(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၈
● ၂၀၂၀ နှင့် တိုင်းဒေသကြီးများ
ပြည်မရှိ တိုင်းဒေသကြီး ၇ ခုတွင် NLD ပါတီမှ ဆက်လက်ဦးဆောင်ဘွယ်ရှိသည်။ လက်ရှိ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆက်လက်ကိုင်စွဲသော လူကို မကြည့်နဲ့ မူကိုကြည့်ပါဆိုသည့် ရွေးကောက်ပွဲဆော်သြချက်ကို ၂၀၂၀ တွင်လည်း NLD ဆက်လက်စွဲကိုင်ဘွယ်ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လူပုဂ္ဂိုလ်သြဇာကြီးမားခြင်း၊ လူထုအများစုအနေနှင့်ကြံ့ခိုင်ရေး ပါတီအား လိုလားမှုမရှိခြင်း၊ ထိုအခြေခံအောက်တွင် NLD မှအပ ရွေးချယ်စရာမရှိဟု သတ်မှတ်ခြင်း စသည့်အချက်များ အောက်တွင် ပြည်မရှိ တိုင်းဒေသကြီး ၇ ခု၌ NLD ဆက်လက်ဦးဆောင်ဘွယ်ရှိသည်။
တိုင်းဒေသကြီးတခုချင်းစီအရ တွက်ချက်ကြည့်လျင် အမျိုးသားလွှတ်တော်နေရာ ၁၂ နေရာလုံးအား ၂၀၁၅ တွင်နိုင်ခဲ့သည့် တိုင်းဒေသကြီး ၆ ခုရှိသည့်အနက် ရန်ကုန်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာအားလုံးအားလုံး၌ ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။ (ဤနေရာတွင် စာရေးသူဆိုလိုသည့် ပြတ်ပြတ်သားသားဆိုသည့်မှာ ပြိုင်ဖက်ထက် ၁၀၀ ရာခိုင်နှုန်း အ ထက် အနိုင်ရသည်ကို ဆိုလိုသည်။ မပြတ်သားဆိုသည်မှာ ၅၀ ရာခိုင်နှုန်း နှင့် ၁၀၀ ရာခိုင်နှုန်းကြားကို ဆိုလိုသည်။ မကွာ ဆိုသည်မှာ ၂၀ ရာခိုင်နှုန်းအောက်ဖြစ်သည်။ ပွတ်ကာသီကာဆိုသည်မှာ မဲအရေအတွက် အနဲငယ်သာကွာသည်ကို ဆို လိုသည်။ ဤကား စကားချပ်။)
တနင်္သာရီတွင် ပြတ်ပြတ်သားသားနိုင်သည်က ၁၁ နေရာ၊ ပဲခူးတိုင်းတွင် ပြတ်ပြတ်သားသားနိုင်သည်က ၉ နေရာ၊ စစ်ကိုင်း တိုင်းတွင် ပြတ်ပြတ်သားသားနိုင်သည်က ၈ နေရာရှိပါသည်။ ၁၂ နေရာလုံးနိုင်ခဲ့သည့်အထဲတွင် ဧရာဝတီတိုင်းဒေသကြီး၌ မဲပြတ်သည်မှာ ၁ နေရာသာရှိပြီး ၁၀ နေရာကား မဲ အပြတ်ကြီးမဟုတ်ပေ။ ၁ နေရာ၌ မဲမကွာလှပေ။ သို့ဖြစ်ရာ NLD အဖို့ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်နေရာများနှင့် ပတ်သက်၍ သတိ ပြုရန် လိုအပ်ပေလိမ့်မည်။ မန္တလေးတိုင်းတွင် NLD က ၁၀ နေရာအနိုင်ရပြီး ထို အထဲတွင် ၆ နေရာ၌ မဲပြတ်ပြီး ၃ နေရာက မပြတ်ဘဲ ၁ နေရာကတော့ မဲမကွာလှပေ။ USDP က ၂ နေရာ မဲမပြတ်ဘဲ အနိုင်ရခဲ့သည်။
တိုင်းဒေသကြီး ၇ ခုရှိ ပြည်သူ့လွှတ်တော်နေရာများတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီ တိုင်းတို့တွင် NLD ကနေရာအပြည့်အနိုင်ရခဲ့သည်။ တနင်္သာရီတိုင်းတွင် မဲပြတ်နိုင်သည်က ၉ မြို့နယ်၊ မပြတ်သည်က ၁ မြို့ နယ်။ မကွေးတိုင်းတွင် မဲပြတ်သည်က ၁၈ မြို့ နယ်၊ မပြတ်သည်က ၇ မြို့ နယ်ဖြစ်ပြီး ဧရာဝတီတိုင်းတွင်း မဲပြတ်သည်က ၈ မြို့နယ်၊ မပြတ်သည်က ၁၁ မြို့ နယ်နှင့် မဲမကွာ သို့မဟုတ် ပွတ်ကာသီကာ နိုင်ခဲ့သည်က ၇ မြို့ နယ်ရှိသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလည်နေရာအတွက်လည်း ဧရာဝတီတိုင်းဒေသကြီးအား NLD တို့ သတိပြုရန်လိုအပ်သည်။
စစ်ကိုင်းတိုင်း ၃၇ မြို့ နယ်တွင် USDP က ၁ နေရာသာနိုင်ပြီး NLD က ၃၆ နေရာနိုင်သည်။ ထို ၃၆ နေရာထဲ၌ မဲပြတ်သည်က ၂၅ နေရာ၊ မပြတ်သည်က ၅ နေရာ၊ မဲမကွာလှသည်က ၃ နေရာရှိပြီး ပွတ်ကာသီကာနိုင်သည်က ၃ နေရာရှိသည်။ ပဲခူး တိုင်းတွင် USDP က ၁ နေရာအနိုင်ရပြီး NLD က ၂၇ နေရာ အနိုင်ရသည်။ ထို ၂၇ နေရာထဲတွင် ၁၉ နေရာ မဲပြတ်ပြီး၊ မဲမ ပြတ်သည်က ၆ နေရာ၊ မဲမကွာလှသည်က ၁ နေရာ၊ ပွတ်ကာသီကာနိုင်သည်က ၁ နေရာဖြစ်သည်။ မန္တလေးတိုင်းတွင် USDP က မဲမပြတ်သော်လည်း ၅ နေရာအနိုင်ရခဲ့သည်။ NLD က ၃၁ နေရာ အနိုင်ရခဲ့ရာ မဲပြတ်သည်က ၂၁ နေရာမပြတ် သည်က ၁၀ နေရာဖြစ်သည်။ ရန်ကုန်တိုင်းတွင် USDP က ၁ နေရာရပြီး NLD က ၄၄ နေရာအနိုင်ရရာ ထိုထဲတွင် မဲပြတ်သည်က ၃၅ နေရာရှိပြီး မပြတ်သည်က ၉ နေရာရှိသည်။
သို့ဖြစ်ရာ ပြည်မတိုင်းဒေသကြီး ၇ ခုတွင် အဓိကပြိုင်ဖက်ဖြစ်သည့် USDP အပြင် နောက်ပေါက် ၈၈ ပြည်သူ့ပါတီကို မဲဆန္ဒနေရာအနည်းနှင့် အများခွဲဝေပေးရနိုင်သည်။ အထူးသဖြင့် ၂၀၁၅ တွင် မဲပြတ်ခဲ့သည့် မဲဆန္ဒ နယ် ၁၃၆နေရာအား အတန်ငယ် စိတ်ချ၍ ရသော်လည်း မဲမပြတ်သည့်၊ မဲ မကွာသည့်၊ ပွတ်ကာသီကာနိုင်ခဲ့သည့် မဲဆန္ဒနယ် ၇၁ နေရာတွင် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည်။ ထို့ကြောင့်လည်း ၂၀၁၅ ကဲ့သို့ အပြည့်အဝ မဲရမည်ထက် အတန်ငယ်လျော့ကျသည်က ဖြစ်နိုင်ခြေပိုများသည်။ သို့ဖြစ်ရာ တိုင်းဒေသ ကြီး ၇ ခုတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ NLD သည် အများစုနိုင်မည်ဟု ခန့်မှန်း ရသော်လည်း ၂၀၁၅ ရွေးကောက်ပွဲကာလက အမျိုးသားလွှတ်တော်တွင် ၉၇.၆ ရာခိုင်နှုန်း၊ ပြည်သူ့လွှတ်တော်တွင် ၉၆ ရာခိုင်နှုန်း နိုင်သည့် ရာခိုင်နှုန်းများထက်လျော့ကျနိုင်သည်။
သို့ဖြစ်ရာ NLD အနေနှင့် တိုင်းဒေသကြီး အမတ်နေရာ အများစုကို ၂၀၂၀ တွင် ဆက်လက်ရယူနိုင်ဖွယ်ရှိပါသည်။ သို့သော် ၂၀၁၅ ထက် အနည်းငယ်လျော့ကျနိုင်ပါသည်။ USDP မှာ မည်သို့ပင်ဖြစ်စေ ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ခဲ့သည့် တစည ထက် ပိုမိုအချိန်ယူဖွဲ့စည်းထားသည့်အပြင် ဘဏ္ဍာရေးအင်အားတောင့်တင်းပြီး တပ်မတော်၏ ထောက်ခံမှု ရယူထားသည်။ သူ့ပရိတ်သတ်နှင့်သူရှိသည်ဖြစ်ရာ မဲဆန္ဒနယ်တချို့တော့ ရယူနိုင်သည်ကို ထည့်သွင်းတွက်ချက်ထားရန် လိုပေလိမ့်မည်။ USDP ဆောင်ရွက်လာနိုင်သည့် နည်းပရိယာယ်မှာ ဒေသခံ ဒေသတွင်း၌ သြဇာရှိသူ ပရဟိတလုပ်ဆာင်သူများကို ပစ်မှတ်ထားစည်းရုံးပြီး လွှတ်တော်ကိုယ်စားလည်များအဖြစ် ရွေးချယ်ပြီး လူထုအား စည်းရုံးလာနိုင်သည်။ NLD က ပါတီကို ကြည့်၍မဲပေးခိုင်းသည့်အချိန်တွင် USDP က လူကိုကြည့်၍ မဲပေးခိုင်းနိုင်သည်။ USDP အတွက် အားနည်းချက်တခုမှာ ယခင်ပြည်ထောင်စု၊ ပြည်နယ်နှင့်တိုင်းဒေသ ကြီးအစိုးရအဖွဲ့များတွင် ပါဝင်ခဲ့ လူဟောင်းများအား လူထုက စိတ်ပျက်နေ သည်ဖြစ်ရာ ထိုလူဟောင်းများထဲက ကိုယ်စားလှယ်အဖြစ်ရွေးက ခက်ခဲနိုင်ပေမည်။ ပြိုင်ဖက်များ၏ အလွယ်တကူထိုးနှက်မှု ကို ခံရနိုင်သည်။
ထို့ပြင် ပြည်မတွင်ပြိုင်ဆိုင်မည့် အခြားနိုင်ငံရေးပါတီများစွာထက် လတ်တလောဖွဲ့လိုက်သည့် ၈၈ ဦးကိုကိုကြီးတို့၏ ပြည် သူ့ပါတီသည် လူထုစိတ်ဝင်စားမှု အနဲနှင့်အများ ရယူနိုင်ပြီး ၎င်းတို့ပါတီအနေနှင့် အစိုးရ မဖွဲ့နိုင်သော်လည်း လွှတ် တော်တွင် ထိမ်းကြောင်းနိုင်လိမ့်မည်ဟု လူထုက တွေးဆမှုရှိခြင်းနှင့် တဦးချင်းအရည်အချင်းနှင့် သြဇာတို့ပေါ်မူတည်၍ နေရာတချို့ ရယူနိုင်ဘွယ်ရှိပါသည်။ လောလောဆယ်တွင် ဗိုလ်ချုပ်ဟောင်းအချို့ကလည်းပါတီအသစ်တခု ဖွဲ့သည်ဟုဆိုသည်။ လတ် တလော သုံးသပ်ရန်စောသေးသော်လည်း ၎င်းတို့ပါတီအနေနှင့် တပြည်လုံးအတိုင်းအတာဆောင်ရန် ခက်ခဲမည်ဖြစ်ပြီး တဦးချင်းသြဇာရှိသည့်ဒေသလောက်တွင်သာ တိုးနိုင်မည်ဟု သုံးသပ်ရပါသည်။ ကျန်ပြည်မရှိ နိုင်ငံရေးပါတီများမှာ ၂၀၂၀ ရွေးကောက်ပွဲတွင်တိုးနိုင်ဖို့ မလွယ်ကူပါ။
သို့ဖြစ်ရာ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD သည် တိုင်းဒေသကြီး ၇ ခု၌အမျိုးသားလွှတ်တော်နေရာ၏ ၉၇.၆ ရာခိုင်နှုန်း၊ ပြည်သူ့လွှတ်တော်နေရာအားလုံး၏ ၉၆ ရာခိုင်နှုန်း ရယူထားနိုင်ခဲ့ရာ လာမည့် ၂၀၂၀ တွင်လည်း ၈၀ ရာခိုင်နှုန်းနှင့် ၈၅ ရာခိုင်နှုန်းကြားတွင် ဆက်လက်အနိုင်ရသည်ဟု သုံးသပ်ရပါသည်။
● ၂၀၂၀ နှင့် ပြည်နယ်များ
၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်းဒေသကြီးထက်စာလျှင် ပြည်နယ်များတွင် ပို၍ အပြောင်းအလဲကြီးနိုင်သည်ဟု သုံးသပ်ရသည်။ ထို့ပြင် ထိုအပြောင်းအလဲသည် ပြည်ထောင်အစိုးရဖွဲ့စည်းရေးကိုပင် ဂယက်ရိုက်နိုင်ပါသည်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ တွင်ပင် ပြည်နယ် ၇ ခု၌ NLD ၏ အနိုင်ရရှိမှုမှာအပြတ်အသတ်မဟုတ်ချေ။ အမျိုးသားလွှတ်တော်နေရာ၌ NLD သည် ၆၃ ရာခိုင်နှုန်းအနိုင်ရပြီး ပြည်သူ့လွှတ်တော်တွင် ၄၇.၆ ရာခိုင်နှုန်း သာအနိုင်ရထားခဲ့သည်။ ဤရာခိုင်နှုန်းထက် NLD ပိုရစရာ အကြောင်းမရှိပေ။
ရခိုင်ပြည်နယ်တွင် NLD မှ ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ ရထားသည်။ ကျန် ANP အား ကောင်းသောနေရာများကို NLD ယှဉ်ပြိုင်ရန် မဖြစ်နိုင်သည့်ပြင် လက်ရှိနေရာများကိုပင် ANP နှင့် ALDကို ခွဲပေးရဖွယ်ရှိသည်။ ထို့အတူ ရှမ်းပြည်နယ်၌ လက်ရှိ ပြည်ခိုင်ဖြိုးရရှိထားသည့် ကိုးကန့်နှင့် ရှမ်းအရှေ့မိုင်းပျဉ်း၊ မိုင်းယန်းမြို့နယ်များ။ PNO အား ကောင်းသော ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်များ။ ဝ ပါတီအားကောင်းသော ဟိုပန်မြို့နယ်။ တအာင်းပါတီအား ကောင်းသည့် မန်တုံ၊ နမ့်ဆမ်မြို့ နယ်များ။ SNLD အားကောင်းသည့် ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင်၊ လင်းခေး၊ မိုးနဲ၊မိုင်းရယ်၊ ကျောက်မဲ၊ သီပေါ၊ ကျေးသီး၊ မိုင်းရှူးမြို့နယ်များတွင် NLD သည်တိုးမပေါက်နိုင်ပေ။ သို့ဖြစ်ရာ ရှမ်းပြည်နယ်တွင်လည်း NLD အနေနှင့် အတိုးမရှိနိုင် အလျော့သာရှိနိုင်ပေသည်။
ချင်းပြည်နယ်၌ ၂၀၁၅ တွင် NLD မှ အမျိုးသားလွှတ်တော်တွင် ၉ နေရာ အနိုင်ရခဲ့သော်လည်း ၅ နေရာတွင် မဲမပြတ်ခဲ့ပေ။ ပြည်သူ့လွှတ်တော်၅ နေရာတွင်လည်း ၂ နေရာသာ မဲပြတ်ခဲ့ပြီး ၂ နေရာ မဲမပြတ်၊ ၁ နေရာ၌ ပွတ်ကာသီကာသာ နိုင်ခဲ့ရာ ယခုအခါ ချင်းပါတီများ ပူးပေါင်းသည့်ပြင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူရေးနှင့်ပတ်သက်ပြီး ပြည်နယ်တွင်း မကျေ လည်မှုများရှိရာ ၂၀၂၀ တွင် နေရာ အချို့ အဝက်လက်လွှတ်ရမည်သာဖြစ်သည်။
မွန်ပြည်နယ်တွင် ၂၀၁၅ ၌ NLD က အမျိုးသားလွှတ်တော် ၁၁ နေရာ အနိုင်ရသည်။ မဲပြတ်သည်က ၄ နေရာရှိပြီး မပြတ် သည်က ၇ နေရာရှိသည်။ ပြည်သူ့လွှတ်တော် ၁၀ နေရာတွင် NLD က အားလုံးအနိုင်ရခဲ့သော်လည်း ၂ နေရာသာမဲပြတ်၍ ၈ နေရာတွင် မဲမပြတ်ပေ။ မွန်ပါတီ ၃ ပါတီပေါင်းပြီး နောက် အားကောင်းလာသည်ဖြစ်သည့်ပြင် ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးမှု ကြောင့် ဆန္ဒပြခံရပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံ မဲဆန္ဒနယ်၌ NLD အရေးနိမ့်ခဲ့သည်ကို တွေ့ခဲ့ရပေရာ မွန်ပါတီနှင့် USDP အား မဲဆန္ဒနယ်အချို့ အဝက်ခွဲပေးရဖွယ်ရှိသည်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်၌ NLD က ၁၀ နေရာ အနိုင်ရရှိ ရာတွင် ၇နေရာ မဲပြတ်၍ ၂ နေရာ မပြတ်ဘဲ ၁ နေရာ ပွတ်ကာသီကာအနိုင်ရသည်။ ပြည်သူ့လွှတ်တော် ၁၈ နေရာတွင် NLD က ၁၂ နေရာ အနိုင်ရရှိရာ တွင် ၇ နေရာ မဲပြတ်၍ ၄ နေရာ မဲမပြတ်ဘဲ ၁ နေရာတွင် ပွတ်ကာသီကာ အနိုင်ရခဲ့သည်။ ကချင်ပြည်နယ်၌ ကချင်တိုင်းရင်းသားပါတီ ၄ ပါတီ ပူးပေါင်းသည်ဆိုသော်လည်း ကချင်လူ့အဖွဲ့အစည်းသည် ဥပဒေတွင်းရွေးကောက်ပွဲ နိုင်ငံရေးကို စိတ်ထက်သန်မှု၊ ယုံကြည် မှုမရှိသေးရာ ထိုအခြေအနေမပြောင်းလဲပါက ကချင်တိုင်းရင်းသားပါတီများ အနိုင်ရရှိမှု နည်းပါးနိုင်သေးသည်။ ထို့အတူ ရှမ်းနီပါတီမှာလည်း ၂ ပါတီကွဲနေပြီး အချို့က USDP နှင့် ပူးပေါင်း နေပေရာ ကချင်ပြည်နယ်တွင်းရှိ ရှမ်းနီများနေထိုင်ရာ ဒေသများ၌ NLD အလားအလာ ကောင်းနိုင်သေးသည်။ သို့ဖြစ်ရာ ကချင်ပြည်နယ်တွင်း၌ ၂၀၁၅ နှင့် ၂၀၂၀ရွေးကောက်ပွဲရ လဒ်ကြား အပြောင်းအလဲအနည်းဆုံးဖြစ်နိုင်ပါသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ် အမျိုးသားလွှတ်တော် နေရာ ၉ နေရာအား NLD ကရရှိပြီး မဲလည်းပြတ်ခဲ့သည်။ USDP ၂နေရာ နှင့် USDP ဟောင်းတသီးပုဂ္ဂ ၁ နေရာလည်း မဲပြတ်ခဲ့ကြသည်။ ပြည်သူ့လွှတ်တော် ၆ နေရာအား NLD က အနိုင်ရပြီး ၅ နေရာ မဲပြတ်ကာ ၁ နေရာ၌ ပွတ်ကာသီကာ အနိုင်ရခဲ့သည်။ USDP က ၁ နေရာ သာအနိုင်ရခဲ့သော်လည်းမဲမပြတ်ခဲ့ပေ။ လက်ရှိအချိန်တွင် ကယားပြည်နယ် တိုင်းရင်းသားပါတီ ၂ ခုပေါင်းသော်လည်း အားအကောင်းချည်းမဟုတ်သေး ဟုဆိုသည်။ သို့သေည်ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမှုနှင့်ပတ်သက်ပြီး NLD ပြည်နယ်အစိုးရနှင့် ကယား လူငယ်များ ပဋိပက္ခဖြစ်ပွားပြီး လူငယ် ၂၃ ဦးအား ဖမ်းဆီးတရားစွဲဆိုမှုပြုထားသည် အခြေအနေရှိသည်။ ထိုသို့ ဖမ်းဆီးခံ ထားရသူများမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ NLD ၏ မဲဆွယ်ခရီးစဉ်တွင် လုံခြုံရေးယူပေးခဲ့ကြ၊ ဘာသာပြန်ပေးခဲ့ကြ၊ မဲ ဆွယ်ပေးခဲ့ကြသူများဖြစ်ကြသည်။ သို့ဖြစ်ရာ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ၏ မဲရရှိမှုနှင့် ကိုယ်စားလှယ်နေရာ ပြောင်းလဲမှု ရှိမည်ဟု တွက်ဆရပေသည်။
၂၀၁၅ ခုနှစ်တွင် ကရင်ပြည်နယ်၏ အမျိုးသားလွှတ်တော်နေရာ ၁၀ နေရာအား NLD ကရရှိခဲ့သည်။ ထိုအထဲမှ ၆ နေရာ မဲပြတ်၍ ၃ နေရာ မဲမပြတ်ဘဲ ၁ နေရာတွင် ပွတ်ခါသီခါ အနိုင်ရခဲ့သည်။ USDP က မဲမပြတ်သော်လည်း ၂ နေရာအနိုင်ရခဲ့သည်။ ပြည်သူ့လွှတ်တော် ၆ နေရာ NLD ကအနိုင်ရသည်။ ၄ နေရာမဲပြတ်ပြီး ၂ နေရာ မဲမပြတ်ပေ။ USDP က ၁ နေရာနိုင်သော်လည်း မဲမပြတ်ပေ။ ယခုနှစ်အတွင် ကရင်ပြည်နယ် အခြေစိုက် ၄ ပါတီပူးပေါင်းခဲ့သည်။ ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်အခြေစိုက် ၂ ပါတီကတော့ ပူးပေါင်းနိုင်ခြင်းမရှိသေးသော်လည်း တပ်ပေါင်းစုဖွဲ့ပူးပေါင်းဆောင်ရွက်သွားမည်ဟုဆိုသည်။ လက်ရှိအချိန် တွင် ကရင်ပြည်နယ်တွင်း ၇ မြို့ နယ်အနက်ပူးပေါင်းထားသည့် ကရင်ပါတီသည် သံတောင်ကြီးနှင့် ဖါပွန်မှအပ ကျန်မြဝတီ၊ ဖါးအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး စသည့် ၅ မြို့နယ်တွင် အားကောင်းသည်ဖြစ်ရာ ၂၀၂၀ ရွေးကောက်ပွဲ၌ ကရင်ပါတီအနေနှင့်ကရင်ပြည်နယ်တွင် အမတ်နေရာ၏ ၄၀ ရာခိုင်နှုန်းအထက်ကို မျှော်မှန်းထားသည်ဟုဆိုပါသည်။
သို့ဖြစ်ရာ ပြည်နယ် ၇ ခုတွင် အမတ်နေရာ ရရှိမှု တွင် NLD အနေနှင့်၂၀၁၅ ခုနှစ်ထက် အနည်းဆုံး တဝက်ခန့်ကျသွားနိုင်ကို ပြင်ဆင်ထားရန် လိုအပ်ပါသည်။ ထို့ကြောင့် ၂၀၂၀ တွင် ပြည်နယ် ၇ ခုတွင် NLD အနေနှင့် လွှတ်တော်ကိုယ်စားလည်နေရာမှာ အမျိုးသားလွှတ်တော်တွင် ၃၁.၅ ရာခိုင်နှုန်း ၊ ပြည်သူ့ လွှတ်တော်တွင် ၂၃.၈ ရာခိုင်နှုန်းအထိ ရောက်ရှိသွားနိုင်သည်။ ထိုသို့ တိုင်းရင်းသားပြည်နယ် ၇ ခု၌ တိုင်းရင်းသားပါတီတို့၏ ကိုယ်စားလှယ်နေရာ အချိုးအစား( USDP မှ အနည်းအကျဉ်းပါ နိုင်သည်) သည် အမျိုးသားလွှတ်တော်တွင် ၆၈.၅ ရာခိုင်နှုန်း၊ ပြည်သူ့လွှတ်တော်တွင် ၇၆.၂ ရာခိုင်နှုန်းအထိ တက်လာနိုင် သည်။ ထိုသို့ဖြစ်ပေါ်လာသည်နှင့် ပြည်ထောင်အစိုးရဖွဲ့စည်းရေးအတွက် ပြည်ထောင်စုလွှတ်တော်၌ သမတ ရွေးချယ် တင်မြှောက်ရာတွင် တိုင်းရင်းသားပါတီတို့၏အခန်းက အရေးပါလာပေတော့မည်။
● ဖြစ်နိုင်ချေများ
အထက်ပါ သုံးသပ်ချက်များအရ တိုင်းဒေသကြီး ၇ ခုရှိ အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်နှစ်ရပ်လုံးတွင် NLD က ၈၅ ရာခိုင်နှုန်း ထိနေရာရနိုင်ပြီး USDP နှင့် အခြားပါတီများက ၁၅ ရာခိုင်နှုန်းခန့် ရနိုင်ပေလိမ့်မည်။ ပြည်နယ် ၇ ခု၏ အမျိုး သားလွှတ်တော်တွင် NLD က ၃၁.၅ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီများက ( USDP အနဲငယ်ပါနိုင်) က ၆၈.၅ ရာခိုင်နှုန်းရရှိပြီး ၊ ပြည်သူ့လွှတ်တော်တွင် NLD က၂၃.၈ ရာခိုင်နှုန်း ၊ တိုင်းရင်းသားပါတီများ (USDP အပါ) ၇၆.၂ ရာခိုင်နှုန်း ထိ ရရှိသွားနိုင်ပါ သည်။
ထိုသို့ဖြစ်သွားပါက တပြည်လုံးအတိုင်းအတာအရ ရွေးကောက်ပွဲ တွင် NLD သည် အမျိုးသားလွှတ်တော်၌ ၅၈ ရာခိုင်နှုန်း ၊ ပြည်သူလွှတ်တော်၌ ၆၁ ရာခိုင်နှုန်းဖြင့် အများစုဖြစ်နိုင်သေးသော်လည်း အစိုးရဖွဲ့စည်းရေးအတွက် သမတ ရွေးကောက် တင်မြှောက်သည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်သည့် ပြည်ထောင်စုလွှတ်တော်တွင် ၄၅ ရာခိုင်နှုန်း ဖြစ်သွားပြီး သမတစိတ်ကြိုက်ရွေးချယ်ခွင့် လက်လွှတ်သွားပေလိမ့်မည်။ တိုင်းရင်းသားပါတီများကတော့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်သော ပြည်ထောင်စုလွှတ်တော်တွင် ၂၂ ရာခိုင်နှုန်း ရာခိုင်နှုန်းရှိနေပေလိမ့်မည်။ ထို့ ကြောင့် ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်က၂၅ ရာခိုင်နှုန်း၊ NLD က ၄၅ ရာခိုင်နှုန်း၊ တိုင်းရင်း သားပါတီများက ၂၂ ရာခိုင်နှုန်းနှင့် USDP/အခြားပါတီ/တသီးပုဂ္ဂလက ၈ ရာခိုင်နှုန်း ဖြစ်ပေလိမ့်မည်။
တချိန်တည်းတွင် USDP မှာ လောက်လောက်လားလား မဲတော့ရမည်မဟုတ်သော်လည်း သူ့ပရိတ်သတ်နှင့်သူ ရှိနေသေး ပေရာ တပ်မတော်သားကိုယ်စားလည်များပါဝင်နေသော ပြည်ထောင်စုလွှတ်တော်အတွင်း၌ ၂၀၁၅ ကရရှိထားသော ၆ ရာခိုင်နှုန်း ထက်တော့ လျော့မည်မထင်ပါ။ သို့သော် USDP သည်တပ်မတော်၏ထောက်ခံမှု ရရှိထားသည်ဖြစ်ရာ တပ်မတော်ကိုယ်စားလည်များနှင့်ပေါင်းပါက ၃၁ ရာခိုင်နှုန်း ဖြစ်သွားပေမည်။ အစိုးရဖွဲ့စည်းရေးအတွက် သမတ ရွေးကောက် တင်မြှောက်ရန် တိုင်းရင်းသားပါတီများ၏ မဲများသည် အရေးပါလာပေလိမ့်မည်။ တိုင်းရင်းသားပါတီများနှင့်ပူးပေါင်းနိုင်သူ၊ တိုင်းရင်းသား ပါတီတို့၏ထောက်ခံမှု ရသူတို့ အစိုးရဖွဲ့နိုင်သည့် အခြေသို့ဆိုက်သွားပေလိမ့်မည်။
လက်ရှိ NLD ပါတီသည် မည်သည့်တိုင်းရင်းသားပါတီနှင့်မှ တပ်ပေါင်းစုဖွဲ့မထားသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်း ဆောင်ရွက်မှုလည်းမရှိပေ။ NLD အစိုးရဖွဲ့ပြီးကထဲက မည်သည့်တိုင်းရင်းသားပါတီနှင့်မျှ ပါတီချင်း တွေ့ဆုံဆွေးနွေးခြင်း ပူးပေါင်း ဆောင်ရွက်ခြင်းမရှိပေ။ လက်ရှိဖွဲ့စည်းပုံဥပဒေနှင့် တိုင်းရင်းသားတို့၏ အမျိုးသားစိတ်ဓါတ်မြင့်မားလာမှုကြောင့် တိုင်းရင်းသားပြည်နယ်များတွင် တိုင်းရင်းသားပါတီများ၏ ကိုယ်စားပြုမှု၊ တိုင်းရင်းသားတို့၏ နိုင်ငံရေးကဏ္ဍကို ပစ်ပယ်၍ မရနိုင်ပေ။
တိုင်းရင်းသားဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး စကားမပေါက်၍ရှုံးနိမ့်ရသည်ဟု အကြောင်းပြနေ၍ မရပေ။ ဗမာစကား ပေါက်သော ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မဲဆန္ဒနယ်တခုချင်း၌ ANP ပါတီက မဲ ၆ သောင်း ကျော်ရချိန်တွင် NLD က မဲ ထောင်ဂဏန်းပင်အနိုင်နိုင်ဖြစ်သည်ကို သတိပြုရန်လိုသည်။ ထို့ပြင် သူ့နယ်နှင့်သူ လွှမ်းမိုးမှု များကို အလေးထားရန်လိုသည်။ ရှမ်းပြည်နယ်တွင် သြဇာရှိသော SNLD သည်ပင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အားလုံးတွင် ဝင်မပြိုင်ပေ။ တအာင်းဒေသဖြစ်သော နမ့်ဆမ်၊ မန်တုံ၊ကိုးကန့်ဒေသဖြစ်သော ကုန်းကြမ်း၊ လောက်ကိုင်တို့တွင်သာမက အင်းသားများနှင့် ဗမာများ ပြောင်းရွှေ့ အခြေချရာများသည့် ညောင်ရွှေမြို့ နယ်တွင်ပင်ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။
တကယ်တမ်းဆိုလျင် ပြည်နယ် တောင်တန်းဒေသများ၌ ဗိုလ်ချုပ်အောင်ဆန်းရော ဒေါ်အောင်ဆန်းစုကြည်ပါ မသိသေး သည့်သူများရှိနေသေးသည်။ ၂၀၁၅ ရွေးကောက်ပွဲကာလက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲဝင် သည် NLD ပါတီကိုယ်စားလည်သည် ဗိုလ်ချုပ်ပုံ၊ ဒေါ်စုပုံ အကြီးကြီးအား ဗီနိုင်းရိုက်၍ မဲဆွယ်စည်းရုံးရာ ထိုနှစ်ယောက်အား တောင်ပေါ်သားတို့ မသိ၍ လက်မှိုင်ချ ခဲ့ရဘူးသည်။
သို့ဖြစ်ရာ လာမည့် ၂၀၂၀ အတွက် NLD ပြင်ဆင်ရမည်မှာ ပြည်နယ်များရှိ တိုင်းရင်းသားများအား ၎င်းတို့အားကိုယ်စားပြုသည့် တိုင်းရင်းသား ပါတီခေါင်းဆောင်များမှ တဆင့်ဆက်ဆံရန်ဖြစ်သည်။ ပြည်နယ်များရှိ တိုင်းရင်းသားပါတီများအား အသိမှတ် ပြု ဆက်ဆံရန်ဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းသည်၎င်း ဒေါ်အောင်ဆန်းစုကြည်သည်၎င်း ပြည်မတွင် သြဇာရှိသည် က ငြင်းပယ်ရန်မရှိပေ။ သို့သော် ပြည်နယ်များတွင်မူ ထိုသြဇာသက်သက်နှင့် တိုးမပေါက်နိုင်ပေ။ သက်ဆိုင်ရာဒေသအလိုက် သြဇာရှိသူများ၊ ဒေသခံပြည်သူများလေးစားသူများကို လွှတ်တော်ကိုယ်စားလှယ်ရွေးနိုင်မှ အချို့နေရာများတွင် နေရာရနိုင် ပေလိမ့်မည်။
သို့သော် တခုလုံးအရ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများနှင့် ပတ်သက်၍ မည်သို့မည်ပုံ သဘောထားမည်ကို လေးနက်စွာ ပြင်ဆင်ထားရန်လိုသည်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်လျှင် NLD အား မဲပေးပါ။ လူကိုမကြည့် ပါနှင့် ပါတီကိုကြည့်ပါဆိုစည့် မဲဆွယ်မှုများသည် တိုင်းဒေသကြီးများတွင် အလုပ်ဖြစ်ဆဲဖြစ်သော်လည်း ပြည်နယ်များတွင် ရေပမ်းစားတော့မည်မဟုတ်ပေ။
USDP အနေနှင့် အထက်တွင်ဆိုသကဲ့သို့ သူ့ပရိတ်သတ်နှင့်သူ ရှိသည်။ လွှတ်တော်တွင်း၌ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရှိသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် လူထုမျက်မုန်းကျိုးနေသူများအား ဘေးဖယ်ပြီး မျက်နှာသစ်များနှင့် ပရဟိတလုပ်ငန်း များနှင့် မြို့နယ်အလိုက်လူသိများသူများကို ပွဲထုတ်နိုင်သည်။ မည်သို့ဆိုစေ USDP သည် မဲအများအပြား မရနိုင်သည်ကို သိပြီးဖြစ်ရာ တိုင်းရင်းသားပါတီများကို ပစ်မှတ်ထားမည်ဖြစ်သည်။ လက်ရှိတွင်လည်း ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၃ မြို့နယ်တွင် သြဇာကြီးသည့် PNO၊ ဟိုပန် ဝ ပါတီတို့သည် USDP နှင့် မဟာမိတ်များဖြစ်ကြသည်။
ထို့ပြင် လာမည့် ၂၀၁၇ ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများတွင် ဝင်မပြိုင်၊ တိုင်းရင်းသားများ သူ့ဒေသသူ ကိုယ်စားပြု ခွင့်ပေးမည်ဟု ကြွေးကြော်ထားသည်။ ၂၀၁၇ ကြားဖြတ်တွင် တိုင်းရင်းသားနယ်အချို့တွင်ဝင်မပြိုင်။ သို့သော် USDP အသာ စီးရလောက်သည့် မြို့နယ်များတွင်တော့ဝင်ပြိုင်သည်ကိုတွေ့ရသည်။ ချုပ်၍ဆိုလျင် ၂၀၂၀ ရွေးကောက်ပွဲတွင် USDP သည် ၎င်းတို့နှင့် တပ်မတော်သားကိုယ်စားလည်များကို အခြေပြု၍ တိုင်းရင်း သားတို့၏မဲကိုပါ စည်းရုံးယူပြီး အစိုးရဖွဲ့ခွင့် ကြိုးစားသွားဖွယ်ရှိနေသည်။ USDP အနေနှင့် တိုင်းရင်းသားပါတီများအား ၎င်းတို့ပြည်နယ်၊ ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများအား အုပ်ချုပ်ခွင့်အားပေးပြီး၊ လိုအပ်ပါက အခြေခံဥပဒေပါ ပုဒ်မ ၂၆၁ အားပြင်ဆင်ခွင့်ပြု၍ ဝန်ကြီးချုပ်တင်မြှောက်ခွင့် အားပေးပြီး သမတတင်မြောက်၍ ပြည်ထောင်စုအစိုးရဖွဲ့စည်းမည့် ပြည်ထောင်စုလွှတ်တော်၌ ၎င်းတို့အားထောက်ခံပေးရန် လက်တွေ့ကျကျ စည်းရုံးသွားနိုင်သည်။ တပ်မတော်၏ စစ်တိုင်းဌာနချုပ်များသည် ပြည်နယ်တိုင်း တွင်ရှိပေရာ ပြည်နယ် အစိုးရအား အပြန်အလှန်ထိမ်းကျောင်းနိုင်သဖြင့် ဤအခွင့်အရေးအား မပေးရဲစရာမရှိပေ။
သို့ဖြစ်ပါက NLD သည် လွှတ်တော်ထဲတွင် အမတ်နေရာများသော်လည်း အစိုးရမဖွဲ့နိုင်သည့် အခြေသို့ဆိုက်သွားနိုင်ပါသည်။ လွှတ်တော်ထဲတွင်တပ်မတော်သားကိုယ်စားလည် ၂၅ ရာခိုင်နှုန်း ရှိနေခြင်း၊ တိုင်းရင်းသားပါတီများ အားကောင်းလာခြင်း၊ တိုင်းရင်းသားဒေသများတွင် NLD သြဇာ တစုံတရာကျ ဆင်းလာခြင်းတို့ကြောင့် ဤအခြေအနေသည် ဖြစ်လာနိုင်သည့် အခြေအနေတရပ်ဖြစ်နေပါသည်။ တကယ်တော့ တပ်မတော်သားကိုယ်စားလည် ၂၅ ရာခိုင်နှုန်းရှိသည့် ပြည်ထောင်စုလွှတ် တော်တွင် NLD က ၅၁ ရာခိုင်နှုန်းအသာရပါက အစိုးရဖွဲ့နိုင်ပါသည်။ ထိုသို့သောအခြေအနေလည်း ဖြစ်ပေါ်နိုင်ပါသည်။ သို့သော်လည်း ပြည်နယ်များတွင်အမျိုးသားစိတ်မြင့်တက်လာခြင်း၊ တိုင်းရင်းသားပါတီများ အားကောင်းလာခြင်းတို့ကြောင့် ထိုမျဉ်းသည် တဖြေးဖြေးကျဉ်းမြောင်းလာနေသည်ကို NLD အနေနှင့် သတိထားရန်လိုအပ်နေပါသည်။
ပြည်နယ် ၇ ခု၌ အမျိုးသားလွှတ်တော်အတွက် ၈၄ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၂၃ နေရာရှိရာ ပြည်ထောင်စုလွှတ် တော်တွင် စုစုပေါင်း၂၀၇ နေရာ ရာခိုင်နှုန်းအားဖြင့် ၃၁ ရာခိုင်နှုန်းရှိပေရာ တိုင်းရင်းသားပါတီများအားကောင်းပါက တပ်မ တော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိသော ပြည်ထောင်စုလွှတ်တော်အတွင်း သမတ တင်မြှောက်ရေး ပြည် ထောင်စု အစိုးရဖွဲ့စည်းရေးအတွက် အရေးပါသည့် မဖြစ်မနေ ထည့်သွင်းတွက်ချက်ရမည့်အချိုးအစား ဖြစ်ပါသည်။
ပြီးပါပြီ။
မောင်မောင်စိုး