ရသဆောင်းပါးစုံ

ထင်ကျော် (စက်မှုတက္ကသိုလ်) ● ညီညွတ်ခြင်းမှသည် အောင်မြင်ခြင်းဆီသို့

ထင်ကျော် (စက်မှုတက္ကသိုလ်) ● ညီညွတ်ခြင်းမှသည် အောင်မြင်ခြင်းဆီသို့
(မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၈

လူမှုဆက်ဆံရေးသတ္တဝါဖြစ်တဲ့ လူတွေဟာ တဦးတည်းရပ်တည်နေလို့ မရပါဘူး။ လူ့အဖွဲ့အစည်းရဲ့ သဘာဝကိုက အချင်း ချင်း အပြန်အလှန် ယိုင်းပင်းမှီခိုနေရတဲ့ သဘောဆောင်နေတာမဟုတ်လား။

ငယ်စဉ်ကလေးဘဝတုန်းများဆိုရင် သူများအပေါ် လုံးဝကို မှီခိုခဲ့ရတာပါ။ အမှီအခိုသာမရခဲ့ရင် ရက်လေးနည်းနည်းတောင် အသက်ရှင်မှာမဟုတ်ပါဘူး။ ဒီလိုနဲ့ ကြီးပြင်းလာတော့ မှီခိုရမှု တဖြည်းဖြည်း လွတ်ကင်းလာပါတယ်။ ရုပ်ရော စိတ်ရော လွတ် လပ်လာပြီး ကိုယ့်ဘဝကိုယ် ရပ်တည်လာနိုင်ခဲ့တယ်ဆိုပေမဲ့  ဒီလွတ်လပ်မှုဟာ အဆုံးစွန်တော့ မဟုတ်ပါဘူး။ ကိုယ့် ဘဝမှာ ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေရဖို့ ကိုယ်နဲ့ရည်မှန်းချက်တူတဲ့သူတွေနဲ့ အပြန်အလှန် ပူးပေါင်းမှီခိုပြီး ဆောင်ရွက်ရ ဦးမှာပါ။

ဘုရားတောင် အမှီရှိမှပွင့်တယ်လို့ ဆိုကြတယ်မဟုတ်လား။ ဒီတော့ မိမိတို့လည်း အမှီမရှိလို့မရပါဘူး၊ အချင်းချင်း ကူညီယိုင်း ပင်းပြီး အပြန်အလှန် မှီခိုဆောင်ရွက်မှသာ ရည်မှန်းချက်တွေအောင်မြင်မှာပါ။

ဒီတော့ လူအများနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့က အရေးပါလာပါတယ်။ ပေါင်းသင်းဆက်ဆံရေး အောင်မြင်စေတဲ့ ဆက်ဆံ ရေး နည်းဗျုဟာတွေသိထားဖို့ လိုလာပါတယ်။

ရုပ်သန့်သန့်ပြန့်ပြန့်ဖြစ်အောင်နေတာတို့၊ အဝတ်အစား သန့်သန့်ပြန့်ပြန့်ဝတ်တာတို့၊ အပြုံးကိုဆောင်တာတို့၊ တဖက်လူ အကြိုက် မြှောက်ပင့်တာလေးတွေ ထည့်တာတို့ စတဲ့ Personality Ethic တွေပေါ့။ ဒါတွေသိထားရင်တော့ ကောင်းပါတယ်။
ဒါပေမဲ့ character ဆိုတဲ့စရိုက်၊ ကိုယ်ကျင့်သီလက ပိုအဓိကကျပါတယ်။ရိုးသားတာ၊ လုံ့လဝီရိယရှိတာ၊ သစ္စာရှိတာ၊ တရား မျှတတာ၊ မေတ္တာထား ညှာတာထောက်ထားတတ်တာ အစရှိတာတွေပေါ့။ဒီကိုယ်ကျင့်တရားတွေ မရှိဘဲနဲ့ ဆက်ဆံရေးနည်း ဗျုဟာတွေ သုံးရင်တော့ ရေရှည်အောင်မြင်မှု ရမှာမဟုတ်ပါဘူး။ရေရှည်ခိုင်မြဲတဲ့ အများရဲ့ယုံကြည်မှုကိုရမှာမဟုတ်ပါဘူး။ ပရိယာယ်သဘော၊ လှည့်ဖျားတဲ့သဘော သက်ရောက်သွားတဲ့အတွက် တဒင်္ဂ တပွဲတိုးလောက်ပဲ ရနိုင်ပါတယ်။ ဆေးမြီးတို ဆန်တဲ့အတွက် ရေရှည်မှာ မအောင်မြင်နိုင်ပါဘူး။

မရိုးသားတဲ့ ဆက်ဆံမှုကို လူတွေဟာ စိတ်ထဲမှာ ရိပ်မိခံစားနိုင်တတ်ပါတယ်။ ကိုယ်ကျင့်တရား ကောင်းသူအတွက် နှုတ်ချို သျှိုတစ်ပါးဖြစ်ပေမဲ့ ကိုယ်ကျင့်မကောင်းတဲ့သူတွေ ၊ မယုံကြည်ရတဲ့သူရဲ့ ချိုချိုသာသာ မြှောက်ပင့်ပြောတာကို လူတွေ မနှစ်သက်တတ်ကြပါဘူး။ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချေးလို့ပဲ သတ်မှတ်ကြမှာပါ။ ဒီလိုလူမျိုးတွေကို အန္တရာယ်ကောင်တွေလို့ မြင်ကြတဲ့အတွက် မလွဲသာမကင်းသာ ဆက်ဆံရရင်တောင် သတိထားဆက်ဆံကြမှာပါ။ နှုတ်ချိုတာကိုတောင် သူတို့ အတွက်ဆို အကောင်းမမြင်ပဲ သံသယဖြစ်စရာလို့ ထင်ကြတာပါ။ ဒါကြောင့် ဆက်ဆံရေး နည်းပရိယာယ်တွေသုံးပြီး ရလာ တဲ့အောင်မြင်မှုမျိုးဟာ ရေရှည်ခိုင်မြဲမှာ မဟုတ်ပါဘူး။

ဒါကြောင့် ဆက်ဆံရေးဗျုဟာတွေကို သိပ်ရှေ့တန်းမတင်ဘဲ အကျင့်စရိုက် ကောင်းအောင်ပဲ လေ့ကျင့်သင့်ပါတယ်။

အကျင့်စရိုက် ကောင်းရင်တော့ နှစ်လိုဖွယ် ဥပဓိရုပ်၊ နှစ်လိုဖွယ်စိတ်ထားတွေ ရှိလာပြီး အများကို ဆွဲဆောင်နိုင်မှုရှိလာမှာပါ။ အများတကာနဲ့လည်း ပေါင်းသင်းဆက်ဆံလာနိုင်မှာပါ။

အများနဲ့ ဆက်ဆံရေး အောင်မြင်ဖို့အတွက် အခြားသူတွေ မိမိအပေါ် ဘယ်လိုမြင်တယ်ဆိုတာထက် သူတို့ကိုယ်သူတို့ ဘယ်လိုမြင်ကြတယ်၊ သူတို့ရဲ့ လောကအမြင် ဘယ်လိုရှိတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့က ပိုအရေးကြီးပါတယ်။ ဒါမှသာ သူတို့ရဲ့ လိုအင်ဆန္ဒကို သဘောပေါက်လာနိုင်မှာပါ။ ဒီတော့မှ  ကိုယ်ချင်းစာနာစိတ်ထားနိုင်လာပြီး အဆင်ပြေပြေနဲ့ win _ win ဆက်ဆံရေးမျိုး တည်ဆောက်လာနိုင်ပါလိမ့်မယ်။
ပြီးတော့ လူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တစ်နည်းအားဖြင့် ပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်ဖို့ လူအများရဲ့ ယုံကြည် စိတ်ချရမှုကို လိုပါတယ်။

လူအများ ယုံကြည်စိတ်ချမှုကိုလည်း ကိုယ့်ရဲ့အကျင့်စရိုက် ဖြောင့်မတ်မှန်ကန်နေမှ ရနိုင်မှာပါ။

ယုံကြည်ကြပါ၊ စိတ်ချကြပါလို့ ပါးစပ်ကလိုက်ပြောနေလို့ရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ အတိတ်က ကိုယ်ဘယ်လို ပေါင်းသင်း ဆက်ဆံ ပြုမူခဲ့တယ်ဆိုတာကိုကြည့်ပြီး လူတွေ သူ့ဟာသူ ဆုံးဖြတ်ကြမှာပါ၊ အကဲဖြတ်ကြမှာပါ။

ဒါကြောင့် အများနဲ့ ဆက်ဆံရေးမှာ အောင်မြင်ချင်ရင်တော့၊ လူအများရဲ့ ယုံကြည်မှုကိုရချင်ရင်တော့  မတရားမလုပ်နဲ့၊ ညှာ တာ ထောက်ထား ၊ ပြီးတော့ သူ့အကျိုး ကိုယ့်အကျိုး မျှတအောင်ကြည့်တဲ့ သမာသမတ်စိတ် မျိုးထားပေါ့။

”There can be no friendship without confidence, and no confidence without integrity.”
( Sammel Jackson)

သမာသမတ်မရှိပဲ ယုံကြည်မှု မရနိုင် ၊ ယုံကြည်မှုမရှိရင်လည်း ရင်းနီးခင်မင်မှု မရနိုင်တဲ့။

လူတွေနဲ့ ဆက်ဆံတဲ့အခါ ကြင်ကြင်နာနာနဲ့ စေတနာလေးတွေ ထားမယ် ၊ ဦးစားပေးပြီး လေးစားသမှု ပြုမယ် ၊ ရိုးသားမယ် ၊ သစ္စာရှိမယ် ၊ ကတိတည်မယ် ဆိုရင်တော့ လူတွေရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်မှာပါ။

ဒီလိုမှမဟုတ်ပဲ တစ်ကိုယ်ကောင်းဆန်မယ်၊ လေးစားမှု မရှိဘူး၊ သစ္စာမရှိ၊ ကတိမတည်၊ ကောက်ကျစ်စဉ်းလဲ မယ်ဆိုရင်တော့ အများရဲ့ ယုံကြည်မှု ကုန်ခမ်းသွားပါလိမ့်မယ်။ဒါဆိုရင် လူမှုဆက်ဆံရေးမှာ အောင်မြင်မှု မရနိုင်တော့ပါဘူး။

လူမှုဆက်ဆံရေးမှာ အောင်မြင်ချင်တယ် ဆိုရင်တော့ တစ်ဖက်သားကို နားလည်ပေးရပါမယ်။ ကိုယ့်တစ်ဖက်ထဲကြည့်လို့ မရပါဘူး။ တစ်ပါးသူရဲ့ ခံစားမှုကို နားလည်မှ မျှမျှတတ ဆောင်ရွက်နိုင်မှာပါ။ တစ်ပါးသူ ထိခိုက်နစ်နာသွားမှာကိုလဲ ရှောင် ရှားလာနိုင်မှာပါ။

ပြီးတော့ တစ်ဖက်သားနဲ့ ဆက်ဆံတဲ့အခါမှာ အသေးအဖွဲလေးကအစ ဂရုစိုက် အလေးထားရပါမယ်။လူတိုင်းလိုလို ကရုဏာ ၊ အကြင်နာ ၊ ဂရုစိုက်မှုလေးတွေကို မွတ်သိပ်တတ်ပါတယ်။ ကိုယ်က ပေးနိုင်ရင်တော့ ကိုယ့်အပေါ် ခင်မင်နှစ်သက်လာကြမှာပါ။
ကတိတည်ဖို့၊ သစ္စာရှိဖို့၊ ဖြောင့်မတ်မှန်ကန်ဖို့လည်း အရေးကြီးပါတယ်။ ပြီးတော့ ကိုယ့်ဖက်က ချို့ယွင်းချက်ရှိရင်၊ မှားသွား တာရှိရင်လည်း လှိုက်လှိုက်လှဲလှဲ တောင်းပန်ဖို့ ဝန်မလေးသင့်ပါဘူး။

အချုပ်အားဖြင့် ပြောရရင်တော့ အရိုးခံအရင်းခံစိတ်နဲ့ ဆက်ဆံဖို့ ၊ စေတနာမေတ္တာထားပြီး ပြုမူဆောင်ရွက်ဖို့ပါဘဲ။တစ်ဦးမေတ္တာ တစ်ဦးမှာတဲ့။ တန်ပြန်အကျိုးသက်ရောက်မှုတွေဟာ အင်မတန် ခွန်အားကြီးမားတတ်ပါတယ်။ အပေးအယူ သဘောမျိုး ထက် စွမ်းအား ပိုပြီး ထက်မြက်တတ်ပါတယ်။

ပြီးတော့ အပြန်အလှန် နားလည်ကြပြီး ကိုယ်ချင်းစာနာတတ်ဖို့ကလည်း အရေးကြီးပါတယ်။

“Do unto others as you would have others do unto you ”

ကိုယ့်အပေါ် ဆက်ဆံ ပြုမူစေချင်သလို သူတစ်ပါးအပေါ်ကို ဆက်ဆံပါတဲ့။

ဒီလို အပြန်အလှန် နားလည်မှုတွေ၊ အပြန်အလှန် ယုံကြည်မှုတွေကိုသာ တည်ဆောက်နိုင်ရင်တော့တစ်ဦးနဲ့ တစ်ဦး အပြန် အလှန် အမှီသဟဲ ပြုနေရတဲ့ လူ့အဖွဲ့အစည်းထဲက လူအချင်းချင်း စိတ်ရောကိုယ်ပါ တစ်သားထဲ ပေါင်းစည်းသွားပါလိမ့်မယ်။
ဒီလိုသာ ညီညွတ်တဲ့ လူ့အဖွဲ့အစည်း တစ်ခုတည်ဆောက်နိုင်ရင်တော့ Synergy ဆိုတဲ့ ထူးခြား ကြီးမားတဲ့ စွမ်းအားကြီး တစ်ခု ရလာပါလိမ့်မယ်။ ဒီ Synergy ဆိုတဲ့စွမ်းအားသစ်ဟာ အဖွဲ့အစည်းထဲမှာပါတဲ့ လူတစ်ဦးချင်းစီရဲ့ စွမ်းအားတွေ အားလုံးစုစုပေါင်းတာထက် ကြီးမားတယ်လို့ ဆိုပါတယ်။ ကြီးမားတဲ့ တန်ခိုးရှင် စွမ်းအားကြီးပေါ့။ ဒီစွမ်းအားကြီးက အဖွဲ့အ စည်းတစ်ခုလုံးကို အောင်မြင်မှုတွေ ဆင့်ကဲဆင့်ကဲရအောင် ပံ့ပိုး သွားပါလိမ့်မယ်။

ညီညွတ်ခြင်းသည် အင်အားတဲ့။ Syngery ဆိုတာ ပေါင်းစည်းခြင်းဖြင့် စွမ်းအားအသစ်ကို ရရှိခြင်းပေါ့။ ငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့ အဖိုးအိုနဲ့ သားများ ပုံပြင်ထဲကလိုပေါ့။ ထင်းတစ်ချောင်းစီကို ချိုးနိုင်ပေမဲ့ ထင်းစည်းကျတော့ မချိုးနိုင်ကြတော့ဘူး မဟုတ်လား။

ပြီးတော့ မြန်မာ့ရာဇဝင်ထဲမှာ လူသိများတဲ့ နောင်ရိုးတိုက်ပွဲကို လေ့လာကြည့်ရင် Synergy ရဲ့ သဘောတရားကို တွေ့နိုင်မှာပါ။ ဘုရင့်နောင်က သူ့ထက်အင်အား အများကြီးများတဲ့ ရန်သူတပ်ကို နောင်ရိုးမှာ တိုက်ဖို့လုပ်နေတုန်း ဘုရင်က သူ့ကိုစောင့်ဦးလို့ ခြေမြန်တော်လွှတ်ပြီး မှာသတဲ့။ ဘုရင့်နောင်က တိုက်ပွဲအောင်မြင်ပြီးပြီလို့ ပြန်လျှောက်ခိုင်းလိုက်ပြီး ရန်သူဖက်ကမ်းကို ကူးလာခဲ့တဲ့ ဖောင်တွေကို ဖျက်ခိုင်းသတဲ့။

အကြပ်ဗိုလ်မှုးတွေက ကန့်ကွက်ကြတော့ ဘုရင့်နောင်က စစ်ပွဲရှုံးရင် သေမှာဘဲတဲ့၊ သေပြီးမှတော့ ထွက်ပြေးဖို့ ဖောင် မလိုတော့တဲ့အကြောင်း ၊ မသေချင်ရင်တော့ တိုက်ပွဲကို နိုင်အောင်တိုက်ဖို့အကြောင်း ပြောသတဲ့။

စစ်သည်ရဲမက်တွေအားလုံးရဲ့ စိတ်ထဲမှာ တိုက်ပွဲကို အနိုင်တိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့။ ဒီတော့ စစ်သည်အား လုံးရည်မှန်းချက် တူသွားတဲ့အတွက် Synergy စွမ်းအားသစ်ကြီး ဖြစ်လာပြီး ပံ့ပိုးပေးလိုက်လို့ တိုက်ပွဲမှာ အနိုင်ရသွားကြပါ တော့တယ်။

ဓားချင်း ယှဉ်ခုတ်ရတဲ့၊ လူအင်အားများတဲ့သူသာ နိုင်လေ့ရှိတဲ့ခေတ်မှာ ဘုရင့်နောင်တို့ လူနည်းစု အနိုင်ရသွားတာ ညီ ညွတ်ခြင်းသည် အင်အားကြောင့်ပါ။ Synergy ကြောင့်ပါ။

ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုတို့နဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းတစ်ခုကို တည် ထောင်ပြီး ရိုးသားစွာနဲ့ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ကြရင်တော့ ကြီးမားတဲ့ Synergy စွမ်းအားတွေ ဖြစ်လာပြီး အောင်မြင်မှုတွေ မျှော်မှန်းတာထက် ပိုပြီးရလာပါလိမ့်မယ်။

ထင်ကျော် (စက်မှုတက္ကသိုလ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts