ရသဆောင်းပါးစုံ

AD 17 အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲ Moon Art Gallery မှာ ပြသမယ်


AD 17 အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲ Moon Art Gallery မှာ ပြသမယ်
K  (မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၈

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ပန်းချီကျောင်းဆင်းများ စုပေါင်းပြသမယ့် AD 17 အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲကို ရန်ကုန်မြို့ ၃၅လမ်း၊ (အလယ် ဘလောက်)ရှိ Moon Art Galleryမှာ အောက်တိုဘာ ၆ရက်မှ ၈ ရက် နေ့စဉ်နံနက် မနက် ၁၀နာရီမှ ညနေ ၅နာရီ ထိပြသသွားမယ်လို့ သိရပါတယ်။

အဆိုပါ ပန်းချီပြပွဲဟာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ၂၀၁၇ခုနှစ်တွင် Postgraduate Diploma in Arts (Painting)ဖြင့် ကျောင်းဆင်းခဲ့ကြသော အဖွဲ့သားများရဲ့ ဒုတိယအကြိမ်မြောက်ပန်းချီပြပွဲလည်းဖြစ်ပါတယ်။ ပါဝင်ပြသမယ့် ပန်းချီဆရာများကတော့ လွန်းကျော်ရီ၊ မီမီကို၊ နဂါး၊ ခိုင်သဇင်ထက်၊ မေသဇင်ထူး၊ ခင်နွေးနွေးထွန်း၊ ငြိမ်းအေးထက်စံတို့ဖြစ်ပြီး ၃ရက်တိုင်ပြသသွားမယ့် အဆိုပါပန်းချီပြပွဲကို လာရောက်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ပြပွဲပြသရခြင်းနဲ့ပတ်သက်ပြီး ပန်းချီဆရာဒီဇိုင်းနာ ကိုနဂါးက “ပြသမယ့် ပန်းချီကားပေါင်းက ၅၀ ကျော်မယ်။ အမျိုးအစားကတော့ အစုံပဲဗျ။ ဆီဆေးပါမယ်၊ အခရိင်းလစ်၊ အီဒီယံ တွေကတော့ ဒါပါပဲ။ ကျနော်ကတော့ ဒီဇိုင်းအမျိုးအစားထဲမှာပါတယ်။ တချို့ကျ သဘာဝပုံစံလေးတွေ ဆွဲတာပါမယ်။ မော်ဒန်ဆန်ဆန်တွေလည်းပါမယ်။ ရိုးရိုးရီရယ်လစ်ဆင် တမျိုး တည်း မဟုတ်တာတွေလည်း ပါမယ်။ ကျနော်တို့က စစချင်းက ၁၅ယောက်ရှိတယ်။ နောက် ကျောင်းပြီးတဲ့အခါ ပြန်လည်ဖွဲ့စည်းတဲ့အခါ ၉ယောက်ပဲရှိတယ်။ ပထမအကြိမ်ပြသ တုန်းက တယောက်က မပါလိုက်ဘူး။ ၈ ယောက်တည်းနဲ့ ရန်ကုန်ဂယ်လာရီမှာ မနှစ်က ကား၁၀၀ကျော်ပြခဲ့တယ်။ ဒီနှစ်ပြမှာတော့ ၇ယောက်ပြမယ်။ ကားက ၅၀ကျော် လောက် ပါမယ်။ AD 17ဆိုတာက A က ART ပါ။ Dက Diploma ။ 17 က ၂၀၁၇။ ကျောင်းမပြီးခင်ကတည်းက ပြပွဲလုပ်ကြမယ်လို့ တိုင်ပင်ထားကြတာပေါ့။ ပြီးခဲ့နှစ်က ဒီဇင်ဘာ၂၉။ ၃၀မှာ ၈ယောက် ရန်ကုန်ဂယ်လာရီမှာ ပြဖြစ်တယ်။ ကျနော်တို့က တနှစ်တခါပြဖို့ ရည်ရွယ်ထားတယ်။ နှစ်တိုင်းပေါ့။ ကျနော်တို့က မောင်နှမတွေလိုပဲ။ သူများတွေလို ပြကာနီးကျမှ တွေ့ ကျ တာမဟုတ်ဘူး။ ကျနော်တို့ ဂရုချက်တွေမှာတယောက်နဲ့တယောက်ပြောဖြစ်ကြတယ်။ ဒီနှစ်က ဆရာတွေမပါတဲ့ပြဿနာက အခန်းကျဉ်းသွားတာရယ် ကုန်ကျစရိတ်ကလည်း များတာကြောင့်ပါ။ အကုန်လုံးပေါ့ပေါ့ပါးပါး ပါဝင်နိုင်ဖို့လည်းစီစဉ်ရတယ်။ ကျနော်တို့က ဂရုရှိုးဖြစ်တဲ့အခါကျ တလိုင်းတည်းတော့ မဟုတ်ဘူးပေါ့ဗျာ။ လက်ရာအစုံပါမယ်။ ဒီဇိုင်းပါ မယ်၊ မော်ဒန်ဆန်ဆန်တွေ ပါမယ်။ သဘာဝပုံတွေပါမယ်။ ၀ါတာကာလာတွေပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လာကြည့်တဲ့အခါ လက်ရာစုံကြည့်ရမယ်ပေါ့ဗျာ။ နောက်ပြီး ပြပွဲလာကြည့် သူတွေကို ပြသသူတွေရဲ့ပန်းချီလက်ရာတွေပါဝင်တဲ့ ပန်းချီပြက္ခဒိန်၅၀၀ကို အမှတ်တရ မေတ္တာလက်ဆောင်အနေနဲ့ဝေငှသွားမယ်” လို့ပြောပြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts