(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၈
မိတ်ဆွေတယောက်ပို့လာ၍ ပညာရေးဝန်ကြီးဌာန၊ အထက်အရာရှိဆိုသူများက ပေါက်တတ်ကရ အမိန့်တွေထုတ်ကာ ပညာ ရေးစနစ်ကို ဖျက်ဆီးနေပါကြောင်း၊ ထို့ကြောင့် ပညာရေးပိုင်းကို စိစစ်ကြပ်မတ်ပေးပါရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံရေးထားသော ပညာရေးဝန်ထမ်းတဦး၏ စာကို ဖတ်လိုက်ရပါသည်။ ထိုစာဖတ်မိပြီး ခေါင်းထဲသို့ အတွေးတစ ဝင်လာသဖြင့် ရေးလိုက်ရပြန်ပါကြောင်း။ (ကျုပ်က အမှန်တွေရေးပြတာ။ တရားစွဲတာတွေ ဘာတွေ မလုပ်နဲ့နော။ ကျုပ်က ကြောက်တတ်တယ်။)
Ref: link: https://www.facebook.com/451408591693369/photos/a.523713597796201.1073741829.451408591693369/ 786163011551257/?type=3
မြန်မာနိုင်ငံမှ ပညာရေးစနစ်ကြီးအကြောင်း အများပြည်သူသိပြီးဖြစ်၍ မပြောလိုတော့ပါ။ ကျွန်တော်ပြောချင်သည်မှာ စနစ် သစ်ပညာရေးဆိုတာကြီးအကြောင်း ဖြစ်ပါသည်။
ကျွန်တော်လူမှန်းသိတတ်စ အရွယ်ကတည်းက စနစ်သစ်ပညာရေးဆိုတာကြီးနှင့် ပက်ပင်းတိုးခဲ့ရသည်။ ထိုကတည်းက တသစ်တည်း သစ်လာလိုက်သည်မှာ ယခုတိုင် စနစ်သစ်လို့ မဆုံးနိုင်။ မြန်မာနိုင်ငံလောက် ပညာရေးကို စနစ်သစ်သည့်နိုင်ငံ ကမ္ဘာပေါ်တွင် နှစ်နိုင်ငံမရှိ။
စနစ်တွေသာ သစ်သစ်သွားသည်၊ ဘာတွေများ ထူးခြားလာပါသနည်း။ တိုးတက်လာပါသနည်း။ စနစ်သစ်ပညာရေးနှင့် သင်ကြားခဲ့ရသော ကလေးများသည် စနစ်ဟောင်းနှင့် သင်ခဲ့ရသည့် ကလေးများထက် ဘာတွေများ ပိုတတ်လာပါသနည်း။
စနစ်တွေသာ သစ်လိုက်ကြသည်။ စနစ်သစ်လိုက်လို့ ကလေးတွေ ဘယ်လောက် တိုးတက်လာသလဲ၊ ပိုတတ်လာသလဲဆိုတာ ကိုယ့်ဘာသာကိုယ်လည်း ပြန်မမေးကြ။ ကိုယ်စိတ်ထဲထင်ရာသာ စွပ်လုပ်နေကြလေသည်။
မိမိတို့ ချမှတ်ကျင့်သုံးနေသည့် ပညာရေးစနစ် မည်မျှထိရောက်သည်ကို တစ်ခါမှလည်း မဆန်းစစ်ကြ။ အဲလေ ဆန်းစစ်တယ် ဆိုတာ ကြားတောင် ကြားဖူးကြပါလေစ။ သိတော့သိတယ် အလုပ်ရှုပ်မှာစိုးလို့ မသိချင်ယောင်ဆောင်နေတာဆိုလျှင်တော့ လည်း မပြောတတ်ပါ။
ယခင် ကျွန်တော် သူငယ်နှပ်စားဘဝက ပညာရေးစနစ် တစ်ခါသစ်လေတိုင်း ဟုတ်နိုးနိုးဖြင့် တအားတက်ခဲ့ဖူးသည့် အချိန် တွေရှိခဲ့ဖူးသည်။ သို့သော် ယခု အသက်ကလေးရလာလို့ ၎င်းတို့လုပ်ခဲ့သည့် စနစ်သစ်ဆိုတာကြီးကို ပြန်တွေးမိမှ အတော်ရီ ချင်မိလေသည်။
ကျွန်တော်ပြောတာ လွန်မလွန် မိတ်ဆွေတို့ စဉ်းစားကြည့်ပါခင်ဗျာ။
ကျွန်တော် ၉ တန်း၊ ၁၀ တန်းကို ၁၉၇၇၊ ၇၈၊ ၇၉ ခုနှစ်များတွင် တက်ခဲ့၏။ ဆယ်တန်းစာမေးပွဲကို ၁၉၇၉ မတ်လတွင်ဖြေခဲ့၏။
ကျွန်တော်တို့တက်ခဲ့တာ စနစ်သစ်ပညာရေးဖြစ်၏။ ဆိုတော့ ကျွန်တော်တို့ အရင်အတန်းတွေတုန်းက စနစ်ဟောင်းပေါ့။ မဟုတ် ပါ ခင်ဗျာ။ သူတို့လည်း ကျွန်တော်တို့ခေတ်ကျမှ စနစ်ဟောင်းဖြစ်သွားရတာဖြစ်ပြီး ယခင်ကတော့ စနစ်သစ်သာ ဖြစ်ပါသည်။ ထို့အတူ များမကြာမီ ကျွန်တော်တို့တက်ခဲ့ရသောစနစ်သည်လည်း စနစ်ဟောင်းဖြစ်သွားပြန်ကာ နောက်ထပ် စနစ်သစ်တစ်ခု ပေါ်လာပြန်ပါသည်။
သဟာဆို ဘယ်လို စနစ်သစ်တယ်ဆိုတာ နည်းနည်းလောက် စေ့ငုကြည့်ရအောင်။
ကျွန်တော်တို့မတိုင်မီ စနစ်ဟောင်းတုံးက ၉ တန်းဆယ်တန်းတွင် ဝိဇ္ဇာ၊ သိပံ္ပခွဲထား၏။ ကျွန်တော်တို့ စနစ်သစ်ကျတော့ ဝိဇ္ဇာ၊ သိပ္ပံရယ်လို့မရှိတော့ဘဲ ပေါင်းလိုက်သည်။ လုပ်ပုံလည်း ကြည့်လိုက်ဦး။ ဓာတုဗေဒနှင့် ရူပဗေဒကို တတွဲ။ ပထဝီ၊ သမိုင်းနှင့် ဘောဂဗေဒကို တတွဲ။ မြန်မာစာ၊ အင်္ဂလိပ်စာနှင့်သင်္ချာများပေါင်းလိုက်တော့ စုစုပေါင်း ဘာသာရပ် ၆ ခု ဖြစ်သွား သည်။
နောက်တော့ တွဲရေးကိုမကြိုက်၍ ပြန်ခွဲပြန်သည်။ နောက် ခွဲရေးမကြိုက်၍ ပြန်တွဲပြန်သည်။ သည်စာ၊ သည်ကျောင်း၊ သည် ဆရာ၊ သည်သင်နည်း၊ သည်အချိန်။ ဘာတခုမှ မပြောင်းဘဲ စာကိုသာ ဟိုလိုတွဲလိုက်၊ သည်လိုခွဲလိုက် လုပ်နေကြလေသည်။
သည်ကြားထဲ ဟုတ်တိပတ်တိ၊ ဝပ်သားရင်းဟိုက်နှင့် ဂလိတ်အိတ်စ်ပတ်တေးရှင်း (အယ်မယ်လေး၊ လျှာလိပ်လိုက်တာ) ကို အင်္ဂလိပ် ပြဋ္ဌာန်းစာအဖြစ် သင်လိုက်သေးသည်။ ထိုအချိန်တုံးက တက်ခဲ့ရသည့် ကျောင်းသားများကို ကြည့်လိုက်တော့လည်း ဘာတစ်ခုမှ ထူးခြားတိုးတက်လာတာ မမြင်ရ။ သည်ပုပ်ထဲက သည်ပဲကြီးလှော်စေ့တွေသာ ဖြစ်လေသည်။
၎င်းတို့လုပ်နေပုံကို ယခု ကျွန်တော်ပြန်စဉ်းစားကြည့်လိုက်တော့ အနှီပညာရေးဌာနမှ လူကြီးများမှာ လက်ထဲသို့ ရွှံ့တုံးတတုံး ရလာသော ကလေးငယ်တစ်ဦးလို ဖြစ်နေလေသည်။ ကလေးငယ်မှာ ရွှံ့တုံးကို လေးထောင့်လေးလုပ်လိုက်သည်။ အတန် ကြာတော့ လေးထောင့်ပုံကို မနှစ်သက်ရကား အလုံးလေးလုပ်လိုက်ပြန်သည်။ တခါ အလုံးကြီးက ကြည့်ရတာ ရုပ်ဆိုး လိုက်တာဆိုပြီး ပိရမစ်ပုံ လုပ်ပြန်သည်။ ထိုပညာရေးဆရာကြီးများမှာလည်း ထိုကလေးနှင့် ဘာမှမကွာ။ အတူတူပင် ဖြစ် လေသည်။
အဘယ်ကြောင့် ဤသို့ဖြစ်နေရသနည်း။ ၎င်းတို့သည် ကလေးများ၏ ပညာရေးတိုးတက်မှုကိုလိုလား၍ စနစ်များကို တ သစ်တည်း သစ်နေခြင်း ဖြစ်ပေမည်။ သို့သော် ၎င်းတို့သည် (Think out of the box) ဆိုတာကို ဂရုမပြုမိကြသောကြောင့် သည်ပုံးထဲတွင်သာ အဝိုင်းလုပ်လိုက်၊ လေးထောင့်လုပ်လိုက် လုပ်နေကြခြင်းဖြစ်၏။
အသင် ပညာရှိမင်းတို့ခင်ဗျာ …
အသင်တို့သည် ဤပုံးထဲမှ ရုန်းမထွက်နိုင်သရွေ့ကာလပတ်လုံး စနစ်များ မည်မျှပင်သစ်နေသည်ဖြစ်စေ၊ ကလေးများ၏ ပညာတတ်မြောက်မှု အဆင့်မှာ တက်လာစရာအကြောင်း တစ်ပြားဘိုးကမှ မရှိကြောင်း ပြောလိုက်ပါရစေ။ ပညာရေး ရည် မှန်းချက်ကြီးမည်မျှ ချထားပါစေ၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်အံ့ဟု မည်မျှပင် ဆင်လောက်ကြီးသည့် စာလုံးကြီးများဖြင့် ရေးနေသည် ဖြစ်ပါစေ။ မထူးရေးချ မထူးဟု ကျွန်ုပ်က ဆိုလိုက်ပါသည်။
ချမှတ်ထားသော မဟာဗျူဟာနှင့်လုပ်နေသည့် နည်းဗျူဟာများကို ပြန်လည်သုံးသပ်ကြပါ။ ငါတို့ရေးဆွဲချမှတ်ထားတာ တွေဟာ တကယ်ဖြစ်နိုင်ရဲ့လား၊ မြေပြင် အခင်းအကျင်းနဲ့ ကိုက်ညီရဲ့လားဟု ပြန်လည်သုံးသပ်ကြပါ။ ရန်ကုန်လောက်တွင် မကြည့်ဘဲ ဟို့ ကျွန်တော်တို့ ဝါးတောကွင်းရွာက ကျောင်းလိုဟာမျိုးထိ ဆင်းကြည့်ကြပါ။ ဝါးတောကွင်းရွာတွင် ဆယ်ရက် လောက်အိပ်ကာ သူတို့ စာသင်နေပုံ၊ ကလေးများ စာသင်ကြပုံ၊ စာတတ်မြောက်မှုအခြေအနေများကို လေ့လာကြပါဟု အလေးအနက် တိုက်တွန်းလိုက်ရပါကြောင်း။
(အဝေးသင်တက္ကသိုလ်၊ ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်အတွက် ပြဋ္ဌာန်းထားသော အင်္ဂလိပ်စာ အဆင့်အတန်းမှာမူ အတော်ကြီးကို စိတ်ပျက်စရာဖြစ်၏။ ယခု သင်နေသည့်စာများမှာ ယခင် အနှစ် ၃၀လောက်၊ ကျွန်တော်တို့ ကျောင်းသား ဘဝက သင်ခဲ့ရသည်များနှင့် အတူတူပင်ဖြစ်၏။ တစ်ပြားဘိုးမှ မပြောင်းပါ။
သို့သော် ဤသည်ပင်လျှင် ကျွန်ုပ်အတွက် အခွင့်ကောင်းတစ်ရပ်ဖြစ်လေ၏။ ကျွန်ုပ်သည် ဖြေခဲ့သော ပထမနှစ်နှင့် ဒုတိယနှစ် စာမေးပွဲများတွင် အင်္ဂလိပ်စာကို အထဲတွင် ဘာတွေပါတယ်ဆိုရုံလောက် လှန်လှောကြည့်ပြီး စာတစ်လုံးမှမကျက်ဘဲ ဖြေ ခဲ့ခြင်း ဖြစ်၏။ ဤသည်မှာ ကျွန်တော် တော်လွန်းလှလို့မဟုတ်။ ပြဋ္ဌာန်းထားသည့်အင်္ဂလိပ်စာအဆင့်က နိမ့်လွန်းလှ၍ ဖြစ် လေသည်။)
ကျွန်တော် ယခု စင်ကာပူပညာရေးအကြောင်း အပြည့်အစုံရေးရန် လိုအပ်သည့် စာအုပ်စာတမ်းများ စုဆောင်းလျက်ရှိပါသည်။ စာအုပ်တစ်အုပ်ထုတ်လောက်သည်ထိ ကြိုးစားကြည့်ပါမည်။ လက်တွေ့ကျောင်းတက်နေသည့် ကျောင်းသားများ နှင့် ဆရာ၊ ဆရာမများကိုပါ အင်တာဗျူးလျက် စာတွေ့လက်တွေ့ ရေးပါမည်။
သူများသားသမီးတွေ ဘယ်လိုလုပ်နေသည်ကို သိနိုင်ကြစေရန် ဖြစ်၏။ ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁ မေလ၊ ၂၀၁၈