K ငြိမ်းချမ်း သတင်းပဒေသာ

ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ ရုပ်ရှင်အနုပညာရပ်ဝန်းမှာ ကျင်းပမယ်

ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ ရုပ်ရှင်အနုပညာရပ်ဝန်းမှာ ကျင်းပမယ်
K (မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၈

မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ စီမံခန့်ခွဲရေးအဖွဲ့တို့ ပူးပေါင်း၍ ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲနှင့် ရုပ်ရှင်ဇာတ်ကား ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း အစီအစဉ်ကို ရန်ကုန်မြို့ ဗဟန်းမြို့ နယ် အမှတ်(၅၀) ရွှေတောင်ကြားလမ်းရှိ “ရုပ်ရှင်အနုပညာရပ်ဝန်း”တွင် အောက်တိုဘာ၂၇ ရက်မှ၂၈ ရက်ထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါအခမ်းအနားမှာ ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ်ခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ(Panel Discussion on Making Good Movie: Production on Set) ကို အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် “ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ”(Film Development Centre) ၌ ကျင်းပမည်ဖြစ်ရာ ဒါရိုက်တာများဖြစ်ကြသော ဦးအောင်ကိုလတ်၊ ဦးသီဟကျော်စိုးနှင့် ဦးအောင်မြတ်တို့မှလည်းကောင်း၊ ထုတ်လုပ်သူများဖြစ်ကြသော ဦးဝင်းကြည်၊ ဦးမင်းသီဟစိုးတို့မှလည်းကောင်း ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားများပြသပြီး ၄င်းဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း(Film Analysis) အစီအစဉ်ကို အောက်တိုဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီတွင် ရုပ်ရှင်ပြခန်းမ၌ ဇာတ်ညွှန်းရေးဆရာ ဒေါက်တာအောင်မင်းမှဦးဆောင်ပြုလုပ်မည်ဖြစ်ရာ ဒါရိုက်တာ Cristian Mungiu ၏ “4 Months 3 Weeks & 2 Days” ဇာတ်ကားကို ကြည့်ရှုလေ့လာကြ ရမှာဖြစ်ပြီး ယင်းဇာတ်လမ်းဟာ Rominia New Wave Film အမျိုးအစားဖြစ်ပြီး ပြင်သစ်နိုင်ငံကိန်းရုပ်ရှင်ပွဲတော်တွင် Palme do’or Winner ဆုရရှိခဲ့တဲ့ဇာတ်ကားဖြစ်တယ်လို့ လည်းသိရပါတယ်။

အဆိုပါ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ( ရုပ်ရှင်အနုပညာရပ်ဝန်း)မှာ မကြာခဏ ရုပ်ရှင်နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲများ ဟောပြောမှုများကို ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ ထုတ်ဝေသူအစရှိသဖြင့် ရုပ်ရှင်နယ်ပယ်မှ ပုဂ္ဂိုလ်များက ဟောပြောဆွေးနွေးဝိုင်းပြုလုပ်လေ့ရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts