K ငြိမ်းချမ်း သတင်းပဒေသာ မြန်မာပြည်တွင်း

ခဲမှုန့်ပန်းချီသင်တန်းသားများ၏အနုပညာပန်းချီပြပွဲ 43 Art Gallery မှာ ပြသနေ

ခဲမှုန့်ပန်းချီသင်တန်းသားများ၏အနုပညာပန်းချီပြပွဲ 
43 Art
Gallery မှာ ပြသနေ
K
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၈

ပန်းချီစုတ်ချက်လက်ပိုင်ရှင်များ ဟုအမည်ပေးထားတဲ့ ခဲမှုန့်ပန်းချီသင်တန်းသားများ၏ အနုပညာပန်းချီပြပွဲ  ကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ ၄၃လမ်း (မဟာဗန္ဓုလနှင့်ကုန်သည်လမ်းကြား) အမှတ် ၁ဝ၁ရှိ 43 Art Gallery မှာ စက်တင်ဘာ ၇ ရက်မှ ၉ရက်အထိပြသလျက်ရှိပါတယ်။

ပြပွဲမှာ ခဲမှုန့်ပန်းချီသင်တန်းဆင်း လူငယ် ၁၆ယောက်ရဲ့ပန်းချီကား ၃၃ ကားကို ပြသသွားမှာဖြစ်ပြီး ပြပွဲတင်ပန်းချီ ကားများကိုတော့ ရောင်းချသွားမှာမဟုတ်ဘဲ လက်ရာနဲ့ အနုပညာများကိုတင်ဆက်ပြသသွားတာဖြစ်တယ်လို့ 43 Art Galleryမှ ပြပွဲ တာဝန်ရှိ သူတဦးက ပြောပြပါတယ်။

ခဲမှုန့်ပန်းချီပြပွဲနဲ့ပတ်သက်ပြီး ခဲမှုန့်ပန်းချီဆရာ သူရအောင်က “ရည်ရွယ်ချက်ကတော့ တပည့်တွေရဲ့ ကြိုးစားမှုနဲ့ ရိုးသားမှုကိုAဖ်ာချင်လို့ ပြပွဲလုပ်ရတာပါ။
ဆရာကြီးတွေလည်း ပြောထားတယ်လေ။ တပည့် ဆိုတာ ရိုးသားရမယ်။ ကြိုးစားရမယ်။ စိတ်ထားကောင်းရင်ကောင်းသလို ပညာက ရလာမယ်။ တပည့် တွေရဲ့ရိုးသားမှုအပေါ် ဆရာတွေက ဘယ်လောက်ပံ့ပိုး ပေးနိုင်မလဲ။ ဘယ်လောက်ထိအောင် သူတို့က ဒီပညာရပ်အပေါ် ကြိုးစားပြီးမြတ်နိုးသလဲ။ အဲဒီဟာတွေ ကိုပြချင်လို့ဒီပြပွဲလေး လုပ်ရခြင်း ရည်ရွယ်ချက်ပါ” လို့ ပြောပြပါတယ်။

ယခုပြပွဲမှာ ပါဝင်ပြသကြတဲ့ လူငယ်ပန်းချီ ဆရာများဟာ ခဲမှုန့်ပန်းချီသင်တင်းရဲ့ပထမဆုံးအကြိမ် သင်တန်းဆင်းများဖြစ်ပြီး နောက်ထပ် ခဲမှုန့်ပန်းချီသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပြီး ဒုတိယအကြိမ် ခဲမှုန့်ပန်းချီသင်တန်းကိုလည်း ၁၀လပိုင်း ၁၁ရက်နေ့မှာ ဆက်လက်ဖွင့်လှစ်သွားမယ်လို့လည်း ပြောပြပါတယ်။

ခဲမှုန့်ပန်းချီသင်တန်းပေးရခြင်းနဲ့ ပတ်သက်ပြီးလည်း သင်တန်းဆရာဖြစ်သူ ဆရာသူရအောင်က “ပညာဆိုတာက ကိုယ်တယောက်တည်း တတ်နေရုံနဲ့မပြီးဘူးလေ။ သူများကိုလည်း ဖြန့်ဝေ ပေးနိုင်ရမယ်။ မျှဝေပးနိုင်ရမယ်။ နောက်တခုက ကျနော်က ယဉ်ကျေးမှုတက္ကသိုလ်က စောင်းပညာရပ်ကို လေ့လာနေတဲ့အခါကျတော့ အလုပ်လည်းလုပ်ရင်း ပညာလည်း သင်ရင်း အဲဒီရည်ရွယ်ချက်မျိုးနဲ့သင်တန်းလေးတွေဖွင့် ဖြစ်နေတာပါ”လို့ပြောပြပါတယ်။

ပြပွဲကို ၃ရက်ကြာပြသသွားမှာဖြစ်ပြီး ပြပွဲချိန်အတွင်း နံနက် ၉ နာရီမှ ညနေ ၄နာရီအတွင်း  ပြသလျက် ရှိပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts