ရသဆောင်းပါးစုံ

လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး – ဆောင်းပါးအမှတ် (၁၃)

လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး – ဆောင်းပါးအမှတ် (၁၃)
တပ်မတော်သမိုင်းအမှန်ပေါ်ရေး
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂ဝ၁၈


၁၅-၁ဝ-၂ဝ၁၈ နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးအတွက် ထိပ်သီးအစည်းဝေး၊ ကာချုပ်ရဲ့မိန့်ခွန်းမှာ တပ်မ တော်သမိုင်းကို ဗလုံးဗထွေးကြီးပြောသွားပါတယ်။ သိပ်တော့မထူးဆန်းလှပါဘူး။ လွတ်လပ်ရေးရပြီးကတည်းက ဖဆပလ အစိုးရကစလို့သမိုင်းကို အမျိုးမျိုးပုံဖျက်လာရာမှာ စစ်အာဏာရှင်အဆက်ဆက်မှာတော့ အဆိုးဆုံးအဆင့်ထိ ရောက်လာပါ တယ်။ အမှန်လေးနဲ့အစချီပြီး မလိုချင်တာတွေကို ပုံဖျက်သင့်ဖျက်၊ လုံးဝဖျောက်တန်ဖျောက်၊ လိုချင်တဲ့အချက်တွေကို (အခုခေတ်စကားနဲ့ဆို ဂျင်းထည့်ပြီး) ပုံသွင်းပြောဆိုတာပါပဲ။ အဓိကကတော့ ဆင်းရဲဒုက္ခတွင်းနက်နေခဲ့တဲ့-ကိုလိုနီဗမာနိုင် ငံကြီးလွတ်လပ်ရေးရပြီး သာယာဖွံ့ဖြိုးလာရေးဆိုတဲ့အတွေးအခေါ်အခြေခံနဲ့တည်ဆောက်ခဲ့တဲ့ ဗမာ့တပ်မတော်ကြီးကို စစ် အာဏာရှင်ကြီးများရဲ့ လက်ကိုင်တုတ် ပြည်သူ့ဖိနှိပ်ရေးယန္တရားကြီးအဖြစ် ပြောင်းလဲသွားရေးအတွက် ကြိုးပမ်းတဲ့ဖြစ်စဉ်ပါ။

အခုဗမာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲ လမ်းဆုံလမ်းခွ ရောက်နေချိန်မှာ အခရာဟာ ဗမာ့တပ်မတော်ပါ။ စစ်တပ်က မိမိ မတရားရယူထားတဲ့ နိုင်ငံရေးအာဏာတွေ၊ စီးပွားရေးအာဏာတွေကို မူရင်းပိုင်ရှင်များဖြစ်တဲ့ ကျန်(လူမျိုးစုများ အပါ အဝင်) နိုင်ငံသူနိုင်ငံသားများနဲ့ မျှဝေရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိလာမှ (တနည်း) စစ်တပ်က မိမိတို့ တရားမျှတမှု မရှိဘူး ဆိုတာမြင် လာပြီး နိုင်ငံရေးကရော၊ စီးပွားရေးအဝန်းအဝိုင်းကရော နောက်ဆုတ်ပေးမှ ဗမာပြည့်နိုင်ငံရေး ရှေ့တိုးနိုင်ပါလိမ့်မယ်။

ဒီအတွက် ပထမဆုံး လိုအပ်ချက်ကတော့ (မိမိတို့လောက် တိုင်းပြည်ချစ်သူများမရှိလို့ ယုံကြည်လာအောင် ဦးနှောက် ဆေး ခံထားရတဲ့ ဗိုလ်ချုပ်များအပါ) တပ်မတော်သားများအနေနဲ့ တပ်မတော်သမိုင်းအမှန်သိဖို့ပါပဲ။

● တပ်မတော်အစ ရဲဘော်သုံးကျိပ်က     
၁၃ဝဝ ပြည့် (၁၉၃၈-၃၉) အရေးတော်ပုံကြီး အကြမ်းဖက်အနှိမ်နှင်းခံလိုက်ရတော့ ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုကို ဦးဆောင် နေတဲ့ တို့ဗမာသခင်ခေါင်းဆောင်များဟာ ကိုလိုနီအင်္ဂလိပ်ကို လက်နက်နဲ့တော်လှန်မှ ဖြစ်တော့မယ်-လို့သဘော ပေါက်လာ ကြပြီး လက်နက်အကူအညီ ရှာဖို့နိုင်ငံခြားကို မျှော်မှန်းကြည့်ရှု ရှာဖွေလာကြပါတယ်။ တိုင်းပြည်တွင်း ဆက်နေ နိုင်သူများက ဆက်နေပြီး အဲဒီကာလ ဆုငွေ ၅ ကျပ် အထုတ်ခံထားရလို့ ပြည်တွင်းရှောင်တိမ်းနေရတဲ့  သခင်အောင်ဆန်းကို တရုတ် ပြည် ကွန်မြူနစ်ပါတီရဲ့ မြေအောက်အဖွဲ့ရှိတဲ့ ရှန်ဟိုင်းသွားဖို့စေလွှတ် လိုက်ပါတယ်။ ရရာသဘောင်္နဲ့ လိုက်ရလို့ အမွိုင်ပဲ ရောက်သွားပါတယ်။ အဖော်အဖြစ် သခင်လှမြိုင် (ဗိုလ်ရန်အောင်) ပါသွားပါတယ်။ အဲဒီမှာ ငွေပြတ်လို့ ပြည်တွင်း-ကျန်နေခဲ့ တဲ့ သခင်လှဖေ (ဗိုလ်လက်ျာ) ကို လှမ်းတောင်းရပါတယ်။ ဗိုလ်လက်ျာက ငွေ လိုက်အလှူခံရာမှာ သခင်သိန်းမောင်ကတဆင့် ဂျပန်တွေ သိသွားပါတယ်။ ဒီတင် သခင်အောင်ဆန်းတို့နှစ်ယောက် ဂျပန်လက်ပါသွားတာပါ။ (ဒီနေရာမှာ ဆက်စပ်လာလို့ အကြောင်းအရာ တချို့ကိုပြောပြချင်ပါတယ်။
ဂျပန်ဟာ အစောကြီးကတည်းက အာရှနိုင်ငံများကို နယ်ချဲ့ဖို့ စီစဉ်ပြင်ဆင်ပြီးသားပါ။ နိုင်ငံအနှံ့မှာ သူတို့သူလျှိုတွေ သတင်း ပေးတွေ ရှိပါတယ်။ တရုတ်ရဲ့ ဂျပန်ခုခံရေးစစ်ပွဲနဲ့ပတ်သက်တဲ့ ရုပ်ရှင်ကားတကားထဲမှာ တွေ့ဖူးတာတခု ရှိပါတယ်။ တရုတ် ကွန်မြူနစ်တပ်တွေက ဂျပန်စစ်စခန်းကရလာတဲ့  စစ်မြေပြင်မြေပုံကိုကြည့်ပြီး အတော်အံ့အားသင့်ကြရတယ်တဲ့။ သိပ်အ သေးစိတ်လွန်းလို့တဲ့။ နောက်မှသိရတာက အဲဒီမြေပုံကိုဆွဲပေးသူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဂျပန်ထောက် လှမ်းရေးသမားတယောက်က တရုတ်ကုန်သည်ယောင်ဆောင်ပြီး အဲဒီဒေသတကြော လှည့်လယ်သွားလာ ကုန်ရောင်း ကုန်ဝယ်လုပ်ရင်း ဆွဲထားတာတဲ့။ ဗမာပြည်မှာလည်း နောင်ဗိုလ်မိုးကြိုးဆိုတဲ့နာမည်နဲ့ ကျော်ကြားခဲ့တဲ့ ဂျပန်ထောက် လှမ်း ရေးက ကာနယ်ဆူဇူကီးဟာလည်း ရန်ကုန်မှာ အစောကတည်းကရောက်ရှိပြီး သတင်းထောက်အသွင်ယူ နေနေတာပါ။)
တိုတိုရေးရရင် ဒီလိုနဲ့ ဂျပန်သွားစစ်ပညာသင်တဲ့ ရဲဘော်သုံးကျိပ် ပေါ်လာပါတယ်။ အင်္ဂလိပ်လက်အောက်က-အင်္ဂလိပ် တော်လှန်ဖို့ လုပ်ရတာဖြစ်လေတော့ အလွန်လျှို့ဝှက်ရပြီး သဲထိတ်ရင်ဖိုလုပ် ခဲ့ကြရပါတယ်။ လူငယ် တွေကို (သင်္ဘောနေ ရာရသလောက်) အသုတ်လိုက် ရွေးချယ်ပြီးလွှတ်ရာမှာ ပထမ (၃) သုတ်ဟာ တို့ဗမာအစည်းရုံးရဲ့ ဆရာကြီးသခင်ကိုယ် တော်မှိုင်းအဖွဲ့က ဖြစ်ပါတယ်။ ပြောရရင် လက်ဝဲယိမ်းသူများပါ။ ဒါ့ကြောင့် ဂျပန်က စတုတ္ထအသုတ်ကျတော့ သခင်ထွန်းအုပ်၊ သခင်ဗစိန် အဖွဲ့က လူတွေလွှတ်ဖို့စီစဉ်ပါတယ်။ ဒါပေမယ့် အားလုံးနီးပါးဟာ အဲဒီကာလ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ ကျောင်းသားလှုပ်ရှားမှုများမှာ ပါဝင်ခဲ့ကြသူများဖြစ်ပါတယ်။ အခြေခံအားဖြင့် နိုင်ငံရေးသမားများပါ။

ဒီလို အသုတ်လိုက် ရွေးချယ်စေလွှတ်ရာမှာ ပြသာနာတွေ ရှိခဲ့ပါတယ်။ တချို့ရွေးချယ်ထားတဲ့လူတွေဟာ အနားနီးမှ အ ကြောင်းအမျိုးမျိုးကြောင့် မလိုက်ဖြစ်ရင် (ရတဲ့သင်္ဘောနေရာ အဆုံးမခံနိုင်လို့) ရရာလူတွေ ကောက်ထည့်ရတာအဖွဲ့(၂)ဖွဲ့ လုံးမှာရှိပါတယ်။ ဒါနဲ့ပဲ သခင်ထွန်းအုပ်အဖွဲ့ကရွေးထားတဲ့ သခင်ညီ သင်္ဘောတက်ခါနီးမှအဖျားဝင်လာလို့ တူတော်သူ ကို ရှုမောင် (ဗိုလ်နေဝင်း) ကို အစားထည့်လိုက်ရပါတယ်။ (ကိုကို မောင်ကြီးရေး တရံရောအခါက)။ အဲဒီအဖွဲ့ရဲ့ နံပါတ် (၁) ခေါင်းဆောင်ဟာ သခင်ထွန်းအုပ်၊ (၂) ခေါင်းဆောင်ဟာ သခင်အောင်သန်း (ဗိုလ်စကြ်ာ) ဖြစ်ပါတယ်။ သခင်ထွန်းအုပ်က အုပ်ချုပ်ရေးပညာပဲသင်မယ်ဆိုပြီး တိုကျိုမှာပဲနေခဲ့ပြီး၊ သခင်အောင်သန်း (ဗိုလ်စကြ်ာ) ကလည်း စစ်ပညာဝါသနာမပါလေ တော့ ဗိုလ်နေဝင်းက နေရင်း ထိုင်ရင်းက အဲဒီအဖွဲ့ခေါင်းဆောင်ဖြစ်သွားပါတယ်။ ဒါ့အပြင် ဗိုလ်နေဝင်းဟာ (ဘောလုံး သ မားဖြစ်ခဲ့လို့) အခြေခံကျန်းမာရေးကလည်းကောင်းတာကြောင့်၊ သူတို့ နောက်ဆုံးအသုတ်အနေနဲ့ စစ်သင်တန်းတွေ အပြင်း အထန်လေ့ကျင့်ရာမှာ အတော်အပင်ပန်းအဆင်းရဲခံနိုင်တာကြောင့်လည်း ကျန်ရဲဘော်ငယ်များရဲ့ လေးစားမှုကိုရခဲ့တာပါ။ ဒီနေရာမှာ ဗိုလ်နေဝင်းရဲ့ နောက်ထူးခြားချက်တခုရှိတာကိုလည်း တွေ့နိုင်ပါတယ်။ သခင်အောင်ဆန်း အပါအဝင် ရဲဘော် (၃) ကျိပ် အများစုကြီးဟာ ကျောင်းသားအရေးလှုပ်ရှားသူများဖြစ်ခဲ့ကြလို့ လူမှုရေးအတွေ့အကြုံ အားနည်းကြပါတယ်။ ဗိုလ်နေဝင်းကတော့ အင်္ဂလိပ်ခေတ်အမှုထမ်း (စာတိုက်စာရေး) ဖြစ်ခဲ့လို့ ပေါင်းသင်းဆက်ဆံရေးမှာ အတော်လူရည်လည် ပါတယ်။ ဘယ်သူကို ဘယ်အချိန်မှာကပ်ရမယ်။ ဘယ်အချိန် မှာ ခွာရမယ်ဆိုတာတွေ တွက်တတ်ပါတယ်။ ဒါ့ကြောင့် သူက (အဲဒီတုန်းက သိပ်နာမည်မကျော်ကြားသေးတဲ့) သခင်အောင်ဆန်းကို တလေးတစားဆက်ဆံတာကို မြင်ရတော့ ဆရာကြီး မှိုင်း အဖွဲ့က ဆရာကြီးမှိုင်းအဖွဲ့က နံပါတ် (၁) ခေါင်းဆောင်က သခင်အောင်ဆန်း (၂) ခေါင်းဆောင်က သခင်လှဖေ (ဗိုလ် လက်ျာ) ဖြစ်ပါတယ်။ ဂိုဏ်းဂဃစိတ်ကင်းစင်တဲ့ သခင်အောင်ဆန်းရဲ့ ဦးဆောင်မှုအောက်မှာ ဒီအဖွဲ့ (၂) ဖွဲ့က လူငယ် တွေဟာ စည်းလုံးညီညွ့တ်စွာနဲ့ ဂျပန်တွေသင်ပေးတဲ့ (အဆင့်မမြင့်လှတဲ့) စစ်ပညာကို အဆင်းရဲအပင်ပန်းကြီးစွာနဲ့ သင်ယူ ခဲ့ကြပြီး အခက်အခဲအမျိုးမျိုးကြားကနေ ရဲဘော်သုံးကျိပ်ကို အမြုတေထားပြီး ၁၉၄၁ ဒီဇင်ဘာ (၂၇) ရက် ထိုင်းမှာ ဗမာ့ လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို တည်ထောင်လိုက်ပါတယ်။

● ဒီကနေ ဘာသင်ခန်းစာတွေရရှိနိုင်ပါသလဲ
၁။ အင်အားချည့်နဲ့တဲ့ နိုင်ငံငယ်ကလေးများအနေနဲ့ အင်အားကြီးနိုင်ငံများရဲ့ သေနင်္ဂဗျူဟာ ခြေလှမ်းကြီးများ အကြားကနေ  မိမိတို့နိုင်ငံ အတွက် အကျိုးရှိရာရှိကြောင်း အကွက်ဖော်လုပ်ဆောင်နိုင်ကြောင်း တွေ့နိုင်ပါတယ်။

အဲဒီကာလက ဂျပန်ဟာ တရုတ်ပြည်ကို ဝင်ရောက် ကျူးကျော်နေပါပြီ။ တရုတ်ကွန်မင်တန်အစိုးရတပ်ရော တရုတ်ကွန်မြူနစ် တပ်များရော တပ်ပေါင်းစုဖွဲ့ပြီး ဂျပန်ခုခံဆန့်ကျင်ရေးစစ်ပွဲကို အပြင်းအထန်နွှဲနေလို့ ဂျပန် ရှေ့မတိုးသာဖြစ်နေပါတယ်။ ဒါ့ အပြင် အင်္ဂလိပ်-အမေရိကန် မဟာမိတ်များက လီဒိုလမ်းမကြီးကနေတဆင့် တရုတ်တပ်တွေကို အကူအညီပေးနေလို့ ဒီလမ်းကိုဖြတ်တောက်ချင်တဲ့ ဂျပန်က ဗမာပြည်ဝင်ချင်နေတာပါ။ ဒီဂျပန်ရဲ့ခြေလှမ်းကို ဗိုလ်ချုပ်အောင်ဆန်းအသုံးချပြီး အင်္ဂလိပ်လက်အောက်မှာ လက်နက်ဆိုလို့ (၆) လက်မဒါးတောင် ကိုင်ခွင့်မရှိတဲ့ ဗမာအမျိုးသားများအတွက် တပ်မတော် တရပ်တည်ဆောက်လိုက်ပါတယ်။

၂။ ရဲဘော်သုံးကျိပ်ဝင်အားလုံးမှာ နိုင်ငံရေးသမားအခြေခံများ ဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်ပိုင်းဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်နိုင် စသူများဟာ ရဲဘော်သုံးကျိပ်မဖြစ်ခင်ကတည်းက တိုင်းပြည်မှာ ကျော် ကြားပြီးဖြစ်တဲ့ နိုင်ငံရေးခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်တွေပါ။

၃။ တိုင်းပြည်ကြီးလွတ်လပ်ဖို့၊ လွတ်လပ်ပြီးရင် ငြိမ်းချမ်းသာယာဖွံ့ဖြိုးပြီး ပြည်သူလူထုတွေ လူချင်းတူတူ သူချင်းမျှမျှ နေ ထိုင်နိုင်ဖို့ဆိုတဲ့ ဘုံရည်မှန်းချက်ကြီးနဲ့ အခြေခံမတူတဲ့ ဂိုဏ်း (၂) ဂိုဏ်းကသူတွေ ညီညီညွတ်ညွတ် တစည်းတလုံးထဲ အ ဆင်းရဲ အပင်ပန်းခံ လုံးပန်းကြပြီးတပ်မတော်ကြီးကို အုတ်မြစ်ချတည်ဆောက်နိုင်ခဲ့ကြပါတယ်။

၎။ ဒီလိုသွေးစည်းညီညွှတ်ရေးမျိုးကို ပြည်သူအကျိုးမှတပါး အခြားဘာမှ မရှိတဲ့ ခေါင်းဆောင်မျိုးကသာ လုပ်နိုင်တာပါ။ ဒီ သင်ခန်းစာတွေအပေါ် အခြေခံပြီး ဗမာပြည်ကြီး စည်းလုံးညီညွတ်ရေးအတွက် တပ်မတော်သားများအနေနဲ့ ကြိုးစား သင့်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ မိန်းခွန်းများကတော့ မကွဲကွဲအောင်လုပ်နေသလိုပါလား။ ထိပ်ပိုင်းခေါင်းဆောင်များအားလုံး စည်းစည်းလုံးလုံး တွေ့ဆုံညှိနှိုင်းရေး အစည်းအဝေးမှာ ကိုယ်ပြောချင်ရာပြောပြီး ကျန်သူများဘက်က အပြောကို နားမထောင်တော့ဘဲ အစည်းအဝေးကို ဆက်မတက်တဲ့ လုပ်ရပ်ဟာ အင်မတန် ရိုင်းစိုင်းရာကျပါတယ်။ တိုင်းပြည်ရဲ့ တခြား သေရေးရှင်ရေးကိစ္စမျိုးရှိနေလို့ မဖြစ်မနေသွားရမှာ မျိုးဆိုရင်တော့ ခွင့်လွှတ်နားလည်နိုင်ပေမယ့် အခုဗိုလ်မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ကတော့ ကျန်တိုင်းရင်းသား ခေါင်းဆောင်များအပေါ် မလေးစားရာ ရောက်တယ်လို့ပဲ ဆိုရတော့မှာပါ။ ဒီလိုစိတ်ဓာတ် မျိုးနဲ့ တိုင်းပြည်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှုကတော့ အရာရောက်လိမ့်မယ်လို့ မထင်ပါ။

နောက်ဆောင်းပါးမှာတော့ ဘီအိုင်အေခေတ် တပ်မတော်အကြောင်းပြောပါဦးမယ်။

လှကျော်ဇော
၂၅၊ ၁ဝ၊ ၂ဝ၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts