ကျွန်တော်ဝယ်ယူဖြစ်ခဲ့တဲ့ စာအုပ်တွေများစွာရှိပါတယ်။ စာအုပ်တစ်အုပ်ကို ဝယ်ယူဖြစ်ခဲ့တဲ့အချိန်တချို့က အခုထိမှတ် ဉာဏ်ထဲ စွဲထင်နေတဲ့ အမှတ်ရစရာလေးတွေရှိခဲ့ပါတယ်။ အဲ့ဒီစာအုပ်တွေထဲကမှ ကျွန်တော့်စိတ်ကိုလှုပ်လှုပ်ခတ်ခတ်ဖြစ် စေတဲ့ စာအုပ်ကလေးတွေအကြောင်း ကျွန်တော်ပြောပြချင်မိပါတယ်။ ကျွန်တော့်စာအုပ်ကလေးများလို့ အမည်ပေးလိုက် ပါတယ်။ ရေးကြီးခွင်ကျယ်ကိစ္စတစ်ခုမဟုတ်ပေမယ့် အဲ့ဒီစာအုပ်တွေကိုဝယ်ယူတုန်းက ကျွန်တော့်ရင်ဟာ တထိတ်ထိတ်ခုန် နေခဲ့တယ်လို့ ပြောရင်ယုံမလား။ စကားပြောဖော်မရှိ၊ ကဗျာအကြောင်း၊ စာအကြောင်း ဆွေးနွေးညှိနှိုင်းစရာ နတ္ထိဖြစ်နေတဲ့နယ်ကလူတစ်ယောက်အတွက် စာအုပ်ကလေးတွေ ထွက်တဲ့အကြောင်းသတင်းရတာနဲ့ ငမ်းငမ်းတက်လိုချင်မိတဲ့အကြောင်းကိုကြားရင် ပိုတယ်လို့ ထင်လေမလား။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ဝယ်ယူဖြစ်ခဲ့တဲ့ စာအုပ်ကလေးတွေအကြောင်း ကျွန်တော် ပြောပါတော့မယ်။
ဆရာပိုင်စိုးဝေရဲ့ ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာထွက်တော့မယ်ဆိုတဲ့ သတင်းကို နှစ်ကာလများစာပေရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျကနေ ကျွန်တော်သိရတော့ ။ မက်ဆေ့က လှမ်းမှာမိတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်က ဖတ်ဖူးခဲ့ပေမဲ့ စာအုပ်ထဲပါပါဝင်တဲ့ဝတ္ထုတွေရဲ့နာမည်ကိုကျွန်တော် မမှတ်မိတော့ပါ။ အခု စာအုပ်က အရင်ကပါခဲ့တဲ့ဝတ္ထုတို ၁၆ ပုဒ်အပြင် နောက်ထပ် ၁၄ ပုဒ်ပါထပ်ဖြည့်ထား တဲ့အတွက် ဝယ်ကိုဝယ်ရမယ့်စာအုပ်မို့ မှာလိုက်တာပါပဲ။ ဒီရက်ပိုင်းတွေထဲ ဆရာပိုင်စိုးဝေရဲ့အကြောင်းတွေကို လက်ဖက်ရည်ဝိုင်းတွေမှာ ထည့်ထည့်ပြောဖြစ်နေတဲ့ အချိန်တွေနဲ့လည်းတိုက်ဆိုင်နေတော့။ မိတ်ဆွေတယောက်က သူ့အတွက်ပါမှာပေးဖို့ပြောတာနဲ့ နောက်တအုပ်ထပ်တိုးပြီး မှာလိုက်တယ်။ ကျွန်တော်တို့ မြို့ကစာအုပ်ဆိုင်ကလေးတွေမှာ အဲ့ဒီစာအုပ် မရောက်ဖူးဆိုတာကိုလည်း သိနေတယ်လေ။
မှာထားတဲ့ စာအုပ်မရောက်ခင်မှာပဲ ကိုနေညိုအောင်က သူ့ဖေ့စ်ဘုတ်မှာ ဆရာပိုင်စိုးဝေရဲ့လက်ဗွေရာနဲ့စာအုပ်ကလေးလက်ဆောင်ရတဲ့ အကြောင်းတင်ထားတာကိုဖတ်ရတော့ကျွန်တော်လည်းလိုချင်မိလာတယ်။ ဆရာပိုင်စိုးဝေရဲ့ကျန်းမာရေးက လက်မှတ်ထိုးလို့ကို မရနိုင်တော့လို့ လက်ဗွေရာနှိပ်ပြီး အမှတ်တရယူဖို့ သူ့အနီးအနားက ကဗျာဆရာတွေကစီစဉ်ခဲ့ကြပုံပါပဲ။ အနုပညာသမားတယောက်ရဲ့ အငွေ့အသက်ကို ခိုလှုံရခြင်းက နွေးထွေးဆွတ်ပျံ့သော အဓိပ္ပါယ်ကိုပေးတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်နဲ့အတူ စာအုပ်မှာထားတဲ့ မိတ်ဆွေကို ကိုနေညိုအောင်ရဲ့ပို့စ်ကို ပြတော့။ ငါတို့လည်း အဲ့ဒီလိုထပ်မှာကြမယ်ကွာလို့ပြောတာနဲ့ပဲ ကိုနေညိုအောင်ဆီ ဖုန်းဆက်ပြီး မှာလိုက်ကြတယ်။ ထပ်မှာလိုက်တဲ့စာအုပ်ဖိုးတွေကိုလည်း သူကပဲ ATM ကဒ်ကနေကိုနေညိုအောင်ဆီကို လွဲပေးလိုက်ပါတယ်။ နှစ်ကာလများကစာအုပ် ရောက်လာရင် လိုချင်တဲ့လူတွေကို ပြန်ရောင်းလိုက်တာပေါ့လို့ တွေးထားလိုက်တယ်။ မှာပြီးတဲ့နောက်တရက်မှာပဲ လက်ဗွေတွေပါဝင်တဲ့ စာအုပ် ၂ အုပ်ကို ကိုနေညိုအောင်က ပို့ပေးပါတယ်။ အဝေးကကြယ်တာရာရဲ့ အလင်းကိုခံစားရတဲ့အရသာကို စာနဲ့ရေးပြဖို့ ကျွန်တော်မတတ်နိုင်ပါ။ လိုချင်တာကိုရတဲ့အတွက် ပျော်တယ်လို့ ပြောရုံပဲ ကျွန်တော်တတ်နိုင်ခဲ့ပါတယ်။
စာတိုက်က စာအုပ်တွေရောက်ပြီလို့ ဖုန်းဆက်လာတော့ ဖုန်းနံပါတ်ကို သတိမထားမိပဲ စာတိုက်ကို ကျွန်တော်ရောက်သွား တယ်။ စာအုပ်ရောက်နေတယ်လို့ ဖုန်းဆက်လာလို့လာယူတာလို့ ကျွန်တော်ပြောတော့ စာတိုက်ကလူတွေ ကြောင်သွား ကြတယ်။ ဘာစာအုပ်မှမရောက်ဘူးနော် ဘယ်ဖုန်းကဆက်တာလဲလို့မေးတာနဲ့ ကျွန်တော့်ဆီဖုန်းနံပါတ်ကိုပြလိုက်တော့။ အဲ့ဒါကသာ စာတိုက်ကဖုန်းတဲ့။ အဲဒီတော့မှ ကောလင်းနဲ့ကသာကို လိပ်စာကိုလွဲပြီး ပို့လိုက်ပြီထင်တယ်လို့မိပြီထင်တယ်လို့ တွေးမိပါတယ်။ ကောလင်းစာတိုက်ကစာတိုက်မှူးအစ်မက ကျွန်တော်နဲ့ခင်မင်ရင်းနှီးတဲ့အတွက်ကသာ စာတိုက်ကို ဖုန်း ဆက်ပြီး ကောလင်းကို ပြန်ပို့ပေးဖို့ပြောပေးတော့ အဆင်ပြေသွားပါတယ်။ ရန်ကုန်က လာတဲ့စာအုပ်ကလေးတွေဟာ ကွေ့ ဝိုက်ပြီးသွားတတ်တဲ့ သဘောရှိမယ်ထင်မထားပေမဲ့။ တခါ တခါထင်မထားတာတွေကထင်ထားတာတွေကို လှောင်ပြောင်တတ်ကြပါတယ်။ နောက်တရက်မှာ ကသာကပြန်ပို့လိုက်တဲ့ စာအုပ်ကလေးတွေကို ကျွန်တော်ရရှိပါတယ်။ ရောက်လာတဲ့ စာအုပ်တွေကို စာဖတ်ဝါသနာပါကြတဲ့ ကျွန်တော့်မိတ်ဆွေတွေကိုပြလိုက်တော့ လိုလိုချင်ချင်ပဲပြန်ဝယ်ကြပါတယ်။ ကျွန်တော်တို့ကောလင်းကို ဗုဒ္ဓဟူးနေ့မှမိုင်ငါးရာဟာ အဲဒီလိုကွေ့ဝိုက်ပြီးရောက်ရှိလာခဲ့တယ်။ အဲ့ဒီလိုနဲ့ ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာကိုကျွန်တော်ပိုင်ဆိုင်ခဲ့ပါတယ်။
ထူးအိမ်သင် ကွယ်လွန်တဲ့ကာလတုန်းက ကျွန်တော်လားရှိုးမှာ ရှိနေတဲ့ အချိန်ဖြစ်ပါတယ်။ သူ့သတင်းတွေကိုကြေကွဲဆို့နင့် စွာဖတ်ရင်း ချစ်ခြင်းအားဖြင့်ဆိုတဲ့ စာအုပ်ကလေးကို သူ့အင်တာဗျူးတချို့နဲ့ သူ့မိတ်ဆွေတွေရေးတဲ့သူ့အကြောင်း အမှတ်တရတွေကို စုစည်းပြီးထုတ်ဝေမယ်ဆိုတဲ့ သတင်းကိုမဂ္ဂဇင်းတွေထဲကနေ ဖတ်ရပါတယ်။ မှတ်မှတ်ရရ အဲ့ဒီစာအုပ် လားရှိုးရောက်ပြီးတဲ့နောက်တရက်ကအစ်နေ့ ဖြစ်ပါတယ်။ ကျွန်တော်အလုပ်လုပ်နေတဲ့ အလုပ်ရှင်ကပန်းသေးလူမျိုးဖြစ်နေတဲ့ အတွက် အလုပ်ပိတ်တယ်။ သူတို့အိမ်မှာ အစားအသောက်တွေစားပြီး သူတို့ရဲ့ဆွေမျိုးအိမ်တွေဆီ ကျွန်တော်တို့အုပ်စုလိုက်ကြီး လှည့်ပတ်စားသောက်ကြပါတယ်။ သူတို့ရဲ့ထုံးစံအတိုင်း မုန့်စားပြီးတဲ့အခါ မုန့်ဖိုးတွေလည်းပေးကြပါတယ်။ ချစ်ခြင်းအားဖြင့်စာအုပ်တန်ဖိုးက အဲ့ဒီကာလမှာ ကျွန်တော်မဝယ်နိုင်တဲ့ ငွေကြေးဖြစ်ပေမယ့်။ အစ်နေ့ကရတဲ့မုန့်ဖိုးတွေနဲ့စုပြီး ကျွန်တော်ဝယ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်နေတဲ့နေရာနဲ့အတော်ဝေးတဲ့ စာအုပ်ဆိုင်ကလေးဆီကို ခြေလျင်တက်သွားပြီး ဝယ်ခဲ့ ရတာပါပဲ။ အသွားကော အပြန်ပါတက်ကြွတဲ့ ခြေလှမ်းတွေနဲ့ သွားဝယ်ခဲ့ရတဲ့အတွက် အဲ့ဒီစာအုပ်ကလေးကလည်း ကျွန်တော့်အတွက် အမှတ်တရရှိခဲ့ပါတယ်။
အဝတ်အစားနဲ့အခြားအသုံးအဆောင်တွေကိုဝယ်ဖို့ လက်တွန့်လှတဲ့ ကျွန်တော်ဟာ စာအုပ်ဆိုရင်တော့ ကိုယ်တတ်နိုင်တဲ့ငွေကြေးနဲ့ဆို ဘယ်အခါမှဝယ်ယူဖို့ နောက်မတွန့်ခဲ့ပါ။ ငွေကြေးစုဆောင်းမိတဲ့အခါ ဝယ်ဖြစ်တာကလည်းစာအုပ်တွေပါပဲ။ လက်ပတ်နာရီကောင်းကောင်း၊ ဖိနပ်ကောင်းကောင်း၊ ဘောင်းဘီကောင်းကောင်း၊ အင်္ကျီကောင်းကောင်း ကျွန်တော့်မှာ မရှိပါ။ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်ဆိုတာကတော့ မူးရင်တောင်ရှူစရာမရှိပါဆိုတဲ့ စကားအတိုင်းပါပဲ။ ကျွန်တော်ခရီးတခေါက်ထွက်တိုင်း အိမ်ကိုပြန်ပါလာတာကလည်း စာအုပ်တွေပဲဖြစ်ပါတယ်။ စာဖတ်ခြင်း အလေ့အထဟာ ကျောင်းမထွက်ခင်ကနေ ကျောင်းထွက်ပြီးတဲ့ကာလကနေယနေ့အထိ ကျွန်တော့်ဆီမှာ စွဲကပ်နေခဲ့ခြင်းပဲ ဖြစ်ပါတယ်။ စာရေးခြင်းကို ဝါသနာထုံ လာတာကလည်း စာအုပ်ဖတ်ခြင်းရဲ့အကျိုးသက်ရောက်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာအုပ်ဖတ်ခြင်းရဲ့ထင်ရှားတဲ့ အကျိုးကိစ္စတွေ အများကြီးထဲကကျွန်တော့်အတွက်သက်သေပြနိုင်တဲ့ အရာတခုကလည်း ကျွန်တော်စာရေးနေခြင်းပဲဖြစ်မယ်ထင်ပါတယ်။ ချမ်းသာကြွယ်ဝမှု မရှိ၊ အောင်မြင်တဲ့ပေါင်းသင်းဆက်ဆံရေးမရှိတဲ့ ကျွန်တော့်အတွက် စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးက စာရေးနေဖြစ်တာကိုပဲ လက်ညိုးထိုးပြစရာ ရှိပါတယ်။ တခါ တခါ စကားဝိုင်းတွေထဲ စာတတန်ပေတတန် ဝင်ရောက်ငြင်းခုံ မိတာက လွဲလို့ပေါ့လေ။
တတိယမြောက် ကျွန်တော့်အတွက် အမှတ်တရဖြစ်ရတဲ့ စာအုပ်ကတော့ ပိတောက်ပွင့်သစ်မဂ္ဂဇင်းပါပဲ။ ကျွန်တော်ကော လင်းကို ပြန်ရောက်နေပြီး စတိုးဆိုင်တခုမှာအလုပ်ဝင်နေတဲ့အချိန်ပေါ့။ အရောင်းစာရေးလို့ နာမည်တပ်ခေါ်ကြပေမယ့် ဆိုင်ရဲ့တံမြက်စည်းလှည်း အမှိုက်သိမ်းကနေဗာဟီရအကုန်လုပ်ရတဲ့ အလုပ်သမားပါပဲ။ လခက တသိန်းပဲရတယ်။ စားစရိတ်တော့ အငြိမ်းပေါ့လေ။ တရက် လက်ဖက်ရည်ဆိုင်တွေကို နို့ဆီပုံးပို့ပြီး အပြန်မှာ ဘူတာနားက စာအုပ်ဆိုင်ကလေးဆီ စာ အုပ်ဝင်ကြည့်ပါတယ်။ အဲ့ဒီမှာ ဆရာနတ်နွယ်မျက်နှာဖုံးနဲ့ ပိတောက်ပွင့်သစ်မဂ္ဂဇင်းကို တွေ့ရတော့ ပျော်သွားပြီး ဈေးကို ကြည့်တော့ ကျွန်တော့်ပါတဲ့ပိုက်ဆံနဲ့မလောက်တာ တွေ့ရပါတယ်။ ဆိုင်ရှင်ကို ကျွန်တော်ခဏနေ လာယူမယ်ချန်ထားရ လားလို့ မေးတော့ သူကချန်ထားပေးမယ်လို့ပြောတဲ့အတွက် ကျွန်တော်ဘယ်သူ့ဆီက ပိုက်ဆံချေးပြီး ဝယ်ရမလဲတွေးပြီး ခေါင်းထဲမှာပေါ်လာတဲ့ နာမည်တွေကို စီကြည့်မိတယ်။ အတွေးထဲမှာ အဆင်ပြေပေမယ့် လက်တွေ့ကျ မလွယ်ဘူးလေ။ သူငယ်ချင်းနှစ်ယောက်သုံးယောက်လောက်ဆီ သွားချေးတော့သူတို့လည်း ပြတ်လပ်နေကြတယ်ဆိုတဲ့ အဖြေကိုပဲရလာ တယ်။ ကိုယ်အလုပ်လုပ်နေတဲ့ ဆိုင်ကထုတ်ဖို့လည်း မဖြစ်နိုင်ကြိုထုတ်ထားတာနဲ့ လမကုန်ခင်ကတည်းက လခက ကုန်နေပြီလေ။
ပိုက်ဆံချေးလို့ရမယ့် လူတွေကို စဉ်းစားကြည့်တော့ ကဗျာဆရာ မြူမင်းလွင် (ကောလင်း) ကို သတိရမိတယ်။ သူနဲ့က ခင်မင်တာမှ တပတ်ကျော်ကျော်ပဲရှိသေးတော့ ပိုက်ဆံချေးလို့ကောင်းပါ့မလားဆိုတဲ့ အတွေးကလည်း ဝင်လာပြန်တယ်။ ဒါပေမဲ့ ပိုက်ဆံချေးလို့ရမယ့်လူက သူပဲရှိတော့တယ်လေ။ ရှေ့မျက်နှာနောက်ထားပြီး ချေးဖို့ဆုံးဖြတ်လိုက်မိပြီး သူ့ဆိုင်ကို ထွက်ခဲ့မိတယ်။ သူကလည်း အီလက်ထရောနစ်ဆိုင်တခုမှာအလုပ်လုပ်နေတဲ့လူပါ။ ဆိုင်ရောက်တော့ အထဲမှာထိုင်နေတဲ့ သူ့ကိုတန်းတွေ့တာနဲ့ အပြင်ခဏခေါ်ပြီး စာအုပ်ဝယ်ဖို့ ပိုက်ဆံလိုနေလို့ ချေးပေးဖို့ပြောတော့ ကျွန်တော်ဖတ်ပြီးရင် သူ့ကို လည်း ပြန်ငှါးပေးဖို့ပြောပြီး ပိုက်ဆံထုတ်ပေးပါတယ်။ အဲ့ဒီကာလတုန်းက ပိတောက်ပွင့်သစ်မဂ္ဂဇင်းဆိုတာ ကဗျာသမားတွေ အလေးအမြတ်ပြုရတဲ့မဂ္ဂဇင်းဆိုတော့ ကဗျာရေးသူတိုင်း စိတ်ဝင်စားကြပါတယ်။ ပိတောက်ပွင့်သစ်မှာ ကဗျာပါဖူးချင်တဲ့ စိတ်ဆန္ဒကလည်း ကဗျာရေးသူတိုင်းရှိကြတဲ့ ကာလတခုပဲဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီလို အရှိန်အဝါကြီးတဲ့ မဂ္ဂဇင်းက ကိုယ့်မြို့ကိုရောက်နေတဲ့ အခါမှ မဝယ်ရင် ကိုယ်မိုက်မဲရာကျမယ် မဟုတ်လား။
စာအုပ်ဖိုးပိုက်ဆံပြည့်တော့ စာအုပ်ဆိုင်ကလေးကိုသွားပြီး ကျွန်တော် ချန်ထားခဲ့တဲ့စာအုပ်ကလေးကိုပေးပါလို့ပြောပြီး စားပွဲပေါ်ကို ပိုက်ဆံတင်ပေးလိုက်ပါတယ်။ ဆိုင်ရှင်ကအလုပ်များနေရာကနေ မျက်လုံးလှန်ကြည့်ပြီး သူများဝယ်သွားပြီလို့ ပြောပါတယ်။ ဗျာ ကျွန်တော်သေသေချာချာကို လာယူမယ်ချန်ထားလို့ ခင်ဗျားကိုမှာခဲ့တယ် မဟုတ်လား ဒေါသနဲ့ကျွန်တော်ပြန်မေးမိတော့ မင်းလာမယူတော့ဘူးထင်တာနဲ့ လာဝယ်တဲ့လူကိုရောင်းလိုက်တယ်လို့ သူကအေးအေးဆေးဆေးပဲ ပြန်ပြောပါတယ်။ ဒေါသကြောင့် ကျွန်တော် အသားတွေတဆတ်ဆတ်တုန်နေမိတယ်။ ခဏနေပြန်လာမယ်ဆိုတဲ့အချိန်က လည်း ပိုက်ဆံလိုက်ချေးနေရတာနဲ့ နည်းနည်းပိုကြာသွားတာမှန်ပေမဲ့။ သူချန်ထားသင့်တယ် မဟုတ်ဘူးလား။ ကျွန်တော့် မှာ အဲ့ဒီစာအုပ်ကိုလိုချင်လွန်းလို့ စိတ်ကောကိုယ်ပါမောပန်းတကြီး ကြိုးစားခဲ့ရတာ။ ဒါပေမဲ့ ပိုက်ဆံရလာတဲ့အချိန်ကျ စာအုပ်ကမရှိတော့ဘူး။ စိတ်ထဲပေါက်ကွဲနေရုံက လွဲပြီးကျွန်တော် ဘာတတ်နိုင်မှာတဲ့လည်း။ ဒေါသဖြစ်ဖြစ်နဲ့ အလုပ်ကိုပြန်လာခဲ့ပြီး တနေ့လုံး တောက်တခေါက်ခေါက် ဖြစ်နေမိတယ်။
လိုချင်တာမရတဲ့ ဆင်းရဲရဲ့ တနုံ့နုံ့နှိပ်စက်တဲ့ ဒဏ်ကိုခံစားဖူးကြမယ် ထင်ပါတယ်။ ဆရာနတ်နွယ်မျက်နှာဖုံးနဲ့ ပိတောက်ပွင့် သစ်က တနေ့လုံး မျက်စိထဲက မထွက်ဘူး။ အဲ့ဒီလောက် ငွေပမာဏလေးကို အသင့်မရှိတဲ့ ကိုယ့်ကိုယ်ကိုလည်း ဒေါသထွက်လို့ မဆုံးဖြစ်နေရတယ်။ အဲ့ဒီအချိန်ကာလက တနေရာနဲ့တရာ အခုလို လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းသေး။ မန္တလေးကနေ လှမ်းမှာဖို့ကလည်း အသိမိတ်ဆွေမရှိသေး။ အတော် စိတ်ဆင်းရဲခဲ့ရတဲ့အဖြစ်ပါ။ ကိုယ်လိုချင်တဲ့ အရာကို ကိုင်တွယ်ကြည့်ရှုခဲ့ပြီး။ ရရှိဖို့ အတွက်ကြိုးစားပမ်းစား ရှာကြံခဲ့ပေမဲ့ ကိုယ့်လက်ထဲကို ရောက်မလာခဲ့ဘူး။ ငွေသုံးထောင်လောက်ဆိုတာ တချို့လူတွေ အတွက်ပမွှားအသေးအဖွဲ ဆိုပေမဲ့ ကျွန်တော့်အတွက် တကယ်ခက်ခဲရတဲ့ ကိစ္စဖြစ်နေတာ ကလည်း ကျွန်တော့်ညံ့ဖျင်းနုံနှဲ့မှုတွေရဲ့သက်သေတွေပါပဲ။ စိတ်ဆိုးခြင်း၊ ဝမ်းနည်းခြင်းတွေနဲ့တနေ့တာဟာ ရှည်လျားပူလောင်လွန်းလှပါတယ်။ ညနေပိုင်း အလုပ်သိမ်းချိန်ရောက်တော့ ကိုမြူမင်းလွင်ရဲ့ ပိုက်ဆံကို ပြန်ပေးဖို့တွေးပြီးသူ့ဆိုင်ဘက်ကိုထွက်လာခဲ့တယ်။ သူ့ဆိုင်ကို မရောက်ခင်ကျွန်တော်ငှါးနေကျ စာအုပ်အငှါးဆိုင်ကလေး ရှေ့ကိုရောက်တော့ စာအုပ်တအုပ်အရင်ဝင်ငှါးမယ်လို့ စိတ်ကူးပေါ်လာတာနဲ့ စာအုပ်အငှါးဆိုင်ကလေးထဲ ဝင်လိုက်မိတယ်။ ဗလာစာအုပ်တွေ တင်ထားတဲ့စင်ပေါ်မှာ ဆရာနတ်နွယ်မျက်နှာဖုံးနဲ့ ပိတောက်ပွင့်သစ်မဂ္ဂဇင်း။ ဒီဆိုင်မှာ အရင်က ဒါမျိုးမဂ္ဂဇင်းတွေမတင်ပါ။ ဒီစာ အုပ်က ငှါးတာလားလို့ ကျွန်တော်မေးတော့။ လူတယောက်ကမှာထားလို့ တခြားစာအုပ်တွေနဲ့ ပေါင်းမှာထားတာ။ အခု သူကမယူတော့ဘူးဆိုလို့ မန္တလေးကိုပြန်ပို့မလို့တဲ့ နောက်ဆို စာအုပ်တွေမှာမပေးတော့ဘူးလို့ စာအုပ်ဆိုင်ပိုင်ရှင်က ညည်း တွားပြီးပြောပါတယ်။ ဟာ ဒါဆို ကျွန်တော်ယူမယ်လို့ပြောတော့ ဆိုင်ရှင်ကဝမ်းသာသွားတယ်။ ပိုက်ဆံပေးပြီး တနေကုန်ကျွန်တော့်စိတ်ကို အမျိုးမျိုး ခံစားစေတဲ့စာအုပ်ကလေးကိုပိုက်ပြီး ကျွန်တော်ဆိုင်ထဲကပြန်ထွက်လာခဲ့တယ်။ စာအုပ်အစုံ မရောက်တဲ့နယ်မှာ ကြုံတွေ့နေရတတ်တဲ့အဖြစ်အပျက်တွေပဲလို့ ဆိုနိုင်ပေမဲ့ အဲ့ဒီစာအုပ်ကလေးတွေကိုပိုင်ဆိုင်ရရှိဖို့ ကြိုးစားရတဲ့ အခါကြုံတွေ့ရတဲ့ စိတ်ခံစားချက်တွေကို အခုထိ သတိရနေမိတာ အမှန်ပါပဲ။ ဘာမှ မဖြစ်စလောက်ကလေးကို အကျယ်ချဲ့နေမိတာတော့ မဟုတ်ပါဘူး။ မှတ်ဉာဏ်မှာစိုက်ဝင်နေတဲ့ကိစ္စဆိုတာ လူတိုင်းကိုယ်စီရှိခဲ့ကြတယ်မဟုတ်ပါလား။
လင်းသက်ငြိမ်