သတင်းပဒေသာ

အောင်ငြိမ်းချမ်း (Myanmar Now) ● ရွှေတိဂုံအနီး ငုံးဥပြုတ်ရောင်းချ၍ မောင်းထုတ်ခံရဖူးသူ ကိုယ့်ကိုယ်ကိုယ်သတ်သေ

အောင်ငြိမ်းချမ်း (Myanmar Now) ● ရွှေတိဂုံအနီး ငုံးဥပြုတ်ရောင်းချ၍ မောင်းထုတ်ခံရဖူးသူ ကိုယ့်ကိုယ်ကိုယ်သတ်သေ
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂ဝ၁၈

 

 သေဆုံးသူသည် ပန်းနာရင်ကျပ်ဝေဒနာကို ကာလရှည်ရင်ဆိုင်ခဲ့ရကြောင်း မိသားစုဝင်များကပြောသည်။



မေ ၁၇ ရက်နေ့က တွေ့ရသည့် ဦးအောင်သောင်း၏ရုပ်အလောင်း ( ဓာတ်ပုံ – အောင်ငြိမ်းချမ်း/Myanmar Now)


ရွှေတိဂုံဘုရားအနီး
ငုံးဥပြုတ် ရောင်းချစဉ် အစ္စလာမ်ဘာသာဝင် ဖြစ်သောကြောင့်ဟု ဆိုကာ မောင်းထုတ်ခံရပြီးနောက်
လူသိများလာခဲ့သည့် ဦးအောင်သောင်းသည် ရန်ကုန် သုဝဏ္ဏရှိ သူ၏နေအိမ်တွင် စက်တင်ဘာ ၁၆ ရက်နေ့က
 ကြိုးဆွဲချ သေဆုံးသွားခဲ့သည်ဟု မိသားစုက ပြောသည်။
မာမူကြီးဟုလည်း
ခေါ်ကြသည့်  ဦးအောင်သောင်းအား၏ အသက်မဲ့ခန္ဓာကို သူ၏အစ်ကို ဦးမောင်မောင်စိုးက ည ၇ နာရီကျော်ခန့်တွင်
စတင် တွေ့ ရှိခဲ့ခြင်းဖြစ်သည်။
ဦးအောင်သောင်းသည်
ပန်းနာရင်ကျပ်ဝေဒနာကို ကာလရှည် ရင်ဆိုင်ခဲ့ရသူဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
 

“ဝေဒနာကို
မခံစားနိုင်တော့လို့ သူဒီလိုလုပ်သွားတယ်လို့ပဲ ယူဆတယ်” ဟု သူ၏ အစ်ကိုက ပြောသည်။
မသေဆုံးမီ
ရက်အနည်းငယ်ခန့်က ၄င်း၏ ဇနီးနှင့် သားသမီးများ နေထိုင်ရာ တောင်ငူမြို့သို့သွားရောက်ခဲ့သေးသည်ဟု  အိမ်နီးချင်းတစ်ဦးဖြစ်သူ မချောစုက ပြောသည်။
 

“သူ့ဆေးဖိုးအတွက်
ဆိုပြီး ပိုက်ဆံလာချေးတယ်။ သူ့ကြည့်ရတာတော့ ကျန်းမာရေး သိပ်မကောင်းတဲပုံပဲ။ စိတ်လည်း
ညစ်နေပုံရတယ်” ဟု မချောစုက ပြောသည်။
ဆေးဖိုးမှာ
တစ်ရက်လျှင် ၇,၅ဝဝ ကုန်ကျကြောင်း ဦးအောင်သောင်းက ပြောဆိုဖူးသည်ဟု မချောစုက ဆိုသည်။
 

ဈေးရောင်းစဉ်မောင်းထုတ်ခံရအပြီး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူတချို့ နှင့် အခြားသူများက ငွေကြေး ထောက်ပံ့ခဲ့ကြောင်း၊
ထောက်ပံ့ငွေကို အိမ်ငှားခြင်းနှင့် ဆေးကုသမှုခံယူခြင်းအတွက် သုံးခဲ့ကြောင်း မိသားစုဝင်များကပြောသည်။
 

သေဆုံးမှုဖြစ်စဉ်အား
သွေးရိုးသားရိုးသေဆုံးမှုအဖြစ် သုဝဏ္ဏနယ်မြေ ရဲတပ်ဖွဲ့က သတ်မှတ်ပြီး သေမှုသေခင်းအမှတ်
၁၅/ ၂ဝ၁၈ ဖြင့်အမှုဖွင့်ထားသည်။
“ စိတ်ခံစားချက်အနည်းငယ်နဲ့
သူခံစားရတဲ့ရောဂါတွေကြောင့်အခုလိုဖြစ်သွားရတယ်လို့ မိသားစုဝင်တချို့နဲ့ အိမ်နီးနားခြင်းတွေကို
စစ်ဆေးချက်အရသိရတယ် ” ဟု သုဝဏ္ဏရဲ စခန်းမှ စခန်းမှူး ရဲအုပ်သန်းမောင်က ပြောသည်။



ဦးအောင်သောင်း၏ဇနီးနှင့်သမီးကို နာရေးအခန်းအနားတွင်တွေ့ရစဉ် (ဓာတ်ပုံ – အောင်ငြိမ်းချမ်း/Myanmar Now)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts