မောင်မိုးသူ

မောင်မိုးသူ – ရန်သူမျိုး (၅)ပါးနှင့် ဘကြီးမိုး


မောင်မိုးသူ – ရန်သူမျိုး (၅)ပါးနှင့် ဘကြီးမိုး

(ကုမုဒြာအွန်လိုင်း၊ ရန်ကုန်) မိုးမခ၊ အောက်တိုဘာ ၁၉၊ ၂၀၁၈

ဘကြီးမိုးတို့ ငယ်စဉ်တောင်ကျေး ကလေးဘဝကစပြီး လူ့ဘဝ လူ့လောကမှာ ရန်သူမျိုးငါးပါးနဲ့ အမြဲရင်ဆိုင်ကြုံတွေ့ရ ကြောင်း ပြောဆိုခံခဲ့ရဖူးပါတယ်။ ရန်သူမျိုး ငါးပါးဆိုတာ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူ ဆိုတယ်ခင်ဗျ။

ရေနဲ့မီးကတော့ ရှင်းပါတယ်။ သဘာဝ ဘေးအန္တရာယ်ပေါ့လေ။ ငယ်ငယ်က ရုပ်ရှင်ဇာတ်ကားတွေကြည့်တိုင်း ရန်သူမျိုးငါးပါးထဲမှာ အဆိုးဆုံးက မီးဘေးလို့ဆိုတယ်ခင်ဗျ။ ကျန်တဲ့ ရန်သူမျိုးလေးပါးကတိုက်ခိုက်ထိခိုက်လာရင် ကျန်မိကျန်ရာ တချို့တစ်ဝက်ကျန်တယ်ခင်ဗျ။ မီးဘေးဆိုရင် အကုန်ကုန်တာပဲပေါ့။

ဘကြီးမိုးလည်း မန္တလေးသားဆို တော့ မန္တလေးမှာ ကြီးကြီးမားမား ကြုံ တွေ့ခဲ့ရတဲ့ မီးဘေးကြီးတွေကို ပြေးပြီး သတိရမိပါတယ်။ မီးဘေးက တကယ် လောင်ကျွမ်းပြီဆိုတဲ့အခါကျတော့ ငြှိမ်း သတ်ရ အလွန်ခက်တာခင်ဗျ။ ယေဘုယျ အားဖြင့် မီးလောင်ရင် လေကလည်း တိုက် တတ်သေး၊ မီးလောင်ပြင်က လေထဲက လွင့်ပျံလာတော့ မီးလုံးကြီးတွေက ခုန် ပေါက်ပြီး တစ်ရပ်ကွက်မှ တစ်ရပ်ကွက် ဆက်စပ်လောင်ကျွမ်းတာကို ရပ်သူရပ် သားများက ဘယ်လိုမှ မတားဆီးနိုင်တဲ့ ဖြစ်စဉ်တွေလည်း အများကြီး တွေ့ခဲ့ရပါ တယ်။

မန္တလေးမြို့ကြီးမှာ မီးဘေးအန္တရာယ် ကြီးတွေ ဘယ်နှကြိမ်ဘယ်နှခါ ကြုံခဲ့ဆုံခဲ့ ရသလဲဆိုတာ သေချာမမှတ်မိတော့ပေမဲ့ ဘကြီးမိုးသိသလောက်တော့ ဘကြီးမိုးတို့ အရွယ်ရောက်စအချိန်မှာ မီးကြီး နှစ်ခါ လောက် သုံးခါလောက် လောင်ဖူးတယ် ခင်ဗျ။ အင်မတန် ဒုက္ခရောက်ကြတာပေါ့။ မီးဘေးဒုက္ခသည်ဆိုတာကလည်း အင် မတန် ဒုက္ခရောက်ကြရှာတယ်။ ကုန်း ကောက်စရာ မကျန်လောက်တဲ့ တစ်ပိုင် တစ်နိုင် ပစ္စည်းလေးတွေနဲ့ မီးဘေးလွတ် ရာကို ရှောင်ရှားကြရပါတယ်။

ဘကြီးမိုးတို့ခေတ် မန္တလေးမှာ ရပ် ကွက်တိုင်းတွင် အပျော်တမ်းမီးသတ်အဖွဲ့ တွေ ဖွဲ့စည်းထားလေ့ရှိကြပါတယ်။ ရပ် ကွက်ထဲက လူငယ်လူရွယ်မှန်သမျှ မိမိတို့ ရပ်ကွက်ရဲ့ မီးသတ်တပ်ဖွဲ့တွေမှာ မီးသတ် ယူနီဖောင်းဝတ်ပြီး မီးသတ်တပ်ဖွဲ့ဝင် အ ဖြစ် ပါဝင်ကြရတာကိုး။

ဘကြီးမိုး နေထိုင်တဲ့ အရပ်ဖြစ်တဲ့ ကျောက်ဆစ်တန်း မီးသတ်ဆိုတာ မန္တ လေးမြို့ရဲ့ နာမည်အကြီးဆုံး အပျော်တမ်း မီးသတ်အဖွဲ့ပေါ့။ ဘကြီးမိုးရဲ့ ငယ်သူငယ် ချင်း တော်တော်များနဲ့ ရပ်ကွက်ထဲက လူ ငယ်လူရွယ်တော်တော်များများ ပါဝင်ဖွဲ့ စည်းထားတဲ့ မီးသတ်တပ်ဖွဲ့ဖြစ်ပါတယ်။ အဲသည် ကျောက်ဆစ်တန်း မီးသတ်တပ် ဖွဲ့ရဲ့ မီးသတ်ဗိုလ်တွေကလည်း ဘကြီးမိုး ရဲ့ ငယ်သူငယ်ချင်းတွေပဲခင်ဗျ။ အခုတော့ သူတို့အားလုံးလည်း ဆုံးပါးသွားရှာပါပြီ။

မန္တလေးမြို့ ဗဟိုမီးသတ်တပ်ဖွဲ့ရဲ့ မီး သတ်ဗိုလ်ကြီးက ဦးမောင်မောင်တဲ့ ခင်ဗျ။ သူ့သားကတော့ ဘကြီးမိုးရဲ့ စိန့်ပီတာ ကျောင်းနေဖက်သူငယ်ချင်း ဒိုစီ ဖြစ်ပါ တယ်။ ဒိုစီဟာ မန္တလေးက ရုပ်ရှင်လူကြမ်း အဖွဲ့ထဲက အထင်ကရ ရုပ်ရှင်လူကြမ်း တစ် ယောက်ပေပဲ။ ဘကြီးမိုး ရုပ်ရှင်ရိုက် တဲ့ခေတ်မှာ ဒိုစီကိုသုံးပြီး ရိုက်ခဲ့ဖူးပါ တယ်။ အတော်ကြီးကြီးအထိ သူငယ်ချင်း အဖြစ် နေထိုင်ကြီးပြင်းခဲ့ကြတာပေါ့။

အဲသည်လို အဲသည်လို မန္တလေးမှာ ရှိစဉ်က  ကြုံတွေ့ ခဲ့ရဖူးတာတွေ မှတ်မိခဲ့ဖူးသလို ဘကြီးမိုးရဲ့ ရန်ကုန်က ၃၁ လမ်း အထက်လမ်းထိပ်က ယုဇနနဲ့ ကာလ်တန်ရုပ်ရှင်ရုံမီးလောင်တာ ကိုလည်း ကြုံခဲ့ဆုံခဲ့ဖူးပါတယ်ခင်ဗျ။ အဲ သည် ရုပ်ရှင်ရုံနှစ်ရုံရဲ့ နေရာက ယခုလက် ရှိ ဗိုလ်ချုပ်လမ်းထိပ်က စင်ထရယ် ဟို တယ်ရဲ့ နေရာပေါ့ခင်ဗျ။ အဲသည် ယုဇနနဲ့ ကာလ်တန်ဆိုတာ ဘကြီးမိုးတို့ခေတ်တုန်း ကတော့ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကို ပြသကြတဲ့ရုံတွေ ဖြစ်ပါတယ်။

အဲသည် ကာလ်တန်နဲ့ ယုဇနမီးလောင် တဲ့အချိန်က ဘကြီးမိုးက လေးလေး ဦးထွန်းဝေရဲ့ ရန်ကင်းရုပ်ရှင်ရုံးခန်း ရောက်နေတာ ခင်ဗျ။ လမ်းထိပ်က ရုပ်ရှင် ရုံနှစ်ရုံ မီးလောင်တယ်ဆိုလို့ အပြေးအ လွှား အိမ်ပြန်ပြေးခဲ့ရတာပါ။ မီးသတ်ရဲ ဘော်တွေနဲ့ သက်ဆိုင် ရာ မီးသတ်ကား တွေ မီးငြှိမ်းသတ်တာကို မလှမ်းမကမ်းက မြင်ခဲ့ရဖူးပါတယ်။ အဲ သည် ရုပ်ရှင်ရုံနှစ်ရုံ မီးလောင်ကျွမ်းပြီးတဲ့ နောက် အဲသည် ရုပ် ရှင်ရုံနှစ်ရုံနေရာမှာ ယခု စင်ထရယ်ဟိုတယ်ဆိုတာကြီး ဖြစ် ပေါ်လာတာ ဖြစ်ပါ တယ်။

ဘကြီးမိုးတို့ တစ်ခေတ်လုံးမှာ နွေ ရောက်လာတာနဲ့ မီးဘေးဒုက္ခသည်နဲ့ မကြာခဏကြုံတွေ့ရပါတယ်။ မီးဘေး ကြုံတွေ့ရတိုင်း ဆုံးရှုံးမှုများပြားတာတွေကို ကြုံတွေ့ရတော့ ယခုတိုင် ပြန်လည် တည်ဆောက်ခြင်းမပြုဖြစ်သေးတဲ့ မင်္ဂလာ ဈေး မီးလောင်ကျွမ်းမှုကြီးဟာ အတော် ကြီးတာပေါ့။ အဲသည်လမ်းကို ဖြတ်သွား ဖြတ်လာမိတိုင်း မီးလောင်ရာ ကွက်လပ် ကြီးကို မြင်တွေ့နေရဆဲဖြစ်ပါတယ်။

အဲသည်လို အဲသည်လို မီးဘေးဒုက္ခ သည်အမျိုးမျိုး နှစ်စဉ်နှစ်တိုင်း နွေရောက် တိုင်း ကြုံတွေ့ခဲ့ရတဲ့ ဘကြီးမိုးတို့ဘဝမှာ သည်နှစ်တော့ မိုးကြီးရေလျှံ ရေဘေးဒုက္ခ ကြုံတွေ့ရတာ တော်တော်များများကြီး ကြား သိရပါတယ်။ သည်နှစ် မိုးဦးမိုးလယ် ကာလတွင် မုတ်သုံမိုးဟာ အတော်ကြီး သည်း ထန်တယ်ခင်ဗျ။ အာရှတိုက်ရဲ့ တော်တော်များများဒေသတွေမှာ မိုးကြီး ရေလျှံ ရေဘေးဒဏ်ခံကြရတာတွေ အတော်များပါတယ်။ အလွန်ခေတ်မီ တိုးတက်တယ်ဆို တဲ့ ဂျပန်လိုနိုင်ငံမျိုးမှာ တောင် မိုးကြီး ရေ လျှံ ဒုက္ခကြီး ကြုံတွေ့ ကြရပြီး လူတွေ ရာနဲ့ ထောင်နဲ့ချီပြီး ဆုံး ရှုံးရတဲ့အဖြစ်တွေနဲ့ ကြုံတွေ့ရပါတယ်။

ဘကြီးမိုးတို့နိုင်ငံမှာလည်း သည်နှစ် တော့ တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိတဲ့အနက် တိုင်းနဲ့ ပြည်နယ် ခုနစ်ခုမှာ မိုးကြီးရေလျှံ ရေဘေးဒုက္ခတွေ အကြီးအကျယ်ကြုံခဲ့ကြ ရတာပေါ့ခင်ဗျ။ ယခုလည်း ကြုံတွေ့နေရ ဆဲပဲ ခင်ဗျ။ မုတ်သုံမိုးကြီးသည်းထန်လို့ ကြီးလို့ မြစ်တွေ ချောင်းတွေ စိုးရိမ်ရေ မှတ်ကို ရောက်ရှိပြီး အချို့ဆို ကျော်လွန်၊ မြို့တွေ ရွာတွေထဲအထိ ရေကြီးရေလျှံ ရေဘေးဒဏ်ခံ ရလေတော့ ရေဘေးဒုက္ခသည်ပေါင်း သိန်း နဲ့ချီပြီးတော့ ရွှေ့ပြောင်း စခန်းတွေဖွင့်ပြီး နိုင်ငံတော်အစိုးရနဲ့ တကွ တစ်ပြည်လုံးက ပရဟိတ ကူညီရေးအဖွဲ့ တွေ ရေဘေးဒုက္ခ ကို ကူညီဖြေရှင်းကြတဲ့ သတင်းတွေကို အဆက်မပြတ် ကြားသိ နေရပါတယ်။

ချောင်းတွေ၊ မြစ်တွေ ရေကြီးရေလျှံ ဖြစ်တာရဲ့ အကျိုးဆက်ကတော့ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နိုင်တဲ့အထိ ရှိပါတယ်။ ဥပမာ ရန်ကုန်-မန္တလေးလမ်း မီးရထားလမ်း၊ ကားလမ်း ခေတ္တရပ်တန့်ခဲ့ ကြရသလို ရန်ကုန်-မော်လမြိုင် ရထား လမ်း၊ ကားလမ်းလည်း မကြာခဏ ရေ ဘေး ဒုက္ခနဲ့ ကြုံရတဲ့သတင်းတွေ ဖတ်ရ ပါတယ်။ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင် ပြည်နယ်၊ တနင်္သ࿿ာရီတိုင်းတွေမှာတော့ ရေဘေးဒုက္ခ နဲ့ ကြုံတွေ့ကြရတဲ့သတင်း တွေကို အများ ကြီး အများကြီး ဖတ်ကြ ရပါတယ်။

ငယ်ငယ်တုန်းက ဟာသတစ်ခု ရှိပါ တယ်။ ရေကြီးရေလျှံဖြစ်ပြီဆိုတဲ့နောက် လူမရောက်၊ ခွေးမရောက် အိမ်ခေါင်မိုး ပေါ်မှာ ရေဘေးဒဏ်ရှောင် လူများ၊ ခွေး များ ခိုလှုံနေကြတဲ့ ဓာတ်ပုံများကိုလည်း တွေ့မြင်ရပါတယ်။

သည်နှစ် မြန်မာပြည်ရဲ့ ရေဘေးဒုက္ခ ကြုံတွေ့ရတာတွေက များပြားလွန်းလို့ ဘကြီးမိုးတို့ရဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးဝန်ကြီး ဦးဝင်း မြတ်အေးရဲ့ နာမည်ကိုတောင်မှ နိုင်ငံတော် ဝန်ကြီးတွေစာရင်းထဲမှာ သူ့နာမည် ဖတ်ရ ကြားရလွန်းလို့ အတော်ပဲ အကျွမ်းတဝင် ဖြစ်နေပါပြီ။ ဝန်ကြီး ဦးဝင်း မြတ်အေး ခမျာတော့ ရေဘေးဒုက္ခသာ တာဝန်ယူရ တာ မဟုတ်ဘူးခင်ဗျ။ ရခိုင်အရေး၊ ဘင်္ဂါ လီ ဒုက္ခ သည်များအရေးမှာလည်း ပါရရှာ ပါသေး တယ်။ ဘကြီးမိုးတို့ သတင်းသမား တွေအတွက်ကတော့ ဝန်ကြီးဦးဝင်းမြတ် အေးနဲ့ အတော်ကြီးကို ရင်းနှီးကျွမ်းဝင်နေ ကြရပါတယ်။

အဲသည်လို အဲသည်လို ရန်သူမျိုးငါး ပါးအနက်မှာ မီးဘေး၊ ရေဘေးတို့ရဲ့ ဘေး ဒုက္ခအန္တရာယ်အပေါင်းကို မြန်မာပြည်သူ ပြည်သားများနဲ့အတူ ဘကြီးမိုးတို့ ရင်ဆိုင် တွေ့သိနေရတော့ မီးဘေးနဲ့ ရေဘေးအန္တ ရာယ်တွေကိုတော့ ဘကြီးမိုးတို့ နိစ္စဓူဝ ကြုံတွေ့ရတာပေါ့ခင်ဗျ။ လူသတ်မှု၊ ဓား ထိုးမှုတွေ များပြားလာတဲ့ခေတ်ကြီးထဲမှာ နေ့စဉ် လို လို လူသတ်မှု၊ ဓားထိုးမှုသတင်း တွေကို ဖတ်နေကြရပါတယ်။ ရုပ်မြင်သံ ကြား သတင်းဌာနတွေကလည်း မှုခင်း သတင်းတွေကို တစ်ခန်းတစ်ကဏ္ဍဍအဖြစ် ဖော်ပြလာတာတွေလည်း အမြဲမပြတ် ကြည့်ရှုရပါတယ်။ သည်တော့ ရန်သူမျိုး ငါးပါး အနွယ်ဖြစ်တဲ့ သူခိုးနဲ့လူမိုက်တွေ အတော် ပဲ ပေါများလာပေလို့လားလို့ မပြောတတ်တော့ပါဘူးခင်ဗျ။

မြန်မာနိုင်ငံရဲ့သမိုင်းမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးခါစတွင် လွတ်လပ်ရေး နဲ့အတူ တစ်ပြိုင်တည်း ပူးတွဲပါလာတာက တော့ ပြည်တွင်းစစ်ကြီးရဲ့ ဘေးရန်ပါပဲ။ ခုဆို နှစ်ပေါင်း ၇၀ ရှိပြီခင်ဗျ။ ယခုအထိ မငြှိမ်းသတ်နိုင်ဆဲ ဖြစ်ပါတယ်။ ခေတ် အ ဆက်ဆက် အစိုးရအဖွဲ့အစည်းအသီးသီး ဟာ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်ဖို့ ကြိုး စားခဲ့ကြသလို ယခုလက်ရှိ အင်န် အယ်လ် ဒီအစိုးရ ခေတ်မှာ ဒုတိယပင်လုံ ညီလာခံ ကြီး ခေါ်ဆိုပြီး ပြည်တွင်းငြိမ်းချမ်းရေး ကို ရရှိအောင် ဖော်ဆောင်ဖို့ ကြိုးစားနေရဆဲ ခင်ဗျ။ လက်တွေ့တော့ အကောင်အ ထည်ဖော် ဖြစ်မြောက်လာတာကို မတွေ့ရ သေးပါဘူးခင်ဗျ။

ရန်သူမျိုးငါးပါးစာရင်းထဲမှာ ဘာ ကြောင့် များ တိုင်းပြည်အုပ်စိုးတဲ့ မင်းများ ကို ရန်သူမျိုးငါးပါးစာရင်းထဲမှာ ထည့်ထား သလဲလို့ မပြောတတ်ပါဘူး။ ဘကြီးမိုး ကိုယ်တိုင်လည်း အင်းစိန် နှစ် ကြိမ်နှစ်ခါ ရှစ်နှစ်ကိုးရှစ်နှစ် ခိုလှုံရောက်ခဲ့ရဖူးတာပေါ့။

သည်လိုသည်လိုနဲ့ ရန်သူမျိုးငါးပါးကို ဘကြီးမိုးတို့တစ်တွေ အမြဲကြုံတွေ့ရင်ဆိုင် နေရဆဲ ဖြစ်ပါတယ်။

ရန်သူမျိုးငါးပါးနှင့် ဘကြီးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts