သတင်းပဒေသာ

TNLA လက်ထဲမှ ရှမ်းအမျိုးသမီး ပြန်လွတ်ရေး မိသားစုဝင်များ ဆန္ဒပြ

TNLA လက်ထဲမှ ရှမ်းအမျိုးသမီး ပြန်လွတ်ရေး မိသားစုဝင်များ ဆန္ဒပြ
ထိုက်နန္ဒာဝင်း (Myanmar Now)
(မိုးမခ) စက်တင်ဘာ ၈၊ ၂ဝ၁၈


စက်တင်ဘာ ၇ နံနက်ပိုင်းက နမ့်ခမ်းမြို့၊ 
 မြို့လယ်ဘုရား ကျောင်းရှေ့တွင် နန်းမိုဟွမ်လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်နေသော မိသားစု (ဓာတ်ပုံများ – ဆိုင်စိုင့်)

(ရန်ကုန်) —  ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် တအာင်းလက်နက်ကိုင်အဖွဲ့
TNLA ဖမ်းဆီးထားသည့် ရှမ်းအမျိုးသမီး နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် သူ၏ အသက်
၁၀နှစ်အောက် ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုဝင်များက  စက်တင်ဘာ ၇ နံနက်ပိုင်းတွင်  မြို့လယ်ဘုရား ကျောင်းရှေ့သို့ သွားရောက်ပြီး ဆန္ဒထုတ်ဖော်ကြသည်။

ရပ်ဝေးတွင် အထက်တန်းကျောင်း တက်နေသော သားဖြစ်သူနှင့်
အသက်အန္တရာယ်ပြုခံရမည်ကို စိုးရိမ်သဖြင့်  တိမ်းရှောင်နေသော
ခင်ပွန်းသည်တို့ လာရောက် ပူးပေါင်းနိုင်ခြင်း မရှိကြောင်း မိသားစုဝင် တစ်ဦးက
Myanmar Now ကို ပြောသည်။

“မေမေက သမီးတို့ကို ထမင်းကျွေးနေတုန်း လူဆိုးတွေက
သေနတ်ကြီးတွေနဲ့ လာခေါ်သွားတာ။ သမီးတို့က ငိုတော့ မေမေက ‘မငိုနဲ့ ခဏနေ ပြန်လာခဲ့မယ်’
လို့ မှာသွားတယ်။ အခုထိပြန်မလာဘူး။ မေမေ့ကို ပြန်ပို့ပေးပါ” ဟု ၈ နှစ်အရွယ် သမီးဖြစ်သူ
နန်းမွန်အွန်နော့က ပြောသည်။ 

မိသားစုက အစိုးရကို အပြစ်မဲ့ အမျိုးသမီး အမြန်ဆုံးလွတ်မြောက်လာနိုင်ရေးအတွက်
ကူညီရန် တောင်းဆိုလိုက်သည်။  

နန်းမိုဟွမ်သည်  သြဂုတ် ၁၇ ရက်နေ့က ကလေးများကို နံနက်စာ ကျွေးနေစဉ်
လက်နက်ကိုင်တချို့ ရောက်လာပြီး  ဖမ်းဆီး သွားခြင်း
ဖြစ်သည်ဟု မိသားစုဝင်များ၊  အရပ်ဘက်အဖွဲ့အစည်းတချို့မှ  တာဝန်ရှိသူများက Myanmar Now ကို ပြောသည်။

နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရန်
သံဃာတော်များ၊ ပြည်သူလူထု၊ အရပ်ဘက်အဖွဲ့များ စုပေါင်းပြီး  အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့များထံ  စက်တင်ဘာ ၂ ရက်နေ့က စာရေးသားပေးပို့ တောင်းဆိုထားသည်။ 

နောက်တစ်နေ့တွင် TNLA က   နန်းမိုဟွမ်ကို
အပြစ်ပေးမည်ဟု သတင်းထုတ်ပြန်သည်။ အရပ်ထဲတွင် အခွန်ကောက်ခံသော ၎င်းတို့ တပ်ဖွဲ့ဝင်နှစ်ဦး
အပြင်းအထန် ထိခိုက်၊ သေဆုံးမှုတွင် နန်းမိုဟွမ် အပြစ်ရှိသည်ဟု စွပ်စွဲထားသည်။

ထိုသတင်းထုတ်ပြန်ချက်ကြောင့်  ဒေသတစ်ခုတည်း အတူယှဉ်တွဲနေထိုင်ကြသော ရှမ်းနှင့်
တအာင်းကြား လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားလာမည်ကို အများအပြားက စိုးရိမ်နေကြသည်ဟု နမ့်ခမ်းလူငယ်ကွန်ရက်မှ
လူထုဆက်ဆံရေးတာဝန်ခံ စိုင်းသိန်းရွှေက ပြောသည်။

ရှမ်းပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့ အများအပြား
ရှိသည့်အနက် တအာင်းလက်နက်ကိုင်အဖွဲ့နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုတို့ကြား မကြာသေးခင်နှစ်များအတွင်း
တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် သုံးနှစ်အတွင်း တိုက်ပွဲ နှစ်ရာကျော်
ရှိခဲ့သည်ဟု ဆိုသည်။

ထိုပဋိပက္ခတွင် တိုက်ပွဲများအပြင် အရပ်သားများကို
ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာမှ ရှမ်းနှင့်တအာင်း အရပ်သူအရပ်သားများကြားတွင်လည်း
 အထင်မှားမှု၊ စိတ်ဝမ်းကွဲမှု၊ မုန်းတီးမှုများ
ပေါ်ပေါက်လာသည်။

ယခုအခါ လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲ ရပ်စဲမည့်
အရိပ်အရောင် မပေါ်သေးသော်လည်း ဒေသခံများကြားတွင်မူ အချင်းချင်း ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန်
ကြိုးပမ်းလျက်ရှိသည်။

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts