ညီစောလွင် – “ဆယ်လမွန် ငါးတို့ အပြန်”
(လွန်ခဲ့တဲ့ ၅ နှစ်၊ ၂၀၁၃ ခုနှစ် True News Journal မှာ ဖော်ပြခဲ့ပြီး၊ အခု ၂၀၁၈၊ ABSDF နှစ် ၃၀ ပြည့် အမှတ်တရ ဖော်ပြပါတယ်)
တပ်ရင်းမှူးက အာရ်အိုင်တီ ကျောင်းသားဆိုတော့ ဖုန်းမော် အရေးအခင်းမှာ ကိုယ်တွေ့ ဖြတ်သန်းခဲ့ရတဲ့သူ၊ နှစ်တိုင်း မတ်လ (၁၃) ရက်နေ့ဆိုရင် တော်လှန်ရေးနယ်မြေရောက် အာအိုင်တီ ကျောင်းသားတွေ ဖုန်းမော်အတွက် အလှူလုပ် လုပ်ကြတယ်၊
တပ်ရင်းမှူးရဲ့ မိတ်ဆွေကတော့ ရန်ကုန်တက္ကသိုလ်မှာ နှစ်အတန်ကြာ ကျင်လည်ခဲ့ဖူးတယ်လို့ သူ့စကားထဲက သိရတယ်၊ လူပုံက ပိန်ပိန်ပါးပါး၊ စကားပြောတော့ တိုးတိုးသက်သက်ဆိုတော့ လက်နက်ကိုင် တော်လှန်ရေးနဲ့ ဘယ်လိုမှ မလိုက်ဖက်တဲ့ ပုံစံ၊ စာသမား၊ ကဗျာသမား နဲ့ ပိုတူတယ်လို့ ထင်တယ်။
စကားပြောလိုက် လုပ်လက်စ အလုပ်တွေကို လုပ်လိုက်နဲ့၊ တိကျသေချာတဲ့ လူတစ်ယောက်လို့ ကျနော့် စိတ်ထဲမှာ ထင်နေတယ်၊ ” အထဲမှာ ရေကန်တကန် ရှိတယ်ဗျ၊ အင်းလျားကန်နဲ့ တူတယ်” လို့ ကျနော်က အသိပေးလိုက်တယ်၊ ” ဟုတ်လား” လို့ သူတို့တွေ ပြိုင်တူ မေးကြတယ်၊ အင်းလျား နဲ့ တူတယ်ဆိုတော့ ကျောင်းသားသူပုန်တွေက စိတ်ဝင်စားနေပြန်ရော…။
ကျနော် တွေးကြည့်တယ်။ လက်နက်ကိုင် တော်လှန်ရေးဆိုတာ လူတိုင်း မလုပ်နိုင်တဲ့ ကိစ္စ၊ ပြီးတော့ စာသင်ခန်းတွေကို ကျောခိုင်ပြီး နေ့ချင်းညချင်း လက်နက်ကိုင်တော်လှန်ရေးသမားဘ၀ကို ခံယူရတာက ပိုပြီး မလွယ်တဲ့ ကိစ္စ၊ ဒါကြောင့်ထင်တယ်၊ ကမ္ဘာလုံးမှာ ကျောင်းသားတပ်မတော်ဆိုလို့ ဘယ်မှာမှ မရှိ၊
မြန်မာပြည်မှာပဲ ABSDF ဆိုတာ ရှိတယ်၊ ကျောင်းသားတပ်မတော်မှာ လက်နက်ကိုင်တယ်ဆိုတာက
အခွင့်အရေးရဖို့ နေနေသာသာ စားဖို့တောင် အနိုင်နိုင်..။ ကျောင်းသားတပ်မတော်ပေါ်ပေါက်တဲ့အချိန်က လက်နက်ကိုင်တော်လှန်ရေးက အကျဘက်ကို ရောက်နေတဲ့အချိန်.။ ကိုယ်ပိုင်နယ်မြေမရှိ၊ ကျွန်းသစ်မရှိ၊ ကျောက်စိမ်းမရှိ၊ မှောင်ခိုအခွန်မရှိ၊ အကြမ်းဖက်သမားအဖွဲ့လို့တောင် တံဆိပ်တပ် ခံခဲ့ရဖူးတယ်၊ ထားတော့၊
ကျောင်းအကြောင်း ပြောနေတုန်း နောက်တစ်ယောက်ဝင်လာတယ်၊ သူတို့တွေ အပြင်မှာ စားစရာဝယ်ပြီး ပြန်လာတဲ့ပုံပဲ၊ ဆဲဗင်း အလဲဗင်းမှာ ရဲဘော်တယောက်က သူဝယ်ထားတဲ့ စားစရာကို ငွေရှင်း ကောင်တာက ကောင်မလေးကို ထောင်ပြပြီး ထွက်သွားလို့ မနည်းပြန်ခေါ်ရတယ်တဲ့။ ကောင်တာရှေ့မှာ ရဲဘော်တွေထဲက တယောက်က ရပ်နေပြီဆိုတော့ အဲဒီ တယောက်ပဲ ရှင်းမယ်ပေါ့၊ ဘာယူသွားလဲဆိုတာကို သိရင် ရပြီဆိုတဲ့ သဘောပေါ့၊ ပစ္စည်းပေါ်က ဘားကုတ်တွေကို ငွေရှင်းကောင်တာမှာ လေဆာနဲ့ ဖြတ်ပြီးမှ ငွေရှင်းရတယ်ဆိုတာကို သူမသိ၊ မြို့ပေါ်မရောက်ဖူး၊ ဆဲဗင်းအလဲဗင်းမှာ တခါမှ ဈေးမ၀ယ်ဖူး။ ရန်ကုန်သွားမယ်ဆိုတော့ ရှေ့တန်းကနေ တက်လာတာလေ။။
နောက်တယောက်ကလည်း ရှေ့တန်းမှာ စီးတဲ့ ဖိနပ်နဲ့ပဲ တက်လာလို့ ဖိနပ်ဆိုင်တွေ့ရင် ကြည့်ပျော်ရူ့ပျော် ဖိနပ်တရံ ၀ယ်ပေးရဦးမယ်တဲ့။
ဒီနေ့ တာချီလိတ်ရောက်တဲ့ ဓာတ်ပုံကို တွေ့တော့ အရင်ဆုံး ခြေထောက်တွေကို လိုက်ကြည့်မိတယ်၊၊ တချို့လည်း ခြေထောက်တွေ ကွယ်နေတော့ ဖိနပ်တွေကို မမြင်ရ၊ မျက်နှာတွေကို လိုက်ကြည့်တော့ အားလုံး ရွင်ရွင်လန်းလန်း၊ တချို့ကို နေကာမျက်မှန်တွေနဲ့ တွေ့တော့လည်း ၀မ်းသာသွားတယ်၊
သူငယ်ချင်း ကဗျာဆရာတယောက် (သူလည်း အာရ်အိုင်တီကျောင်းသား၊ ထောင်ထွက်ပဲ) နယ်စပ်ရောက်ပြီး ဖိနပ်ဖိုး မရှိလို့ ငါးဖြစ်ချင်တယ်လို့ ကဗျာစပ်တာကို သတိယရတယ်၊
“ငါးဖြစ်တော့ ဖိနပ် မလိုတော့ဘူးပေါ့.. အမေ” တဲ့၊၊
အခုလည်း ခင်ဝမ်းရဲ့ ဆယ်လမွန် ငါးတွေ… သူတို့ အိမ်ပြန်သွားကြပြီ၊၊
ဧရာဝတီကို ဆန်ရင်း…။
“ရာသီလည်း တွက်ချက် မှန်ကန်စေ” လို့ ဆုတောင်းပါတယ်။
ဆယ်လမွန်ငါးတို့ အပြန်..