K ငြိမ်းချမ်း သတင်းပဒေသာ

ကဗျာဆရာ စိုင်းဝင်းမြင့်ရဲ့သူစိမ်း တစ်ကိုယ်တော်ကဗျာရွတ်ပွဲ Yangon Book Plaza မှာ


ကဗျာဆရာ စိုင်းဝင်းမြင့်ရဲ့သူစိမ်း တစ်ကိုယ်တော်ကဗျာရွတ်ပွဲ Yangon Book Plaza မှာ
K  (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၈

Yangon Book Plaza ရဲ့စီစဉ်မှုနဲ့ ကဗျာဆရာ စိုင်းဝင်းမြင့်ရဲ့သူစိမ်းလို့ နာမည်ပေးထားတဲ့ တစ်ကိုယ်တော် ကဗျာရွတ်ပွဲကို ရန်ကုန်မြို့လမ်းမတော်မြို့နယ်သံဈေးရှိ Yangon Book Plazaမှာ အောက်တိုဘာ ၁၃ရက် နေ့လယ် ၃နာရီမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ကဗျာရွတ်ပွဲမှာ ၀င်ကြေးလက်မှတ်ကတော့ ၅၀၀၀ ကျပ်ဖြစ်ပြီး တက်ရောက်လာသူများကို ဖျော်ရည်တစ်ခွက်၊ စိုင်းဝင်းမြင့် အမှတ်တရ လက်မှတ်ရေးထိုးထားတဲ့ နောက် ဆုံးထွက်စာအုပ်သစ်( ၂၅၀၀ ကျပ်တန်စာအုပ်သစ်) တို့လက်ဆောင်အဖြစ်ပါဝင်မှာ ဖြစ်ပြီး ကဗျာပေါင်းချုပ် ပထမအုပ် နှစ်အုပ်ကိုလည်း မဲဖောက်ပေးမှာ ဖြစ်တယ်လို့ လည်းသိရပါ တယ်။

ကဗျာရွတ်ဆိုပွဲနဲ့ပတ်သက်ပြီး ကဗျာဆရာစိုင်းဝင်းမြင့်က “ “အဲဒီနေ့မှာ ကျွန်တော့်ကဗျာတွေ အများကြီးထဲကမှ ကျွန်တော့်စိတ်ထဲရှိနေတဲ့ကဗျာ ၂၅ ပုဒ်ရွတ်မယ် ၊ အဲဒီကဗျာတွေ အကြောင်းလည်း နည်းနည်း ပြောဖြစ်မယ် ထင်တယ် ၊ လက်မှတ်တစ်စောင်ထဲမှာ စီစဉ်သူက ပြောထားတာတွေပါဝင်ပြီး ကျွန်တော်ကလည်း ဟိုတစ်လောကထွက်ထားတဲ့ လက်ရွေးစင်CD နဲ့ စာအုပ်လက်ဆောင်ပေးမယ်”လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ပြောဆိုထားပါတယ်။

စိုင်းဝင်းမြင့်ကို ၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့၌ အဖ ဦးသောင်းမြင့်၊ အမိ ဒေါ်ခင်စန်းတို့က မွေးဖွားခဲ့ပြီး မွေးချင်း ၄ ယောက်အနက် အကြီးဆုံးဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်၊ အမက (၄) အလုံတွင် မူလတန်းပညာကိုလည်းကောင်း၊ အထက (၂) အလုံတွင် အလယ်တန်းနှင့် အထက်တန်းပညာကို လည်းကောင်း၊ သင်ကြားခဲ့ပါတယ်။

၁၉၉၆ ခုနှစ်ထုတ် ရွက်နုဝေ မဂ္ဂဇင်းတွင် ဟန် ကဗျာဖြင့် စာပေလောကသို့ ရောက်ရှိလာပြီး၊ ကဗျာများ ဆက်လက်ရေးသားနေဆဲ ဖြစ်သည်။ ဇနီး မဇင်မာမြင့်နှင့် သမီး (၂) ယောက်တို့နှင့် နေထိုင်ရင်း ကျော်မွှေးစာပေထူထောင်ကာ စာအုပ်များထုတ်၊ ကဗျာရေးသားဆဲ ဖြစ်သည်။

သူစိမ်း၊ တစ်ယောက်တည်းစကား၊ နားနားပြီးပြော၊ တိုက်ခိုက်နေတဲ့လေထဲ၊ ခေတ်ပေါ်ကဗျာအဖွင့်၊ ကြယ်ကမ္ဘာရောင်းဝယ်ရေး၊ များများမြန်မြန်၊ ကဗျာပေါင်းချုပ် ၁+ ၊ ဘယ်သူ ပြောပြော ကိုယ်ပြောတယ်၊ ပျော်ရွှင်ဖွယ်ရာ ကမ္ဘာ၊ ကမ္ဘာမြေသို့ ပန်းပို့သူများ၊ ချစ်ခြင်း၊ လေလွင့်သူအချစ်နှင့် မြစ်ငေးသူဂင်္ဂါနှစ်များ၊ ပင်လယ်ကျယ်သလောက် ဝေလငါးမျက်ရည်၊ သုံးဆယ်ရှစ်၊ ဒီဇင်ဘာညများ၊ စိုင်းဝင်းမြင့် လက်ရွေးစင်ကဗျာများ အစရှိတဲ့စာအုပ်များ ရေးသားထုတ်ဝေထားပါတယ်။

Yangon Book Plaza ကနေ Solo Poetry Day များကို အစဉ်တစိုက်ကျင်းပခဲ့တာဖြစ်ပြီး ယခုပွဲရဲ့ရှေ့မှာ ကဗျာဆရာ အောင်ချိမ့်၊ နေမျိုးတို့ရဲ့ကဗျာရွတ်ဆိုပွဲများကို ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts