ကဗျာ

လင်းသက်ငြိမ် ● မျက်ရည်ရဲ့ မျိုးပွားနည်း

လင်းသက်ငြိမ် ● မျက်ရည်ရဲ့ မျိုးပွားနည်း
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၈

အဲဒီရေကန်ကြီး ပွင့်ထွက်သွားတာသဘာဝဘေးကြောင့်လား
ခံနိုင်အားကို စုပ်မျိုခဲ့လို့ပဲ စံချိန်စံညွှန်းမပြည့်မီခဲ့လို့လား
အခုအချိန်မှာ အဖြေတွေလည်းမလိုဘူး
မေးခွန်းတွေလည်း မလိုဘူး
လက်ညှိုးတွေပျိုးခဲ့တော့ လက်ညှိုးတွေ
ဖောဖောသီသီသီးပွင့်တယ်
နာကျင်ခြင်းဟာ မျိုးကွဲပေါင်းကိုးဆယ်ကျော်
အထီးကျန်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို ပိုကရုဏာထားမိရဲ့
ချစ်ပြီးရင် ချွေးပြန်တယ်
အချစ်ပြီးရင် မျက်ရည်တွေကျန်တယ် အဲ့ဒီလိုလား
တရားသဘောနဲ့ကြည့်တော့ အရာရာမတည်မြဲဘူး
ကျန်နေသူရဲ့စိတ်ဟာ အဝါရောင်
အဝါရောင်ထဲမှာမှ စွန်းကွက်နေတဲ့အမှောင်ရောင်
ပါးပြင်ပေါ်တစ်စက်ချင်းကနေ
စာရွက်ပေါ်ကျလာတော့ စိုစွတ်အကွက်ဝိုင်းဝိုင်းကြီးတွေ
မျက်ရည်မှာ အသားအရောင်ရှိသလား
မျက်ရည်မှာ ဇာတ်မြင့် ဇာတ်နိမ့်ရှိသလား
နွားတွေလည်း သားသတ်ကုန်းမှာငိုကြတာပဲ
နတ်တွေကို လှည့်ဖြုတ်လိုက်တော့ တကျီကျီမြည်တယ်
မိုးရွာထဲထွက်ထွက်ငိုသူရှိတယ်
မိုးရွာတိုင်းငိုနေတတ်သူလည်းရှိတယ်
မိုရေးဗီးယားလည်း မျက်ရည်ကျဖူးမှာပဲ
ဂျိမ်းကင်မရွှန်းဟာ သူ့ရုပ်ရှင်သူပြန်ကြည့်ပြီး
ဘယ်လက်ဖမိုးနဲ့မျက်ရည်သုတ်နေတယ်
နယ်စပ်တနေရာမှာ မျက်ရည်ဟာ ငရဲခန်းရဲ့အစ
အာဏာရှင်တယောက်အတွက် မျက်ရည်ဟာ ပျော်ပါးနည်းပဲ
လွဲနေတဲ့လူဟာ တနေ့နေ့ တည့်လိမ့်မယ်လို့တွေးနေတယ်
လိုချင်တာချည်းရနိုင်မယ်ဆို ကောင်းကင်ဘုံဘာလို့လိုမှာလဲ
ဆုတံဆိပ်တစ်ခုလည်း မျက်ရည်ရဲ့အဓိကအကြောင်းရင်းတဲ့
ငိုတာချင်းအတူတူ သူတို့ကျ ပြုံးလို့။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts