K ငြိမ်းချမ်း သတင်းပဒေသာ

“ဒီဇိုင်းဖြင့်ပြောသော လူသားဘဝ လုံခြုံမှု”  မြန်မာဂရပ်ဖစ်ဒီဇိုင်းပြပွဲ (၂၀၁၈) YANGON Gallery

“ဒီဇိုင်းဖြင့်ပြောသော လူသားဘဝ လုံခြုံမှု”  မြန်မာဂရပ်ဖစ်ဒီဇိုင်းပြပွဲ (၂၀၁၈) YANGON Gallery
K (မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၈

မြန်မာဂရပ်ဖစ်ဒီဇိုင်းအသင်း Myanmar Graphic Design Association မှ ကျင်းပသော “ဒီဇိုင်းဖြင့်ပြောသော လူသားဘဝ လုံခြုံမှု”အမည်ရှိ မြန်မာဂရပ်ဖစ်ဒီဇိုင်းပြပွဲ(၂၀၁၈)ကို ရန်ကုန်မြို့အလုံလမ်းပြည်သူ့ဥယျာဉ်အတွင်းရှိ YANGON Galleryမှာ ယနေ့ အောက်တိုဘာ၂၆ ရက်မှ ၂၈ ရက်တိုင် မနက် ၁၀ နာရီကနေ ညနေ ၆နာရီထိပြသနေပါတယ်။

အဆိုပါပြပွဲမှာ တောင်ကိုရီးယားနိုင်ငံမှ ဒီဇိုင်းပညာရှင် ၁၅ဦးနဲ့ မြန်မာနိုင်ငံမှ ဒီဇိုင်းနာ၄၅ဦးတို့ရဲ့လက်ရာများကိုပြသထားမှာဖြစ်ပြီးပွဲတက်ရောက်လာသူများအနေနဲ့ Design ပညာနဲ့ ပတ်သက်ပြီး လက်တွေ့ရေးဆွဲပြသမှုများ ဟောပြောမှုအစီအစဉ်များလည်းပါဝင်တယ်လို့သိရပါတယ်။

ပြပွဲအစီအစဉ်အနေနဲ့ Myanmar Graphic Design Associationလူမှုစာမျက်နှာမှ “Myanmar Graphic Designerများ၊ အနုပညာချစ်မြတ်နိုးသူများ၊ လုပ်ငန်းရှင်ကြီးများနဲ့ သူငယ် ချင်းမိတ်ဆွေများ အားလုံးကို လေးစားစွာဖိတ်ကြားအပ်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံ Graphic Design အသင်းအနေနဲ့ နှစ်ပတ်လည် Design ပြပွဲအဖြစ် အောက်တိုဘာ ၂၆၊ ၂၇ နဲ့ ၂၈ရက်နေ့တွေမှာ ပြည်သူ့ရင်ပြင်အတွင်းက The YANGON Galleryမှာ ပြပွဲနဲ့အတူ အောက်ပါဟောပြောပွဲ အစီအစဉ်တွေအတိုင်း ကျင်းပမှာဖြစ်ပါတယ်။

ပြပွဲမှာပြသမယ့် Designပုံတွေကိုကြည့်ရှုခံစားရင်း Design ပညာနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အကြောင်းအရာတွေကိုလည်း အောက်ဖော်ပြပါဆရာများမှ ဟောပြောချက်များ၊ လက်တွေ့ရေးဆွဲမှုများဖြင့် ရှင်းလင်းပြသပေးမှာဖြစ်ပါတယ်။ ၂၆-၁၀ ၂၀၁၈ မှာတော့ ဆရာဦးဝင်းဖေ ၊ ဆရာဦးမောင်မောင်လှမြင့် နဲ့ တောင်ကိုရီးယားနိုင်ငံမှ မစ္စတာ ချွိုင်း Choi,Jang Rak Academic Professor of Tongmyong University တို့က အဖွင့်စကားနဲ့ပညာရပ်စကားတွေ ပြောကြားပေးကြမှာဖြစ်ပြီး….နေ့ခင်းပိုင်း မွန်းလွဲ-၁-နာရီမှာတော့ လူငယ်ပိုင်းက Saw Thinzar Htike က ပြောကြားပို့ချပေးမှာဖြစ်ပါတယ်။ ၂၇-၁၀-၂၀၁၈မှာ မနက် ၁၁ နာရီမှာ ဆရာဆန်နီညိမ်း က ပုဂံမျက်နှာကျက် ပန်းချီများရဲ့နည်းစံနစ်တွေ အကြောင်းကိုပြောပြမှာဖြစ်ပြီး နေ့ခင်းပိုင်း မွန်းလွဲ ၁ နာရီမှာတော့ လူငယ်ပိုင်းက Yangon BEE ရဲ့ဟောပြောရေးဆွဲပြသမှုနဲ့ 022 မှ Ye Htut ရဲ့ calligraphy လက်တွေ့ ရေးဆွဲပြ သမှုပါ။ ၂၈-၁၀-၂၀၁၈ နေ့မှာတော့ မနက်ခင်းမှာ ပန်းချီဆရာဝင်းဖေမြင့်နဲ့ ပန်းချီတင်ထွဏ်းတို့က ဟောပြောပို့ချပေးမှာဖြစ်ပြီ။ နေ့ခင်းပိုင်း မွန်းလွဲ ၁ နာရီမှာတော့ လူငယ်ပိုင်းက Kabyar Oo , နဲ့ Kaung Myat Htet တို့ ဖြစ်ပါတယ်။ ပြပွဲကိုလာရောက်ကြမယ့်သူတွေအတွက် ဝင်ကြေးနဲ့ အစားအသောက်တွေအားလုံးကို အခမဲ့စီစဉ်ပေးထားကြောင်းပြောရင်း ဆက်ဆက် လာရောက်ဖို့ ထပ်မံဖိတ်ကြားပါတယ်”လို့ပြောဆိုထားပါတယ်။

ယခု ဂရပ်ဖစ်ဒီဇိုင်းပြပွဲဟာ ဒုတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်ပြပွဲကိုတော့ ၂၀၁၇ဇူလိုင်လထဲမှာ ဂရပ်ဖစ်ဒီဇိုင်နာ အယောက် ၇၀ကျော်ရဲ့လက်ရာတွေနဲ့ ရန်ကုန်ဂယ်လာရီမှာ ပြသခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts