မောင်မောင်စိုး ● ကွန်မြူနစ် FC

မောင်မောင်စိုး ● ကွန်မြူနစ် FC

(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၈

ကျနော်တို့၏ရဲဘော်ဟောင်း ကဗျာဆရာမ မအိ၏သားငယ် ဒိုဒိုက online တွင် ဓါတ်ပုံလေးတပုံတင်လာသည်။ ထိုဓါတ်ပုံကို သူက ကွန်မြူနစ် FC ဟု အမည်ပေးသည်။ ထိုဓါတ်ပုံတွင်ပါဝင်ခဲ့သူများသည် CPB မြောက်ပိုင်းဗျူရိုတွင် ပါဝင်ခဲ့ကြသူများဖြစ် သည်။ ဓါတ်ပုံရိုက်သည့်ကာလကိုတော့ မမှတ်မိတော့။ ၁၉၈၅ ခုနှစ် ဝန်းကျင်ဖြစ်မည်ထင်သည်။ နေရာကတော့ ထိုစဉ်က CPB မြောက်ပိုင်းဗျူ ရိုထိမ်းချုပ်နယ်မြေ ကြူကုတ် ပန်ဆိုင်း၌ ဖြစ်သည်။ ဘောလုံးအသင်းက North CPB မြောက်ပိုင်းဗျူ ရိုဌာနချုပ်ဘောလုံး အသင်းဖြစ်ပုံရသည်။

နောက်တန်း ဝဲ အစွန်မှာ ကိုဝင်းလွင်ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသမှဖြစ်ပြီး RIT မှဘွဲ့ရတဦးဖြစ်ပြီး ၁၉၈၀/၈၁ ခန့်က CPB အခြေခံဒေသသို့ရောက်ရှိလာသူဖြစ်သည်။ ထိုစဉ်ကာလက CPB မြောက်ပိုင်းဗျူရို စစ်ဦးစီးဌာနလက်အောက်ရှိ ၁၂၀ မမ မော်တာတပ်ခွဲတွင် တာဝန်ယူနေပုံရသည်။ သို့မဟုတ်က မော်တာတပ်ခွဲမှ မြောက်ပိုင်းဗျူရို စစ်ဦးစီးဌာန စစ်ဦးစီးကေဒါ တာဝန်ယူနေသည်လည်း ဖြစ်နိုင်ကောင်းသည်။

နောက်တန်း ဝဲ ဒုတိယသူကိုတော့ အမည်တော့ကောင်းစွာမမှတ်မိတော့ပေ။ မူလက စိုင်းခမ်းလွိုင်ဦးစီးသည့် ၇၇၁၀ ရှမ်းနီ တပ်ဖွဲ့မှဖြစ်သည်။ ၁၉၇၇ ခုနှစ်တွင် CPB သို့ရောက်ရှိခဲ့သူဖြစ်သည်။ နောက်ပိုင်း ၁၈၀ တပ်ဖွဲ့၊ ၁၀၂ တပ်ဖွဲ့ ၊ ၂၀၂ တပ်ဖွဲ့ တို့တွင် တာဝန်ယူခဲ့ပြီး ၁၉၈၇ ခုနှစ်ခန့်တွင် လက်နက်ချသွားသည်ဟုထင်သည်။

နောက်တန်း ဝဲ တတိယကို ကောင်းစွာမမှတ်မိတော့။ နောက်တန်း အလယ်လူကတော့ ကိုသာအောင်ဖြစ်သည်။ RASU မှဘွဲ့ရ၊ မာရသွန်အပြေးသမား၊ မြို့ နယ်အား/ကာမှူးတာဝန်ထမ်းဆောင်ပြီး ၁၉၈၀ ခုနှစ်ခန့်က CPB အခြေခံဒေသသို့ ရောက်ရှိလာသူဖြစ်သည်။ ထိုစဉ်က မြောက်ပိုင်းဗျူရိုဝှက်စာဌာနတွင် တာဝန်ယူခဲ့ပြီးနောက်ပိုင်းတွင် ၁၀၂ တပ်ဖွဲ့သို့ ပြောင်း ရွှေ့တာဝန်ယူခဲ့သည်။ ကိုသာအောင်ကားပျော်ရွှင်တတ်သူ မှင်သေသေဖြင့် နောက်ပြောင်တတ်သူတဦးလည်းဖြစ်သည်။ ၁၀၂ တပ်ဖွဲ့နှင့်အတူ ဧရာဝတီအနောက်ခြမ်းမိုးညှင်းဒေသသို့ ချီတက်စဉ် KIA ဌာနချုပ်၌ တထောက်နားစဉ် KIA သူနာပြုရဲမေများထံဆေးသွားတောင်းသည်။ B 6 သွားတောင်းရာ KIA ရဲမေများက B 6 ကုန်နေသည်ဆို၍ ဒါဆိုလဲ B 1 ခြောက်လုံး ပေးဗျာဟု မှင်သေသေဖြင့်တောင်းရာ KIA ရဲမေများ ပါးစပ်အဟောင်းသားဖြစ်ခဲ့ဘူးသည်။

ဤသို့ပျော်တတ်ရွှင်တတ်သော ကိုသာအောင်တယောက် အသက်ဘေးနှင့်လည်း ကြုံခဲ့ဘူးသည်။ မိုးညှင်းဒေသ သံလမ်းရိုး တလျောက် ၁၀၂ တပ်ဖွဲ့နှင့်အတူ လှုပ်ရှားစဉ် ကိုသာအောင်တယောက်ထဲ လူကွဲခဲ့ဘူးသည်။ ရိက္ခာပြတ်နေသော ကိုသာ အောင်တယောက် တောထဲရှိ တောင်ယာတဲတလုံး၌ကချင်လူငယ် မောင်နှမနှင့်တွေ့သည်။ ထမင်းတောင်းစားတော့ တောင်ယာတွင် ထမင်းမရှိ။ မောင်လုပ်သူက ကိုသာအောင်နှင့်တောထဲနေခဲ့ပြီး အမလုပ်သူက ရွာပြန်၍ ထမင်းထုပ်ပြန် ယူသည်။ အချိန်အတန်ငယ်ကြာ၍ အမပြန်လာတော့ ထမင်းထုပ်ယူလာသည်။ ကိုသာအောင် ထမင်းစားဖို့ပြင်စဉ် မောင် လုပ်သူလည်း အတူစားရန် ပြင်ဆင်ချိန်တွင် အမဖြစ်သူက ကချင်ဘာသာဖြင့် မောင်လုပ်သူအား လှမ်းပြောလိုက်သည်။ ကချင်စကားမတတ်သော ကိုသာအောင်ကတော့ နားမလည်။ မောင်ဖြစ်သူကတော့ အမဖြစ်သူအား တလှည့်ကိုသာအောင်အားတလှည့်ကြည့်ပြီး မပြောမဆို ဝုန်းကနဲ ထမင်းထုပ်အား လုယူထွက်ပြေးသွားသည်။ အခြေအနေမဟန်ဟု သဘော ပေါက်သွားသောကိုသာအောင်လည်း သေနတ်ဆွဲ၍ ဗိုက်ဟောင်းလောင်းဖြင့်ပင် အသက်လုပြေးခဲ့ရသည်။ ခန့်မှန်းကြည့် ရသည်မှာ ထမင်းထုပ်တွင်း ဆေးခပ်လာပြီး ကိုသာအောင်း ဖမ်းဖို့လုပ်ပုံရသည်။ ထို့ကြောင့် မောင်ဖြစ်သူအား အတူမစားရန် လှမ်းဟန့်ပုံရသည်။ သို့သော် အချိန်တခဏတာတွင် ကိုသာအောင်အား ခင်မင်စာနာသွားသော မောင်ငယ်က ထမင်းထုပ်ကို ယူပြီးထွက်ပြေးသွားပုံရသည်။ ပြောရလျင် ကိုသာအောင်အသက်ကို ကယ်လိုက်ခြင်းဖြစ်ပေသည်။ သို့နှင့် ကိုသာအောင် တယောက် အသက်ဘေးမှလွတ်ပြီး အငတ်ငတ်အပြတ်အပြတ်နှင့် ၁၀၂ တပ်ဖွဲ့နှင့် ပြန်လည်ပူးပေါင်းမိသည်။

နောက်ပိုင်းတွင် ၂၀၂ ခရိုင်တွင် ၁၀၂ တပ်ဖွဲ့ထည့်သွင်းဖွဲ့စည်းရာတွင် ပါသွားသည်။ ၁၉၈၉ ခုနှစ် CPB ပြိုကွဲချိန်ထိ ရွှေလီ ချိုင့်ဝှမ်းဂွင်အတွင်းရှိနေသေးသည်။ နောက်ပိုင်း ဂေါက်ရောဂါထပြီး အဆစ်အမြစ်များ ရောင်ရမ်းခါနောက်တန်းသို့ ထမ်းစင် ဖြင့်ပြန်ရောက်လာသည်။ မြေကြီးပေါ် အချိန်ကြာအိပ်စားရသည့်ဒဏ်ကား ရေရှည်တွင် မလွယ်လှပေ။ ဤပုံတွင် တွေ့ရသည်
မှာ ကိုသာအောင်တယောက် ဘောလုံးအသင်းဝင်ဟုတ်ပုံမရ။ အား/ကာ၌ အလုပ်ဝင်လာသူပီပီ ဒိုင်လူကြီးတာဝန်ယူနေ ပုံရသည်။

နောက်တန်း ဝဲ ပဉ္စမကတော့ ကိုထက်ကျော်ဖြစ်သည်။ ၁၉၇၈ / ၇၉ ခန့်က ရေနံချောင်းဖက်က ရောက်လာကြသူများဖြစ်သည်။ ရောက်ခါစက တပမဟာ ၂ နိုင်ငံရေးဌာနတွင် တာဝန်ပေးခံရပြီး ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် မြောက်ပိုင်းဗျူ ရိုရုံးအဖွဲ့တွင် တာဝန်ယူသည်။ သူနှင့်အတူလာသူ သူ၏ညီဖြစ်သူ ကိုမော်ဆန်းကတော့ ၁၉၈၀ နောက်ပိုင်းတွင် ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းဖြစ်ပွါးသော တိုက်ပွဲတပွဲ၌ ကျဆုံးခဲ့သည်။ ကိုထက်ကျော်သည် ထိုစဉ်ကတော့ အဆိုး-မြေလတ်ဟုသော ကလောင်အမည်နှင့် စာရေးသားခဲ့သူဖြစ်သည်။

နောက်တန်း ဝဲ ဆဌမ ကတော့ ကိုသိန်းဆွေ ဖြစ်သည်။ ဗန်းမော်ဇာတိဖြစ်ပြီး CPB သို့ ၁၉၇၄/၇၅ ခန့်က ရောက်ရှိခဲ့သူဖြစ်သည်။ တပ်မဟာ ၂၊ KIA တပ်ပေါင်းစုသင်တန်းကျောင်းတို့တွင် တာဝန်ယူခဲ့ပြီး ၁၉၈၀ စွန်းစွန်းကာလက မြောက်ပိုင်းဗျူ ရို၁၂၀ မော်တာတပ်ခွဲ၌ တပ်ခွဲမှူးတာဝန်ယူခဲ့သည်။ CPB ၏နောက်ဆုံးကာလတွင် တပ်မဟာ ၂ ရင်း ၃ နိုင်ငံရေးမှူးတာဝန်ယူခဲ့သူ ဖြစ်သည်။

နောက်တန်း ယာအစွန်ကမူ ဒေသခံကချင်လူငယ် ဂမ်နမ်ဖြစ်သည်။ ၁၉၇၅ ခုနှစ်ခန့်က CPB ကွတ်ခိုင်ခရိုင်တပ်တွင် စတင် ဝင်ရောက်ခဲ့ပြီး ၁၉၇၇မှ ၁၉၈၀ ထိ KIA တပ်ပေါင်းစုသင်တန်းကျောင်းတွင်လည်းကောင်း၊ ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် CPB မြောက်ပိုင်းဗျူရို အကောက်ခွန်ဌာနတွင်လည်းကောင်း တာဝန်ယူခဲ့သူဖြစ်သည်။

ရှေ့တန်း ဝဲ အစွန်လူကတော့ ကိုအောင်နိုင်ဖြစ်သည်။ မြစ်ဖျားတိုင်းမှရဲဘော်ဟောင်းဖြစ်ပြီး ရှမ်းနီလူမျိုးဖြစ်သည်။ ၁၉၆၇/၆၈ မြစ်ဖျားတိုင်းပျက်ချိန်တွင် ဘေကျင်းပြန် ရဲဘော်ဖေသောင်းနှင့်အတူ တရုတ်နယ်စပ်သို့ ရောက်ရှိလာသည်။ ၁၉၇၁ ခုနှစ် ၈၁၅ စစ်ဒေသဖွင့်လှစ်ရာတွင် နိုင်ငံရေးမှူး ရဲဘော်ဖေသောင်းနှင့်အတူ ကြေနန်းစက်သမားအဖြစ်တာဝန်ယူခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် မြောက်ပိုင်းဗျူရိုအခြေစိုက်ရာ မုန်းကိုးသို့ပြောင်းရွှေ့ခဲ့ပြီး ၁၈၀ တပ်ဖွဲ့ ဒုတပ်မှူး၊ ၁၀၂ တပ်ဖွဲ့ ဒုနိုင်ငံရေးမှူးနှင့် ၂၀၂ ခရိုင်တို့တွင် ခေါင်းဆောင်ကေဒါ တာဝန်များယူခဲ့သည်။

ရှေ့တန်း ဝဲ ဒုတိယမှာ ကိုခင်မောင်ဝင်းဖြစ်သည်။ သူသည်မူလကအစိုးရစစ်တပ်မှဖြစ်ပြီး ကယန်းပြည်သစ် သို့မဟုတ် ကလ လတ စသည့် ကယားပြည်နယ်ရှိ တိုင်းရင်းသားအဖွဲ့တဖွဲ့သို့ရောက်ရှိလာခဲ့သူကယားလူမျိုး တဦးဖြစ်သည်။ ၁၉၇၅ ခုနှစ် ကာလများကတပ်ပေါင်းစု တာဝန်ယူခဲ့သူ CPB ခေါင်းဆောင် ရဲဘော်အောင်ခေါ် ဗိုလ်မျိုးမြင့်နှင့် လက်တွဲခဲ့ပြီး ၁၉၈၀ ခုနှစ် မြောက်ပိုင်းဗျူရိုဖွဲ့ရာတွင် ရဲဘော်အောင်နှင့်အတူ ပါလာခဲ့သူဖြစ်သည်။ မြောက်ပိုင်းဗျူရို မော်တော်ယဉ်ဌာနကို တာဝန် ယူသည်။

ရှေ့တန်း အလယ်လူ ဂိုးသမားဖြစ်ပုံရသူကိုတော့ မမှတ်မိတော့။ ရှေ့တန်းဝဲ စတုတ္ထမှာ ကိုမာခါးဖြစ်သည်။ ဒေသခံကချင် ရဲဘော်ဖြစ်ပြီး ၁၉၇၀ စွန်းစွန်းကထဲက CPB တပ်ထဲရောက်နေသူဖြစ်သည်။ မူလက CPB ကွတ်ခိုင်ခရိုင်ကဖြစ်ဖြစ်ပြီး ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် CPB မြောက်ပိုင်းဗျူ ရိုရုံးတွင် တောက်လျောက်တာဝန်ယူခဲ့သူဖြစ်သည်။ ၁၉၈၉ ခုနှစ် CPB ပြိုကွဲပြီး နောက် ဗျူရိုရုံးအခြေစိုက်ရာစခန်းအနီးရှိ နောင်ခမ်းရွာတွင်ပင် အရပ်သားအဖြစ် အခြေချနေထိုင်ခဲ့သည်ဟုသိရသည်။ လက်ရှိကာလ၌ CPB ဗျူရိုရုံးနေရာတွင်တပ်မတော်မှ ဗျူဟာရုံးစိုက်ရာ ၂၀၁၆ ခုနှစ်ကုန်ပိုင်း မြောက်ပိုင်းမဟာမိတ်နှင့် တပ် မတော်တို့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးရာ ကိုမာခါးတို့နေထိုင်ရာနောင်ခမ်းကျေးရွာသည်လည်း ပြင်းထန်စွာစစ်ဘေးသင့်ခဲ့သည်ဟုကြားသိရသည်။

ရှေ့တန်း ယာအစွန်လူကတော့ ကိုမျိုးအောင် ခေါ် ကိုအောင်လေးဖြစ်သည်။ မိမိအကိုဝမ်းကွဲတော်စပ်သူ ပြည်မြို့ ဇာတိဖြစ် သည်။ စီးပွါးရေးတက္ကသိုလ် ဘွဲ့ရတဦးဖြစ်ပြီး ၁၉၇၈ ခုနှစ်တွင် CPB ယူဂျီအဖြစ် ဖမ်းဆီးခံခဲ့ရသည်။ ၁၉၈၀ ခုနှစ် လွတ်ငြိမ်း ချမ်းသာခွင့်နှင့်လွတ်ပြီးနောက် CPB အခြေခံဒေသသို့ ရောက်ရှိခဲ့သူဖြစ်သည်။ ဦးစွာအားဖြင့် တပ်မ ၄၈ တွင် စစ်ဦးစီးကေဒါ အဖြစ်၎င်း ၁၉၈၅ ခုနှစ်တွင် မြောက်ပိုင်းဗျူရို စစ်ဦးစီးဌာန စစ်ဦးစီးကေဒါအဖြစ်၎င်း တာဝန်ယူခဲ့သည်။

ထိုဓါတ်ပုံထဲက အများစုသည် အသက်ရှင်လျက်ရှိပါသေးသည်။ ကိုခင်မောင်ဝင်း ကတော့ ၂၀၀၀ စွန်းစွန်းက ဆုံးသွားသည်ဟု ကြားရသည်။ ထိုသူတို့သည် တချိန်တခါက ကျနော်နှင့်အတူ ကွန်မြူနစ်စစ်သားများ ဖြစ်ခဲ့ကြသည်။ ပြည်သူလူထုကို အတူ တကွ ချစ်ခင်မြတ်နိုးခဲ့ကြသည်။ အဖွဲ့အစည်းအားလည်း ရိုးသားစွာ ယုံကြည်ခဲ့ကြသူများလည်းဖြစ်သည်။ အဖွဲ့အစည်း၏ အမိန့်အားလည်း တသွေမတိမ်းလိုက်နာခဲ့ကြသူများလည်း ဖြစ်သည်။ စစ်မြေပြင်တွင်လည်း တိုက်ပွဲများစွာ ဖြတ်သန်းခဲ့ကြ သူများဖြစ်သည်။ အတူတကွ အငတ်ခံကြသူများလည်းဖြစ်သည်။ စစ်ပွဲများတွင် မသေ၍ ကျန်နေခဲ့သူများလည်း ဖြစ်သည်။

ထိုသူများသည် သေဆုံးကြသည့်အခါ ကွန်မြူနစ်ဟူသည့် နာမည်တပ်ရန်လိုသူများ နာမည်တပ်မည့်သူများလည်း မဟုတ်ကြ ပါ။ သမိုင်း၏အချိန်ကာလများတွင် နိုင်ရာတာဝန်ထမ်းခဲ့ကြခြင်းသာဖြစ်ပါသည်။ တိုင်းပြည်အတွက်လူ့အဖွဲ့အစည်းအတွက် ယုံကြည်မှုတခုကို အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုသူတို့ကွယ်လွန်သည့်အခါ တူတံဇင်အလံအုပ်ချင်မှ အုပ်ပါ လိမ့်မည်။ တောတောင်များအတွင်း ရှည်ကြာလှသည့် ပြည်တွင်းစစ်အတွင်း လူမသိသူမသိ ကျဆုံးခဲ့ကြသော ဖြစ်သလို မြှုပ်နှံခဲ့ရသော ရဲဘော်များကဲ့သို့ပင် လူအဖွဲ့အစည်း၏နှမ်းတပွင့်အဖြစ် ကျေနပ်နေကြမည်သာဖြစ်သည်။

တကယ်တော့ ထိုသူတို့သည် ကွန်မြူနစ်စစ်သားများ ဖြစ်ခဲ့ကြသည်ဆိုသော်လည်း လူသားဆန်သူများလည်းဖြစ်ကြသည်။ မိသားစုကို ချစ်ခင်တွယ် တာသူများ၊ အကာကွယ်ပေးခဲ့ကြသူများလည်းဖြစ်သည်။ ရဲဘော်ရဲဘက်များ အားအနွံအတာခံ သူများဖြစ်သည်။ ရဲဘော်ရဲဘက်များ ညီအကိုမောင်နှမများအတွက် အသက်ပေးရဲခဲ့ကြသူများဖြစ်သည်။ ပျော်ရွှင်ချိန်များတွင် တီးမှုတ် သီဆို ကခုန်ကြသူများဖြစ်သည်။ ဝမ်းနည်းချိန်တွင် ရင်နှင့်အမျှ ခံစားတတ်သူများဖြစ်သည်။ ထိုသူတို့သည် စစ်မြေ ပြင်တွင် စစ်သားများဖြစ်ကြသည်။ ထို့အတူ အားလပ်ချိန်တွင် အားကစားသမားများဖြစ်ကြသည်။ စစ်မြေပြင်တွင်အတူတကွ တိုက်ပွဲဝင်ခဲ့ကြသကဲ့သို့ ဘောလုံးကွင်းအတွင်းတွင် အတူတကွပျော်ရွှင်စွာ ကစားခဲ့ကြသူများဖြစ်သည်။

ထိုသူတို့သည် ရဲရင့်သူများဖြစ်ကြသကဲ့သို့ စိုးရိမ်ထိတ်လန့်တတ်သူများလည်းဖြစ်သည်။ ထိုသူတို့သည် တက်ကြွသူများဖြစ် သကဲ့သို့ တွေဝေသူများလည်းဖြစ်ပါသည်။ ထိုသူများသည် အများအတွက် ပေးဆပ်ရဲသူများဖြစ်ကြသကဲ့သို့ အတ္တလည်းရှိကြ သူများဖြစ်သည်။ ထိုသူများသည် ရီမောတတ်သူများဖြစ်သကဲ့သို့ ရှိုက်ကြီးတငင်ငိုကြွေးတတ်သူများလည်း ဖြစ်ပါသည်။ ထိုသူတို့သည် နှစ်နှစ်ကာကာချစ်တတ်ကြသကဲ့သို့ ခါးခါးသည်းသည်းလည်း မုန်းတတ်ကြသူများဖြစ်ပါသည်။

ထိုသူများသည် အမှန်များသာ လုပ်ခဲ့ကြသူများတော့ မဟုတ်ပါ။ အမှားများလည်း လုပ်ခဲ့ကြသူများဖြစ်သည်။ ထိုသူတို့သည် သူတို့၏လုပ်ရပ်များနှင့်ပတ်သက်ပြီး အမှန်အမှားကို အမြဲပြန်လည်ဆန်းစစ်ဝေဖန်သုံးသပ် နေရသူများလည်းဖြစ်ကြပါသည်။ထိုသူများသည် တကယ်တော့ လူ့အဖွဲ့ အစည်းတွင်းက ခံစားတတ်သော ထူးခြားသည့်သာမန်လူများသာဖြစ်ပါသည်။

“They all are special ordinary.”

မောင်မောင်စိုး
photo credit Akardodo Dodoakar