ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● ငြိမ်းချမ်းရေးအတွက် ငါနှင့် ငါသာနှိုင်းလို စိတ်များလျှော့ကြစေချင်

ဇင်လင်း ● ငြိမ်းချမ်းရေးအတွက် ငါနှင့် ငါသာနှိုင်းလို စိတ်များလျှော့ကြစေချင်
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၈


လက်ရှိ မြန်မာနိုင်ငံ အစိုးရအနေနဲ့ အရေးပေါ်ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာတွေ အများအပြားပေါ်ပေါက်နေတာ တွေ့ ရတယ်။ နှစ်ပေါင်း ၇၀ ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာ၊ ဒေါ်လာဈေးနဲ့ လောင်စာဆီဈေးအပါအ၀င် အထွေထွေ ကုန်ဈေးနှုန်း မတည်မငြိမ်ဖြစ်နေတဲ့ ပြဿနာ၊ နောက်တခါ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် ကုလသမဂ္ဂ နဲ့ နိုင်ငံတကာဖိအားကို ရင်ဆိုင်နေရတဲ့ ပြဿနာ စသဖြင့် ဖြေရှင်းစရာ ကိစ္စတွေ တသီတတန်းရှိနေတယ်။ အဲဒီလို ပြဿနာ အထွေထွေအနက်က အရေးအကြီးဆုံး ကိုင်တွယ်ဖြေရှင်းရမယ့် အကြောင်းအရာက ဘယ်ဟာလဲလို့ မေးခွန်း ထုတ်ကြည့် ရင် ‘အမျိုးသားပြန်လည်ရင်ကြားစေ့ရေး’ ကိစ္စက ပထမအရေးကြီးကိစ္စ ဖြစ်မယ်ထင်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ဆိုရာမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ရေးလည်း ပါဝင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စဟာ ပထမ ဦးစားပေး အရေးကြီးကိစ္စဖြစ်သော်လည်း၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး (National Reconciliation) မတည်ဆောက်နိုင်သမျှ ရေရှည်တည်တန့်မယ့် ငြိမ်းချမ်းရေးကို ရယူနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ ဒါကြောင့် အစိုးရ အဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖေါ်ရာမှာ အပစ်ရပ်ရေးသဘောတူညီမှု (Ceasefire Agreement) ရရှိရေးကို  ဥိးစွာပထမ ညှိနှိုင်းခဲ့ကြရတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်ရပ်ရေး National Ceasefire Agreement (NCA) ရရှိပြီးမှသာ အမျိုးသားရင်ကြားစေ့ရေး ဆွေးနွေးနိုင်မှာ ဖြစ်တယ်။ တဆက်တည်း ရေရှည်တည်တန့်မယ့် ငြိမ်းချမ်းရေး ကိစ္စကိုလည်း မျက်နှာစုံညီ ဆွေးနွေးအဖြေရှာနိုင်မှာ ဖြစ်တယ်။

မကြာသေးမီက NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO) ရဲ့ ‘တတိယ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး’(3rd NCA-S EAO Summit) ကို စက်တင်ဘာလ (၈) ရက်မှ (၁၁) ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၄ ရက်ကြာ ပြုလုပ်ခဲ့ကြောင်း သိရတယ်။ အစည်းအဝေးသို့ NCA-S EAO ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်များတက်ရောက်ကြောင်း NCA-S EAO Facebook ဖော်ပြချက်အရ သိရတယ်။

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာမှာ ဘုံရည်မှန်းချက်စံနှုန်းများ ညှိနှိုင်းနိုင်ဖို့ (NCA) စာချုပ် ကို လက်မှတ် မထိုးရသေးတဲ့ ညီနောင်များ မဖြစ်မနေ ပါဝင်ဖို့လိုကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)ရဲ့ တတိယ အကြိမ် ထိပ်သီးခေါင်းဆောင်များအစည်းအဝေးမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရတယ်။

“ဒီကြုံတွေ့ရတဲ့အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်များအကြားမှာ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ဘုံရည်မှန်းချက်နဲ့ ဘုံစံနှုန်းတွေ ညှိနှိုင်းရယူဖို့ လိုပါတယ်။ ဒီလို ဘုံသဘောထားတွေကို တည်ဆောက်တဲ့နေရာမှာလည်း NCA စာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ ညီနောင်များကလည်း မရှိမဖြစ်ပါဝင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီညီနောင်များအတွက်လည်း အလွတ်သဘော ဆွေးနွေး ပွဲတွေကနေ စတင်ပါဝင်ခွင့်ရှိရမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်သူ့ကိုမှ ချန်ထား လို့ မရလို့ပဲ ဖြစ်ပါတယ်။” လို့ KNU ဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့ကြောင်း ‘မွန်သတင်းအေဂျင်စီ’ သတင်းက  ဖေါ်ပြခဲ့ တယ်။

‘တတိယ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး’ (3rd NCA-S EAO Summit)အပြီးမှာ ‘ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးများ’ ဆက်လက်ကျင်းပနိုင်ရေးအပါအဝင် အချက် ၅ ချက်ကို အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနဲ့ဆက်လက်ညှိနှိုင်းသွားမယ်လို့ NCA သဘောတူစာချုပ် လက်မှတ်ထိုးထားတဲ့  တိုင်းရင်း သားလက်နက်ကိုင် ၁၀ ဖွဲ့ ထိပ်သီးအစည်းအဝေးက ထုတ်ပြန်ကြေညာခဲ့ကြောင်း ၇ ရက်နေ့စဉ်သတင်းအရ သိရတယ်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ ပြုလုပ်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှာ ဖြစ်ပေါ်နေတဲ့ တစ်ဆို့နေမှုတွေကို အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအကြား အမြန်ဆုံးတွေ့ဆုံညှိနှိုင်းပြီး၊ နိုင်ငံရေး သဘောတူညီချက် အမြန်ချမှတ်ဖို့ လိုအပ်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ ဆိုတယ်။

‘‘လက်ရှိအနေအထားမှာ နိုင်ငံရေးရပ်ဝန်းဆိုင်ရာ သဘောတူညီမှု မရှိလို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တုံ့ဆိုင်းနေတဲ့ အခက် အခဲကို ကြုံတွေ့နေရတယ်ဆိုတာလည်း အားလုံးသိရှိနားလည်ပြီး ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီလို တစ်ဆို့ နေတဲ့အရာတွေကို ဘယ်လို အတူတကွ အကောင်အထည်ဖော်သွားကြမလဲဆိုတာကို အတူတကွ ကြိုးစား အဖြေရှာကြ ရင်း ဒီနေ့မှာ ဆက်လက်ဆွေးနွေးရမယ့် အကြောင်းအရာကို သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ ဆက်လက် ဆွေးနွေးသွားကြပါ။’’ လို့ NU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အစည်းအဝေးနောက်ဆုံးရက်မှာ ပြောကြားခဲ့တယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအားကောင်းလာစေရေးအတွက် အပစ်ရပ်ခေါင်းဆောင်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြထားတဲ့ အချက် ၅ ချက်ကို ဆက်လက်ညှိနှိုင်းသွားမယ်လို့လည်း ဖော်ပြထားတယ်။  အဆိုပါ အချက် ၅ ချက်ကတော့ ၂၁ ရာစု ပင်လုံအစည်းအဝေး ဆက်လက် ကျင်းပနိုင်ရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးမှုတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ လူနည်းစုအခွင့်အရေး၊ ပြည်နယ်စုဖွဲ့မှု စတဲ့  ဖက်ဒရယ်မူများချမှတ်နိုင်ရေးကိစ္စနဲ့ ပြည်ထောင်စုတပ်မတော်ဆိုင်ရာကိစ္စရပ်များဖြစ်ကြောင်း သိရတယ်။

ဖေါ်ပြပါ အချက် ၅ ချက်နဲ့အတူ အစုအဖွဲ့တွေ အကြားမှာ ရှိနေတဲ့ သဘောထားအမြင် ကွာဟချက်တွေနဲ့ ပတ်သက်ပြီး၊ အပစ်ရပ် ၁၀ ဖွဲ့ခေါင်းဆောင်များနဲ့ အစိုးရ၊ တပ်မတော်ခေါင်းဆောင်များ ဆက်လက်ညှိနှိုင်းသွားကြမယ်လို့ ကြေညာချက် ထုတ်ပြန်ဖေါ်ပြခဲ့တာ တွေ့ရတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်နိုင်မယ့် ‘ထိပ်သီးခေါင်းဆောင် များတွေ့ဆုံဆွေးနွေးပွဲ’ ကျင်းပနိုင်ရေးကို ပြင်ဆင်ဆောင်ရွက်သွာမယ်လို့လည်း ဖော်ပြထားတယ်။

အဆိုပါ ထိပ်သီးအစည်းအဝေးမှာ NCA လက်မှတ်ထိုးအဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (Peace Process Steering Team – PPST) ကို ပြန်လည်ရွေးချယ်ခဲ့ရာ ယခင်အတိုင်းအပြောင်းအလဲ မရှိကြောင်း သိရတယ်။ PPST မှာ NCA လက်မှတ်ထိုး ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် တစ်ဦးကျစီ ပါဝင်ပြီး KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က အဖွဲ့ခေါင်းဆောင်၊ RCSS ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ဒုတိယအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန် ယူထားတယ်။  မွန် နဲ့ လားဟူအဖွဲ့ခေါင်းဆောင်များက လောလောဆယ် PPST မှာ ပါဝင်ခြင်းမရှိပေမယ့်၊ PPST အပေါင်း ၂ ပုံစံနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေ ညာချက်အရ သိရတယ်။

တတိယအကြိမ် ထိပ်သီးအစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးပြီးသော ကရင်အမျိုးသားအစည်းအရုံး(KNU)၊  ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကေအဲန်ယူ- ကေအဲန်အယ်အေ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-Peace Council)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်တိုးတက်ရေးပါတီ (ALP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) ခေါင်းဆောင်များတက်ရောက်ကြောင်း သိရတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ ထိပ်သီးဆွေးနွေးပွဲ (NCA-S EAOs Summit) များကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ပထမကြိမ်၊ ၂၀၁၆ ခုနှစ် မတ်လမှာ ဒုတိယအကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်တယ်။  ဒီ့အပြင် စက်တင်ဘာလ (၆) ရက် (၇) ရက်နေ့များမှာ NCA-S EAO PPST အစည်းအဝေးနဲ့NCA-S EAO UPDJC အစည်းအဝေးတို့ကိုလည်း ချင်းမိုင်မှာပဲ ကျင်းပပြုလုပ်ခဲ့ကြောင်း Mon News Agency သတင်းအရ သိရတယ်။

ဒီ အတောအတွင်းမှာပဲ NCA သဘောတူစာချုပ် ရေးထိုးပြီးနောက်ပိုင်း တပ်မတော်နဲ့ တိုက်ပွဲ အကြိမ် ၈၀ ခန့် ဖြစ်ပွားခဲ့ တယ်လို့  ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောကြောင်း 7Day Daily သတင်းက ဖေါ်ပြခဲ့တယ်။ တောင်ကြီးမြို့မှာ ကျင်းပရန်စီစဉ်ထားတဲ့ ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CS-SU) အစည်း အဝေးကို အစိုးရက ကျင်းပခွင့်မပြုခြင်းနဲ့ပတ်သက်၍လည်း RCSS အဖွဲ့ပိုင် Tai Freedom သတင်းဌာန Videos Online Live မှတဆင့် ဗိုလ်ချုပ်ကြီးယွက်စစ်က သူ့ သဘောထားကို ပြောကြားခဲ့တယို့သိရတယ်။ စက်တင်ဘာ ပထမပတ်က  ကျင်းပရန် စီစဉ်ထားတဲ့ CSSU အစည်းအဝေးကို တားဆီးပိတ်ပင်ခြင်းဟာ အစိုးရဘက်က ငြိမ်းချမ်းရေးကို အမှန်တကယ် မလိုလားတဲ့အတွက် ဖြစ်ကြောင်း RCSS ဥက္ကဋ္ဌက ဝေဖန်ပြောကြားခဲ့တယ်။ ၂၀၁၇ က CSSUအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတာကိုလည်း တပ်မတော်က ထိုင်းအစိုးရမှတစ်ဆင့် တားဆီးပိတ်ပင်ခဲ့တဲ့အတွက် မကျင်းပနိုင်ခဲ့ဘူးလို့ CSSU က ဆိုတယ်။

စက်တင်ဘာ ၉ ရက်နေ့က တတိယထိပ်သီးအစည်းအဝေး ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပခဲ့စဉ် ‘မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး’ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက – “အထူးသဖြင့်ကတော့ ဒီနေ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ ကျနော်တို့ မျှော်မှန်းသလာက်၊ စိတ်ထင်သလောက် ခရီးမရောက်ပဲဖြစ်နေတယ်။ ဒီတော့ ဒီဟာကို ထိထိ ရောက်ရောက်နဲ့ အကောင် အထည်ဖော်သွားနိုင်ဖို့ဆိုရင် ကျနော်တို့ ဒီထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာပဲဖြစ်ဖြစ်၊ တာဝန်ရှိတဲ့ သူတွေကြားမှာပဲဖြစ်ဖြစ် ဒါအလွတ်သဘောဆွေးနွေးပွဲတွေ၊ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲတွေကို အဖက်ဖက် ကနေပြီးတော့ ကြိုးပမ်းဆောင်ရွက်သွားကြမယ်ဆိုတဲ့ ယူဆချက်ကတော့ အားလုံးလက်ခံထားပြီးသားဖြစ်ပါတယ်။”  လို့ ပြောကြောင်း RFA သတင်းမှာ ဖေါ်ပြထားတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)ရဲ့ ‘တတိယ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး’ မှာ  အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် အခြေခံပြီး၊ အနာဂတ်နိုင်ငံ တည်ဆောက်ရာမှာ ‘ဒီမိုကရေစီ’  ‘ဖက်ဒရယ်’ စတဲ့ အမြင်တွေနဲ့ ပတ်သက်တဲ့  ‘ဘုံ သဘောတူညီချက်များ’ ရရှိရေးအတွက် NCA လက်မှတ်ထိုးအဖွဲ့များအပါအ၀င် NCA လက်မှတ်-မထိုးသေးတဲ့ အဖွဲ့များ နဲ့ပါ  ညှိနှိုင်းတိုင်ပင်ဖို့လိုကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရတယ်။ အစည်းအဝေးမှာ  ‘တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ’ မှာ ရရှိခဲ့တဲ့ ရလဒ်တွေအပေါ် ပြန်လည် သုံးသပ်မှုများလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုတယ်။ ထူးခြားမှုအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးတွေ ဆက်လက်ကျင်းပရေး၊ ပြည်ထောင်စုကနေ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ လူနည်းစုအခွင့်အရေး၊ ပြည်နယ်စုဖွဲ့မှု စတဲ့ ဖက်ဒရယ်မူများ ချမှတ်နိုင်ရေးကိစ္စရပ်တွေကို အစိုးရ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ ဆက်လက်ညှိနှိုင်း သွားမယ်လို့ လည်း ထုတ်ပြန်ချက်မှာ ပါရှိတာ တွေ့ရတယ်။

ဒါကြောင့် လက်ရှိ ငြိမ်းချမ်းရေး အလားအလာ အခင်းအကျင်းကို လေ့လာကြည့်ရင် ဦးစွာပထမ အမျိုးသားပြန်လည် သင့်မြတ်ရေး အောင်မြင်စေရေးအတွက် စစ်ရေးထိပ်တိုက်တွေ့မှုများ လျှော့ချဖို့ အဓိက ၀ါယမစိုက်ထုတ်သင့်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ စဉ်ဆက်မပြတ်ပြုလုပ်ကြဖို့လည်း လိုပါတယ်။ ဆွေးနွေးညှိနှိုင်ခြင်းဟာ စစ်ရေးဖက်ပြိုင်ခြင်းထက် အကျိုးသက်ရောက်မှု ပိုကောင်းတာ သေချာပါတယ်။ တိုင်းရင်းသားတို့ဆန္ဒဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စကိုလည်း ဆွေးနွေးဖို့လမ်းဖွင့်ပေးစေချင်တယ်။ အမျိုးသားအဆင့်၊ လူမျိုးအဆင့် ကဏ္ဍများပါဝင်ခြင်း မရှိတဲ့အတွက် ငြိမ်းချမ်းရေးခရီးစဉ်မှာ အခက်တွေ့ နေရကြောင်း သုံးသပ်ပြောဆိုမှုတွေ ရှိနေတာကိုလည်း ဂရုပြုစေချင်တယ်။

အနှစ်ချုပ်ရရင် နိုင်ငံနဲ့ ပြည်သူတို့အပေါ် စေတနာထားသောအားဖြင့် ဦးစွာပထမ စစ်ပွဲတွေအမြန်ရပ်ဖို့ ညှိနှိုင်းသင့်တယ်။ ပြည်သူအများ ဘေးကင်းလုံခြုံစွာ နေနိုင်ရေးအတွက် အမြန်ဆုံး အပစ်အခတ်ရပ်စဲနိုင်မှသာ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့သို့ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ်ရာမှာ ဘယ်အဖွဲ့ကိုမျှ ချန်ထားလို့ မရနိုင်တာကြောင့် သဘောထားကျယ်ကျယ်ပြန့်ပြန့်ထားပြီး၊  စုံစုံညီညီ ပါဝင်လာအောင် တံခါးဖွင့်ပေးစေလိုတယ်။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် NCA သဘောတူစာချုပ် လက်မှတ် မထိုးရသေး တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ၂၁ ရာစုပင်လုံ စကားဝိုင်းမှာ ပါဝင်ဖို့လိုပါတယ်။ “ဆွေးနွေးရေး လုပ်ငန်းစဉ်များ နှောင့်နှေးနေမှု အဆုံးသတ်ရန်” သက်ဆိုင်သူအားလုံး  မာန်မာနများ၊ အာဃာတများ၊ ငါနှင့်ငါသာ နှိုင်းလို စိတ်များ လျှော့ချနိုင်ကြမှသာ ငြိမ်းချမ်းရေးခရီး ဖြောင့်ဖြူးမှာဖြစ်ကြောင်း နှိုးဆော်လိုပါတယ်။

စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၈၊ တနင်္လာနေ့ထုတ် ဒီလှိုင်းဂျာနယ်တွင် ဖေါ်ပြခဲ့သည့် ဆောင်းပါး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts