မောင်တူး ဖြစ်ရပ်များ၊ အမှတ်တရများ

မောင်တူး – ကံသီလို့မသေ ကျောင်းသားတပ်မတော် ကရင်ကတိုက်ရွာ တိုက်ပွဲ

မောင်တူး  – ကံသီလို့မသေ ကျောင်းသားတပ်မတော် ကရင်ကတိုက်ရွာ တိုက်ပွဲ

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၈

နှစ် ၃၀ တိုင်ခဲ့ပြီ။ အားလပ်ခဲ့ရင်တော့ ဘိတ်မြို့က ကျောင်းသားတပ်မတော် နှစ်ပတ်လည် အခမ်းအနားကိုကြွရောက်ပါလို့ဖိတ်ခေါ်အပ်ပါတယ်။ – – – ဆိုတဲ့ ဖတ်စာကိုတွေ့တယ်။ တွေ့လို့ဖတ်ကြည့်တယ်။ ဖတ်တော့ သတိရစရာတွေ ဖြစ်လာပြီပေါ့။ ဘိတ်မြို့မှာလိုပဲ ရန်ကုန်၊ လိုင်ဇာနဲ့ ကျောင်းသားတပ် ဋ္ဌာနချုပ်တွေမှာ အမှတ်တရ အခမ်းအနားတွေ လုပ်ကြမှာ။

၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးကစလို့ ABSDF ကျောင်းသားတပ်မတော် ဖွဲ့စည်း လာခဲ့တာကို အားလုံးအသိပါ။ ကျောင်းသားတပ်မတော်မှာ တိုက်ပွဲတွေ အများကြီး ရှိခဲ့၊ ဒဏ်ရာရခဲ့၊ ကျဆုံးခဲ့သူတွေ ရှိခဲ့ပါတယ်။ ဒီအထဲက ကံသီလို့ ကျနော်နဲ့ ဗိုလ်လှဦးနဲ့ ရဲဘော် လေး ငါး ယောက်တို့ အသက်မသေခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲ့ ၁၉၉၁ ခုနှစ် (ကရင်ကတိုက်ရွာ) တိုက်ပွဲအကြောင်း အခုလို မျိုး ကျောင်းသားတပ်မတော် နှစ် သုံး ဆယ် ပြည့် နီးလာချိန်မှာ သတိရနေပါတယ်။

ကရင်ကတိုက်ရွာအကြောင်း
ကရင်ကတိုက် (အမှန်က ကညင်ကတိုက်ပါ) ကျနော်တို့ နှုတ်ကျိုးနေတော့ ကရင်ကတိုက်လို့ ခေါ်တာပါ။ အဲ့သည်တုန်းက ကရင်ကတိုက်မှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့တယ်။ နဝတတပ်က ကျောင်းသားတပ်ကို အပိုင်ဝိုင်းပိတ် တိုက်တာ။ ကျနော်တို့ ဖောက်ထွက်ခဲ့တာ ။ ကျောင်းသားတွေ သေနပ်ပြီးတယ် လို့တောင် နာမည်ကြီးသွားတယ်။ တယောက်မှတိုက်ပွဲမကျခဲ့ဘူး။ လယ်ကွင်းထဲ ဖြတ်ပြီး ဆုတ်ရတာ။ ခေါင်းပေါ်မှာတော့ ကျည်ဆံတွေက တရွီးရွီးနဲ့ ဖြတ်နေခဲ့၊ ဒါပေမဲ့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်။ ဒီအချိန်မှာ ကံဆိုးသူ ရဲဘော်လှတင် တယောက်ထဲပဲ လက်နဲ့ပေါင်မှာ ဒဏ်ရာရခဲ့တယ်။ ကရင်ကတိုက်က လယ်ပေါတယ်။ ချောင်းမြောင်း ပေါတယ်။ ဒါကြောင့် စီးပွားရေး ကောင်းတဲ့ရွာ တရွာ။ အစိုးရတပ်လည်းဝင်တယ်။ စခန်းချတယ်။ ကျနော်တို့ ကျောင်းသားတပ်တွေ၊ ကရင်နဲ့ မွန်တပ်တွေလည်းဝင်တယ်။ သူဝင်ကိုယ်ထွက် သူဝင်ကိုယ်ထွက်ပေါ့။ ဒီမှာက အစားအသောက်လဲပေါ။ အဆင်ပြေတယ်ပေါ့။

ကရင်ကတိုက်ရွာတိုက်ပွဲ
၁၉၉၁ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်း အခုလို သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလ။ ကျနော်တို့ ကျောင်းသားတပ်မတော်က တပ်ခွဲ ၂ ခွဲ၊ ကိုလှဦးနဲ့ ကိုသန်းဦးတို့ ခေါင်းဆောင်ကြတယ်။ ကရင် ဗိုလ်တွေက ဗိုလ်ငွေနဲ့ ဗိုလ်စောမွှေး၊ အားလုံးပေါင်းထားကြတာပါ။ ကရင်ကတိုက်ရွာကနေထွက် ခက်ရင်းချောင်းဘက်အဆုပ် နဝတတပ်တွေက ပိတ်စောင့်ပြီး ပစ်တာခံရတော့တယ်။ ဒါပေမဲ့ သတိကြီးကြီးထားပြီး ကာပစ် ပစ်ပြီး ကြားလမ်းကြောင်းဖေါက် ဆုပ်ခဲ့ကြလို့ အားလုံး လွတ်လာခဲ့ကြတယ်။

ရဲဘော်လှတင် ကျည်သင့် ဒဏ်ရာရခဲ့
လယ်ကွင်းတွေ ဖြတ်အပြေး ကျောင်းသားတပ်မတော် ရဲဘော်လှတင် ဒဏ်ရာရပါတယ်။ ဒလစပ် ပစ်နေတဲ့ ကျည်ဆံတွေကြောင့် ကန်သင်းရိုးဘေးကို ၀ပ်ချလိုက်ချိန်မှာ ကျည်တတောင့်က လက်ကိုရော ပေါင်ကိုပါဖေါက်ဝင်သွားခဲ့တာ။ ဒီနေရာမှာ အရေးပေါ် အဖြစ် ရဲဘော်စောမင်းက သူ့လုံခြည်ကိုဆုတ်ပြီး ဒဏ်ရာတွေကိုစည်းလို့ ပြန်ဆုတ်လာခဲ့ရတယ်။ ဒဏ်ရာရသူ ရဲဘော်လှတင်ဟာ မော်လမြိုင် သပိတ်က ကျောင်းသားတဦး ဖြစ်ပါတယ်။ ၈၈၈၈ ရှစ်လေးလုံး စစ်အာဏာသိမ်းအပြီး တောခိုလာသူပါ။ ရဲဘော်စောမင်းကလည်း မွန်ပြည်နယ်က သပိတ်မှောက် ကျောင်းသားတဦးပါပဲ။ အခုတော့ ကိုစောမင်းနဲ့ မိသားစုဟာ အမေရိကန်ပြည်ထောင်စုမှာ ကျန်းမာစွာ နေထိုင်နေကြပါတယ်။ ရဲဘော်လှတင်လည်း နောက်ပိုင်း ဒဏ်ရာတွေ ပြန်ကောင်းပြီး အနာတွေကျက်ပြီး သန်သန်မာမာပဲ နေထိုင်သွားပါတယ်။ အခုတော့ ကိုလှတင်ဟာ မြန်မာပြည်အတွင်မှာပဲ ကျန်းကျန်းမာမာ ရှိနေတယ်လို့ ကြားရပါတယ်။

သေမင်းနဲ့ လက်တစ်ကမ်းအလို ကျနော်တို့နဲ့ ကရင်ကတိုက်ရွာအဝင်
သူတို့ တိုက်ပွဲကို ကျနော်တို့ မသိခဲ့ပါ။ ကျနော်တို့က တိုက်ပွဲနဲ့ တရွာခြားမှာ အကြောင်း တခုနဲ့ သွားရောက်နေခဲ့လို့ပါ။ ဗိုလ်လှဦးက တပ်ခွဲမှုး၊ ရဲဘော်တွေက ကျနော်ရယ်၊ ရဲဘော်သန်းဇော်၊ ရဲဘော် ထူးအောင်၊ ရဲဘော်ခင်ဦး၊ ရဲဘော်ဟန်ဝင်းအောင် တို့ဟာ စစ်ကြောင်းကို ပြန်ပူးပေါင်းဖို့ ကရင်ကတိုက်ကို စက်လှေနဲ့ ပြန်ဝင်လာချိန် ဖြစ်ပါတယ်။ လှေပေါ်မှာ ကေအင်ယူက နယ်မြေခံထောက်လှမ်းရေး ဗိုလ်ဝါလုံ လည်း ပါလာသေးတယ်။ ဒီနေရာဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကရင်ကတိုက်ရွာ မြင်ကွင်းကို ပြချင်ပါတယ်။ လယ်ကွင်းစိမ်းစိမ်းတွေကို ခက်ရင်းချောင်းက ပတ်လည်စီးနေရဲ့။ ချောင်းရေပြာပြာ၊ လယ်ကွင်းစိမ်းစိမ်း သစ်ပင်စိမ်းစိမ်းတွေနဲ့ အရမ်းလှပါတယ်။ ကရင်ကတိုက်နဲ့ တရွာခြား အလည်ကျွန်းရွာကနေ စက်လှေတစင်းနဲ့ ကျနော်တို့ ကျောင်းသားတပ်စိပ်ဝင်အလာ စက်လှေသံ ဆူဆူညံကြောင့် တိုက်ပွဲဖြစ် သေနပ်သံတွေကို သတိမထားမိပါ။ ကရင်ကတိုက်ရွာ ချောင်းဆိပ် ရောက်သွားလို့ကတော့ ကမ်းစပ်မှာ နေရာယူ စောင့်နေတဲ့ နဝတတပ်သားတွေ လက်ညှိုးလေးတွေ ကွေးလိုက်တာနဲ့ ကျနော်တို့ ခန္ဓာကိုယ်တွေ ဆန်ခါပေါက် ဖြစ်နိုင်ပါရဲ့။ အခြေအနေကို မသိခဲ့။ ဘီလူးပါးစပ်တွင်း ခုန်ဝင်မဲ့ကိန်း။ စက်လှေဟာ နောက်ထပ် ခကရင်းချောင်းကွေ့ ၂ ကွေ့ သုံးကွေ့ဆို ကရင်ကတိုက်ဝင်တော့မယ်။ သေမင်းနဲ့ လက်တစ်ကမ်းအလို ကျနော်တို့နဲ့ ကရင်ကတိုက်ရွာအဝင် မြင်ကွင်း ကြည့်လို့ကောင်းသပေါ့။ ကံကောင်းချင်တော့ ကရင်ကတိုက်ကနေ ထွက်လာတဲ့ စက်လှေတစင်း ပေါ်လာပြီး ကျနော်တို့ကိုတား၊ နောက်ကြောင်း ပြန်လှည့်ခိုင်းခဲ့ပါတယ်။ စက်လှေသမားက မွန်သံ ကရင်သံဝဲဝဲနဲ့ ပြောသံ အခုထိကြားနေသေးတယ်ဗျာ။

(ဒီလောက်တောင် တိုက်ပွဲဖြစ်နေတဲ့အသံတွေ၊ နင်တို့ မကြားဘူးလား။ မသာဘယ်ဈေးလည်း ဖြစ်သွားချင်လား) တဲ့။

နှစ် ၃၀ ပြည့်မှာ အားလုံးကို သတိရတယ်
ကရင်ကတိုက် တိုက်ပွဲကနေ ဆုတ်လာသူတွေ ကျနော်တို့လို စက်လှေနဲ့ ဆုတ်လာသူတွေ အလယ်ကျွန်းရွာမှာ ပြန်ဆုံကြတယ်။ တပ်တွေ ပြန်ပေါင်းကြတာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် မီးထွန်းပွဲနေ့ပေါ့။ ကျနော်တို့ကတော့ သေတွင်းကလွတ်လာစ စစ်ရေးသတိကြီးကြီးထားပြီး ကင်းစောင့်ကြ၊ သေနပ်တိုက်ကြ၊ ဒဏ်ရာရလူနာကို ပြုစုကြနဲ့ပေါ့။ မီးထွန်းပွဲမှ မပျော်အားပါဘူး။

ဒါပေမဲ့ ဒီနေ့ ဒီအချိန်မျိုးမှာတော့ ကျောင်းသားတပ်မတော် ကရင်ကတိုက်ရွာ တိုက်ပွဲကြားက ရဲဘော်လှဦး (အခု သြစတေးလျား) ရဲဘော်သန်းဇော် (အခု သြစတေးလျား) ရဲဘော် ထူးအောင်၊ ရဲဘော်ခင်ဦး၊ ရဲဘော်ဟန်ဝင်းအောင် (အခုအမေရိကား)နဲ့ ဒဏ်ရာရခဲ့သူ ရဲဘော်လှတင်တို့ကို သတိတရရှိနေမိပါတယ်။

ပြောမဲ့သာ ပြောရတယ်။ မြန်မာ့ဒီမိုကရေစီရေးအတွက် သေမင်းနဲ့ လက်တကမ်းမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ သူတို့တတွေကို မြန်မာပြည်သူ အများကတော့ သိကြမှာ မဟုတ်ပါဘူးဗျာ။ ကျနော်ကတော့ တသက် မေ့မရနိုင်။ အထူးသဖြင့် ကျောင်းသားတပ်မတော် ABSDF နှစ် ၃၀ ပြည့်မှာ အားလုံးကို သတိရနေ ပါတော့တယ်။ ။

(မောင်တူး) ၂၃ အောက်တိုဘာ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts