ဝေဖန်ရေးရာ မောင်လူရေး

မောင်လူရေး – အမုန်းအား မကောင်းအောင် ထိန်းဖို့ လိုပြီ

မောင်လူရေး – အမုန်းအား မကောင်းအောင် ထိန်းဖို့ လိုပြီ

(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၈

ဒီရက်ပိုင်း ဘာသာရေးပဋိပက္ခဖြစ်အောင်လှုံ့ဆော်တဲ့ပို့စ်တွေ တက်တက်လာတယ်။
ဒီပို့စ်တွေကို ကြည့်လိုက်ရင် လုပ်ထားတဲ့ပုံရော ရေးထားတဲ့စာသားရောက ဘာသာမတူသူတွေကို ဘယ်လိုမှ သည်းခံစိတ်မမွှေးနိုင်အောင် မြင်သူ နာကျင်အောင် နာကျည်းအောင် တုန့်ပြန်လုပ်ဆောင်ချင်အောင် ရည်ရွယ်ပြီး သေသေချာချာလုပ်ဆောင်ထားတာကို မြင်ရပါတယ်။

တလောကတော့ အစိုးရဟာ ဖေ့ဘွတ်မှာ အမုန်းစကားတွေ မပွားအောင် သန်းခြောက်ထောင်ကျော်သုံးပြီး လုပ်ဆောင်နေတယ်လို့ တရားဝင်ထုတ်ပြောထားပါတယ်။ ဒါပေလို့ တကယ်အဖြုတ်ခံရ အပိတ်ခံရ သတိပေးခံရတဲ့အကောင့်တွေဟာ လက်ရှိအခြေအနေတွေကို ဝေဘန်စိတ်ဖြာရေးသားနေသူတွေ လက်ရှိအစိုးရပိုင်းကို ဝေဘန်နေသူတွေရဲ့ အကောင့်တွေဖြစ်နေတာကို ခပ်စိပ်စိပ်ကြားလာရပါတယ်။ နောက်ပြီး ဆန့်ကျင်ဘက်အမြင်ရှိတဲ့အကောင့်တော်တော်များများလည်း ပိတ်ခံရတယ်လို့ သိရပါတယ်။

အဲလိုဆိုတော့ ဘာသာရေးလူမျိုးရေးပဋိပက္ခလှုံ့ဆော်နေသူတွေအဖို့ ပိုမိုအခွင့်သာလာတဲ့အပြင် ဘာသာရေးနဲ့ လက်ရှိအစိုးရကိုပါ အမြင်မကြည်စေမယ့်လှုံ့ဆော်ဖန်တည်းမှုတွေ လုပ်ခွင့် ပိုသာကြပါတယ်။

ပြီးခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေရဲ့အခြေခံဟာ ဖေ့ဘွတ်ကနေ ဘုရားတွေ ဘာသာရေးခေါင်းဆောင်တွေရဲ့ ပုံတွေကို မဖွယ်မရာလုပ်ပြီး ပေါပေါလှိုင်လှိုင်တင်ပေးတာပါဘဲ။ အဲဒီမှာ အပြန်အလှန်သဘော လှုံ့ဆော် အလံရှူးလုပ်ကြတာကို တကယ်နားမလည်သူတွေ ကျွံဝင်ပါလာရာက အမုန်းအရှိန် အဟုန်ပြင်းထန်အားကောင်းပြီး သွေးချောင်းစီးမတတ်ဖြစ်ခဲ့တာပါ။

ကနေ့ဖေ့ဘွတ်ပေါ်တက်လာတဲ့အကောင့်တခုကို ကြည့်ရုံနဲ့ လှုံ့ဆော်ရေး ဘယ်လောက်အားကောင်းသလဲ ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ အဲဒီအကောင့်က သူ့ရဲ့ မဟုတ်တရုတ်ပို့စ်ကို ၃၃ ဦး တက်ဂ် တွဲထားပါတယ်။ သူ တွဲထားတဲ့အကောင့်တကောင့်ချင်းဆီမှာ ပျမ်းမျှ ဖရန့် သုံးထောင် လောက်ရှိပါမယ်။ ၃၃ ကောင့် ဆိုတော့ ပို့စ်တခုဟာ အကောင့် တသိန်းလောက်ဆီ ရောက်မယ်ဆိုပါစို့။

ဒီကနေ့အချိန်မှာ ဖုန်းကိုင်သူတိုင်း ဖေ့ဘွတ်အကောင့်ကိုယ်စီနဲ့ပါ။ ဖုန်းကလဲ လူတိုင်းလောက် ကိုင်နေပါတယ်။ ခပ်ရိုးရိုး ဘာသာရေးကိုင်းရိုင်းသူများ ဘာသာဝင်များ ဘာသာရေးဝန်ထမ်းများဟာ သူတို့ သားကောင်တွေပါ။ အောက်ခြေလူ့အဖွဲ့အစည်းထဲ ဒီပုံတွေပြန့်နှံ့ပြီး အမုန်းအား ဘယ်လောက်တောင် ကောင်းနေမလဲဆိုတာ မြင်ယောင်ကြည့်နိုင်ပါတယ်။

ဒါဟာ တခုခုဖြစ်ချင်ရင် ဖြစ်လို့ရတဲ့အနေအထားပါ။ အခုပြောတာ အကောင့်တကောင့်ဘဲ ရှိပါသေးတယ်။
သန်းခြောက်ထောင်ကျော် အကုန်ခံပြီး ဖေ့ဘွတ်စောင့်ကြည့်သူများခင်ဗျား … တလွဲဆံပင် မကောင်းစေချင်ပါဘူး။ အစိုးရကို ဝေဘန်သူအများစုဟာ တိုင်းပြည်အကျိုး လိုလားသူတွေများပါတယ်။ သူတို့ကြောင့် တိုင်းပြည် မတိုးတက်တောင် မပျက်စီးတာ သေချာပါတယ်။ သူတို့အကောင့်တွေ စောင့်ကြည့်စရာမလိုပါ။

အမုန်းတရားလှုံ့ဆော်တဲ့အကောင့်တွေကသာ အမှောင့်အဖျက်နဲ့ မြို့ပျက်ရွာပျက် တိုင်းဖျက်ပြည်ဖျက်ဖြစ်အောင် လုပ်နိုင်တာပါ။ အဲဒီလို အမုန်းအား ကောင်းစေတဲ့အကောင့်များကိုသာ ဂရုစိုက်ရှင်းလင်းစေလိုပါတယ်။ မဟုတ်ရင် ငွေဈေးကျ၊ ကုန်ဈေးတက်၊ အလုပ်အကိုင်မဲ့၊ ဆေးစွဲ၊ အရက်ဆိုင် ဗရပွနဲ့ ခုလိုကာလမျိုးမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခပေါ်အောင်လုပ်ရတာ အလွယ်ဆုံး မဟုတ်ပါလား ခင်ဗျာ။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts