ကဗျာ

ပြည်သစ်ဟန် ● ဒီတပုဒ်​ပြီးရင်​ ​နောက်​တပုဒ်​က မြှုပ်​ထားတဲ့တွင်းထဲမှာ

ပြည်သစ်ဟန် ● ဒီတပုဒ်​ပြီးရင်​ ​နောက်​တပုဒ်​က မြှုပ်​ထားတဲ့တွင်းထဲမှာ
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၈

ဘာမှနားမလည်​တဲ့ဟာက
ဘာမှနားမလည်​ဘဲ
ဟန်​​ဆောင်​ရင်း ​ရှေ့ထွက်​ထွက်​လာတယ်
ဘာမှနားမလည်​တဲ့ဟာက
ဒီဂရီမျက်​မှန်​နဲ့
ရှူးဖိနပ်​နဲ့
တိုက်​ပုံနဲ့
ပိုးပုဆိုးနဲ့
မ​နေ့က နှပ်​​ချေးက
ဒီ​နေ့မှ ပါးစပ်​ကထွက်​သလိုမျိုးနဲ့
ဘာမှနားမလည်​တဲ့ဟာက
နားမလည်​ဟန်​​ဆောင်​​နေတာလည်း ဖြစ်​နိုင်​သလို
သိသိကြီးနဲ့ မိုက်​မဲ​နေတာလည်းဖြစ်​နိုင်​တယ်
မျက်​မှန်​နဲ့ ဖွက်​ထား​ပေမဲ့
မျက်​လုံးဟာ
လုပ်​ချင်​ရာ လုပ်​မယ်​ဆိုတဲ့
အ​ရောင်​​တောက်​​နေ
ဒီလိုနဲ့ မျက်​မှန်​ဟာ
ခြေ​ထောက်​မှာစွပ်​မိပြီး
ရှူးဖိနပ်​ဟာ မျက်​လုံးကိုစွပ်​မိတယ်
ဘာမှနားမလည်​တာဟာ ရူး​နေတာပဲဖြစ်​မယ်
တိုက်​ပုံနဲ့ပုဆိုး ချွတ်​ချလိုက်​​တော့
နားမလည်​ချင်​​ယောင်​​ဆောင်​ထားတာ​တွေ
ထွက်​ကျလာတယ်
ဘာမှနားမလည်​တာဟာ တကယ်​​တော့နားလည်​တယ်
မျက်​လုံး​ပေါ် ရှူးဖိနပ်​​ရောက်​​နေ​ပေမဲ့
မြင်​ရတယ်
ခြေ​ထောက်​​ပေါ် မျက်​မှန်​တပ်​ထား​ပေမဲ့
လမ်း​လျှောက်​လို့ရ​နေတယ်
ဒီလိုနဲ့ ဘာမှနားမလည်​တာဟာ
လူလိုလို
မြေ​ခွေးလိုလို
အကုန်​နားလည်​​နေတယ်
ငါးကြင်းကိုလည်း
အမြီး​ရော
ခေါင်း​ရော
အလယ်​​ရော
ဒီအတိုင်းလွှတ်​ထားရင်
ခေတ်​အဆက်​ဆက်​စား​နေ​တော့မှာပဲ
ဘာမှနားမလည်​တဲ့​ကောင်​ဟာ
နားလည်​တာ​တွေများ​နေတယ်
မြေ​ခွေးကို
သိုးအုပ်​ထဲလွှတ်​ထားသလို
ဘာမှနားမလည်​တဲ့​ကောင်​ဆိုတာ။

ပြည်​သစ်​ဟန်
၁၃၊ ၁၀၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts