ကဗျာ မြန်မာပြည်တွင်း

နောင်ကျော် – ဥပေက္ခာ

ဥပေက္ခာ
နောင်ကျော်
(မိုးမခ)သြဂုတ် ၂၅၊ ၂၀၁၈
 
မင်း လေးစားခံရဖို့ ငါ
လူဖြစ်လာတာ မဟုတ်။ 
မင်း ဆဲရေးခံရဖို့ ငါ
လူဖြစ်လာတာ မဟုတ်။

ငါ့မှာ တရားတဖက်
ငါ့မှာ ဓားတလက်နဲ့
တဘဝစာ ပျော်ရွှင်မှုစာသား
အရေပြားကနေ နှလုံးသားအထိ
ငြိတွယ်ခုံမင်။

မနက်ဖြန် တရက်ရက်မှာ
ပြာဖြစ်မလား
မြေကျင်းထဲက အလောင်း
ပေါလောပေါ် အသေကောင်ပုပ်
နှုတ်ဆက်သူမဲ့သော မသာ
မရေရာအနာဂတ်များ
ဆွဲထားတဲ့စီမံကိန်းတွေက တဟားဟားရယ်လိမ့်။

ယုံကြည်ချက်မှာ ပျော့ပျောင်းစွာ ရပ်နေရင်း
ပျော်ရွှင်ခြင်း ဟန်ပန်အမူအရာ
မင်း နှာခေါင်း ရှုံ့စရာ
မင်း အထင်ကြီးစရာ ဘာဘာညာညာ
ငါ မစဉ်းစားအားသေး
ငါ့အတွေး ငါ့တရားစင်မှာ
ပေါ့ပါးကြည်လင် ရင်ခုန်စွာ
အနာဂတ် အဆုံးသတ်မျဉ်းဆီသာ။

နောင်ကျော်
၂၅ သြဂုတ်၊ ၂၀၁၈
၀၀း၄၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts