ကဗျာ မြန်မာပြည်တွင်း

ဒီသစ်- ည



ဒီသစ်
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၈


“နဘယံ ဘေးမရှိ” ဂါထာစုတ်ရုံလောက်နဲ့
ထွက်ရပ်ဖောက်ချင်လို့မရတာ
ခုလို …..
ညီအကိုမသိတဲ့ အ, ကာလတွေမှာပေါ့။

“လ” ကိုယ်တိုင်က
အလင်းလှီ ခေတ်ပေါ်ဂီလာနရောဂါဆန်းနဲ့
ကမ္ဘာပတ်လမ်းမှာ ကတုန်ကယင် ။

“ရန်သူက
ရန်သူကို
ရန်သူမှန်းသိတဲ့အကြောင်း….”
” ပေဘယ်ကော်ခ်ျဂင် ” က
“ခရစ္စတီနာ့” ကို
ရင်ဘတ်နဲ့ ပြောတဲ့ညမှာ
အလင်းပျို့သံဟာ
ရင်ခေါင်းကြီးကြပ်လာတဲ့အထိ လှိုက်လှိုက် တက်ခဲ့။

ပျားရည်တစက် နှစ်စက်ကို
မမြင်မစမ်းနဲ့ဖိဖိလျက်နေကြတဲ့လျာတွေသာ
ပဒေသာဖြစ်လို့…
အမှောင့်ဓားကတော့ ထက်သထက် …ထက်
ဒီလိုနဲ့
ညကြီးစုန်းစုန်းနက်တော့မယ် ။

လျှပ်ကလေးဝင်းခနဲတပြက်မှာ
ကျဉ်စက်ထိသွားကြတဲ့သတ္တဝါတွေ
ဘေးသီရန်ခ
မျိုးဆက်ပွားအင်္ဂါတွေ တွန့်လိပ် ကြွပ်မွ။

အရေးထဲ….
“လ” ကိုယ်တိုင်က
အလင်းလှီ ခေတ်ပေါ်ဂီလာနရောဂါဆန်းနဲ့
ကမ္ဘာပတ်လမ်းမှာ ကတုန်ကယင် ။

ဒီသစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts