သတင်းပဒေသာ

Myanmar Now ● တပ်ချုပ်ကို Facebook မှ ဖယ်ရှားခြင်းသည် အပြီးအပိုင်ဖယ်ရှားခြင်းဟု ကုမ္ပဏီ ပြော

 

Myanmar Now ● တပ်ချုပ်ကို Facebook မှ ဖယ်ရှားခြင်းသည် အပြီးအပိုင်ဖယ်ရှားခြင်းဟု ကုမ္ပဏီ ပြော

(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၈

(ရန်ကုန်) –အမေရိကန်နိုင်ငံအခြေစိုက် လူမှုကွန်ရက်ဖေ့စ်ဘွတ်ကုမ္ပဏီက ၎င်းတို့၏အွန်လိုင်းစာမျက်နှာတွင် မြန်မာနိုင်ငံ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို သြဂုတ်လ ၂၇ ရက်နေ့မှစ၍ ဖယ်ရှားလိုက်ခြင်းသည် အပြီးအပိုင်ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။

“ခုလို ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ပိတ်ပင်လိုက်တာ အပြီးအပိုင် ထာဝရ ပိတ်ပင်လိုက်တာပါ။ ဖေ့စ်ဘွတ်ပေါ်မှာ သူ့ကို ဆက်လက်ရှိနေဖို့ ခွင့်မပြုတော့ပါဘူး” ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Ruchika Budhraja က Myanmar Now ကို ပြောသည်။

သြဂုတ် ၂၇ တွင် ဖေ့စ်ဘွတ်ကပိတ်ပင်သည်ဟု ကြေညာသည့်စာရင်းတွင် တပ်ချုပ်၏ ဖေ့စ်ဘွတ်စာမျက်နှာအပြင် တပ်မတော်ပိုင် မြဝတီသတင်းဌာနနှင့် ထိပ်တန်းတပ်မတော်အရာရှိကြီးများ၏ ဖေ့စ်ဘွတ်စာမျက်နှာများလည်း ပါဝင်သည်။

ပိတ်ပင်ခံရသောသူများနှင့် အဖွဲ့များ၏ စာရင်းအား ဖေ့စ်ဘွတ်ကုမ္ပဏီအား Myanmar Now က အီးမေးလ်ဖြင့်တောင်းခံရာ ပေးပို့ခဲ့သောစာရင်းတွင် အောက်ပါနာမည်များ ပါဝင်သည်ကို တွှေရသည်။

၁။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS)၊
၂။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် (Senior General Min Aung Hlaing အမည်ဖြင့်သုံးစွဲသော ဖေ့စ်ဘွတ်စာမျက်နှာ)၊
၃။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း
၎။ ဗိုလ်မှုးချုပ် ခင်မောင်စိုး (ရခိုင်ပြည်နယ်ဘူးသီးတောင်မြို.နယ် အခြေစိုက် ခမရ ၁၅ ခြေမြန်တပ်ရင်း)
၅။ ဗိုလ်မှုးချုပ် အောင်အောင် (ခမရ ၃၃ ခြေမြန်တပ်ရင်း)
၆။ ဗိုလ်ချုပ် အောင်မျိုးသူ (ခမရ ၃၃ ခြေမြန်တပ်ရင်း)
၇။ ဗိုလ်မှုးချုပ် သန်းဦး (၂ဝ၁၇ ရခိုင်ပြည်နယ်စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အမှတ် ၉၉ ခြေမြန်တပ်ရင်းမှ)

၈။ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော (ကျန်းမာရေးကြောင့် ယခုနှစ်ဆန်းပိုင်းတွင် ရာထူးမှ နုတ်ထွက်ခဲ့သည်)
၉ ။ ဗိုလ်ချုပ်မောင်မောင်စိုး (၂ဝ၁၇ တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှုး တာဝန်ယူခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် ရခိုင်ပြည်နယ်စစ်ဆင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်မှ ထုတ်ပယ်ခံခဲ့ရသည်။)
၁၀။ ရဲမှုးချုပ် သူရစန်းလွင် (ရခိုင်ပြည်နယ်တွင် ယမန်နှစ်က တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ်မေလတွင် ရာထူးမှ ထုတ်ပယ်ခံရသည်။)
၁၁။ ဗိုလ်မှုး သန့်ဇော်ဝင်း
၁၂။ ခမရ ၃၃ ခြေမြန်တပ်ရင်းဖေ့စ်ဘွတ်စာမျက်နှာ
၁၃။ ခမရ ၉၉ ခြေမြန်တပ်ရင်းဖေ့စ်ဘွတ်စာမျက်နှာ
၁၄။ Phay Sit Gyi ဖေ့စ်ဘွတ်စာမျက်နှာ
၁၅။ မြ၀တီသတင်းဌာန
၁၆။ ထွန်းနိုင် (ဖေ့စ်ဘွတ်က အရာရှိထွန်းနိုင်ဟုဖော်ပြသည်)
၁၇။ နယ်ခြားစောင့်တပ်ကြပ် ကျော်ချေ
၁၈။ တပ်ကြပ်ကြီးဘကျော်
၁၉ ။ ခင်လှိုင် (ခမရ ၉၉ ခြေမြန်တပ်ရင်း)
၂၀။ သန့်ဇင်ဦး (အမှတ် ၈ ရဲတပ်ရင်းမှ ရဲအရာရှိ။ Thant Zin Oo အကောင့်ဖြင့်ဖေ့စ်ဘွတ်သုံးစွဲသူ)ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် အမုန်းစကားများကို ဖြန့်ဝေနေသည်ဟူသော ဖေ့စ်ဘွတ်၏ ပြောဆိုချက်ကို လက်မခံနိုင်ကြောင်း တပ်မတော်အရာရှိကြီးတစ်ဦးက Myanmar Now ကို သြဂုတ်လ ၂၇ ရက်နေ့က ပြောဆိုခဲ့သည်။

“တပ်ချုပ်စာမျက်နှာမှာ အမုန်းစကားတွေ တစ်ခုမှ ပြောနေတာ မဟုတ်ဘူး။ ဖေ့စ်ဘွတ်အဖွဲ့ ဆိုတာကလည်း သူ့နောက်မှာ တွန်းအားတစ်ခုခု၊ ဖိအားတစ်ခုခု ရှိမှာပေါ့” ဟု ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ၊ အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက ဆိုသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံးမှဦးဇော်ဌေးက ယခုကဲ့သို့ဖေ့စ်ဘွတ်က ပိတ်ပင်မှုပြုလုပ်သည့်အပေါ် အစိုးရကို ကြိုတင်အကြောင်းမကြားခဲ့ကြောင်း၊ ပိတ်ပင်မှုများတွင် အစိုးရက ပါဝင်ပတ်သက်ခြင်း မရှိကြောင်း သတင်းမီဒီယာများအား ပြောဆိုထားသည်။

တပ်ချုပ်နှင့် တပ်ချုပ်ရုံးစာမျက်နှာများ ဖေ့စ်ဘွတ်ပေါ်တွင် ပျောက်ကွယ်သွားသော်လည်း Like ၁ သိန်းကျော်ရှိသည့် တပ်မတော်သတင်းစဉ် ဖေ့စ်ဘွတ်စာမျက်နှာသည့် ဆက်လက် ရှင်သန်နေပြီး တပ်မတော်အကြီးအကဲများ၏ သတင်းများကို တင်နေသည်ကိုတွေ့ရသည်။

ထို့ပြင် တပ်ချုပ်အမည်ဖြင့် ဖွင့်ထားသော အင်တာနက်စာမျက်နှာတွင်လည်း တပ်ချုပ်၏ လှုပ်ရှားမှု သတင်းများ ဖော်ပြထားသည်ကိုတွေ.ရသည်။

————–
၂ဝ၁၄ မတ်လ ၂၇ ရက်နေ့က တွေ့ရသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် (ဓာတ်ပုံ – ပြန်ကြားရေးဝန်ကြီးဌာန)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts