ကဗျာ ကိုအောင်မှိုင်း

ကိုအောင်မှိုင်း – ထာဝရရဲ့ အခြားတဘက်မှ သူရဲကောင်းသို့


ကိုအောင်မှိုင်း – ထာဝရရဲ့ အခြားတဘက်မှ သူရဲကောင်းသို့

(မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၈

မီးမီးဆိုတာ …
ငါတို့ရဲ့ သူရဲကောင်းဖြစ်တယ်။

မီးမီးပေါင်းများစွာကို
ကိုယ်စားပြုသူလဲဖြစ်တယ်။

အနှစ်၃၀ဆိုတဲ့
တော်လှန်ရေးခရီးတလျှောက်
ဆံတချည်မျှင်မျှနောက်မတွန့်ခဲ့သူဖြစ်တယ်။

စစ်ဖိနပ်အောက်ဒူးထောက်ချင်သူများတဲ့ကာလမှ
စစ်ဖိနပ်ကိုရိုက်ချိုးသူစစ်စစ်ဖြစ်တယ်။

ပန်းခင်းလမ်းကို ဥပက္ခာပြုပြီး
ဆူးခင်းလမ်းကို ရင်မှာပိုက်သူဖြစ်တယ်။

မီးမီးဆိုတဲ့ သူရဲကောင်းရဲ့ နာမည်ကို
ငါတို့အကြိမ်ကြိမ် ရွတ်ဆိုရင်း
တိုက်ပွဲတွေဆက်မယ်။

အောင်ပွဲရတဲ့ တနေ့မှာ
မင်းဆန္ဒတွေပြည့်ပြီဖြစ်ကြောင်း
အကြောင်းကြားရင်း အလေးပြုမယ်။

မင်းတမလွန်က ငါတို့နဲ့အတူ
တိုက်ပွဲတွေ ဆက်ပါဦး
ရဲဘော်ရေ။

ကိုအောင်မှိုင်း (၁၄.၈.၂၀၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts