယ်လို့သိရပါတယ်။

အဆိုပါ ၂နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲတော်မှာ ကံ့ကော်ဝတ်ရည်စာအုပ်တိုက်က ထုတ်ဝေထားတဲ့ စာအုပ်အားလုံးကို တစ်ဦးချင်း ၂၀% လျှော့ဈေး၊ စာအုပ်ဆိုင်များ ၃၀% လျှော့ဈေး၊ စာကြည့်တိုက်များ ၃၀% လျှော့ဈေး၊ မိသားစုဝင်ကတ် ၂၅% လျှော့ဈေး၊ စာဖတ်ပါကတ် ၂၅% လျှော့ဈေး၊ စာအုပ်စုစည်းမှုများကို ၂၅% လျှော့ဈေးတို့နဲ့ ရောင်း ချပေးသွားမှာဖြစ်ပြီး ကံစမ်းမဲအစီအစဉ်များလည်း ထည့်သွင်းပြုလုပ်ထားတယ်လို့သိရပါတယ်။

စာအုပ်ဈေးရောင်းပွဲတော်နဲ့ပတ်သက်ပြီး အသေးစိတ်အစီအစဉ်နဲ့ရောင်းချသွားမယ့် စာအုပ်စာရင်းအပြင် နယ်မှပွဲကိုမတက်ရောက်နိုင်တဲ့စာချစ်သူများအတွက်လည်း ၀ယ်ယူရရှိ နိုင်တဲ့အစီအစဉ်များကိုလည်း ကံ့ကော်ဝတ်ရည် ဖေ့ဘုတ်ပေ့ကနေလည်း ကြေညာပေးလျက်ရှိပါတယ်။

စာအုပ်ဈေးရောင်းပွဲတော်နဲ့ပတ်သက်ပြီးလည်း “ဝယ်ယူမှု ၁၀,၀၀၀ကျပ်ဖိုးနဲ့ အထက် ဖြစ်ပါက ကံစမ်းမဲအစီအစဉ်မှာ ပါဝင်နိုင်မှာ ဖြစ်ပြီး ကံ့ကော်ဝတ်ရည်စာအုပ်များ၊ လွယ်အိတ် များ၊ အင်္ကျီများ နဲ့ ကံ့ကော်ဝတ်ရည်မှ လက်ဆောင်ခွက် ကလေးများကို ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၃၀,၀၀၀ကျပ် ဖိုးနှင့် အထက် ဝယ်ယူပါက မိသား စုဝင်ကတ်+ အိတ် လက်ဆောင် ၅၀,၀၀၀ကျပ် ဖိုးနှင့် အထက် ဝယ်ယူပါက အင်္ကျီလက်ဆောင်၊ ၁၀၀,၀၀၀ကျပ် ဖိုးနှင့် အထက် ဝယ်ယူပါက အင်္ကျီ+အိတ်လက်ဆောင် များလည်း ပေးသွားမှာ ဖြစ်ပါ တယ်”လို့ပြောဆိုထားပါတယ်။

နယ်မှ မတက်ရောက်နိုင်တဲ့စာချစ်သူများအတွက်လည်း “ကံ့ကော်ဝတ်ရည်စာအုပ်တိုက်အနေနဲ့ နယ်အသီးသီးမှာ စာအုပ်ဈေးရောင်းပွဲများ လာရောက် မကျင်းပနိုင်သေးပေမယ့် စာအုပ်အိမ် နှစ်နှစ်ပြည့် ဈေးရောင်းပွဲမှာ နယ်မှ စာချစ်သူများ ပါ ပါဝင်နိုင်အောင် စီစဉ်ထားပါတယ်။ ဈေးရောင်းပွဲမှာ ရောင်းချမယ့် စာအုပ်များရဲ့ စာရင်းအားလုံးကို Page နဲ့ Event မှာ တင်ပေးပါမယ်။ မှာယူလိုတဲ့ စာအုပ်များ အမည်နဲ့ အရေအတွက်၊ မှာယူသူ အမည်၊ နေရပ်လိပ်စာ(အိမ်နံပါတ်၊ လမ်းအမည်၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်) နှင့် ဖုန်းနံပါတ် တို့ ပြည့်စုံစွာ ရေးသားပြီး ချက်ဘောက်ကနေ နိုဝင်ဘာ ၉ ၊၁၀၊၁၁ရက်တို့အတွင်း မှာယူနိုင်ပါတယ်။ မှာယူထားတဲ့ စာအုပ်တွေနဲ့ ပတ်သက်ပြီး စာအုပ်ရမရ၊ ပို့ခ နဲ့ ပို့ပေးရမယ့် နည်းလမ်းတို့ကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ အကြောင်းပြန်ပေးပါမယ် ခင်ဗျာ။ စာအုပ်များရင် ကားဂိတ်ကနေ ပို့တာက စာဖတ်သူတို့အတွက် အကုန်အကျ ပိုသက်သာမှာပါ။ စာအုပ် မှာယူမှုများကို နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး စာတိုက်(သို့မဟုတ်) ကားဂိတ်တို့ကနေ အသီးသီး ပို့ဆောင်ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ။ နယ်မှ စာချစ်သူများအတွက်တော့ ကံစမ်းမဲ အစီအစဉ် မပါဝင်နိုင်တာ နားလည်ပေးစေချင်ပါတယ် ခင်ဗျာ။ ကျန်တဲ့ အစီအစဉ်များမှာတော့ ပါဝင်နိုင်မှာပါ”လို့ရေးသားပြောဆိုထားပါတယ်။

ကံ့ကော်ဝတ်ရည်စာအုပ်တိုက်ကို စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့မိသားစုဝင်များက၂၀၁၆ခုနှစ်မှာ ထူထောင်ခဲ့ပြီး တက္ကသိုလ်ဘုန်းနိုင်၊ ခင်နှင်းယု၊ ခင်မျိုးချစ်၊ ဇ၀န၊ မောင်ခင်မင်(ဓနုဖြူ)၊ ဆင်ဖြူကျွန်းအောင်သိန်း၊ မောင်မိုးသူ၊ ငြိမ်းကျော်၊ ကြည်အေး၊ မင်းလူ၊ သင့်လူ၊ တင်နိုင်တိုး၊ စံပယ်ဖြူနုအစရှိတဲ့စာအုပ်ပေါင်း ၃၀၀ကျော်ထုတ်ဝေထား ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts