သတင်းဆောင်းပါး

မောင်လူပေ – ကုန်သွယ်ရေးစစ်ပွဲကြားက မြေစာပင်

မောင်လူပေ – ကုန်သွယ်ရေးစစ်ပွဲကြားက မြေစာပင်

(မိုးမခ) သြဂုတ် ၉၊ ၂၀၁၈

မြေစာပင်ဆိုတာ အရင်ကတော့ မမြင်ဖူးခဲ့ဘူး။ ခုမှမြင်ဖူးတာ။ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်ကတော့မဟုတ်။ လင်းယုန်ကြီးနဲ့မြွေနဂါးကြားက မြေစာပင်။

ကုန်သွယ်ရေးစစ်ပွဲကိုခုခံဖိုအတွက် ချိုင်းနိစ်မြွေနဂါးကြီးက ယွမ်တန်ဘိုးတွေချတိုင်း နောက်ကနေ ကျပ်ငွေတန်ဖိုးလိုက်ချနေရတာ တစ်ဒေါ်လာကို တစ်ထောင့်ငါးရာနားကပ်လာနေပြီ။ သခင်မျိုးဟေ့ တို့ဗမာတွေ သခင်ဘဝကဆင်းပြီး ဆယ်စုနှစ်များစွာ ချိုင်းနိစ်ရဲ့ တပည့်ကြီးဘဝနဲ့ သူပြုသမျှနုခဲ့ရလေတော့ ဆရာလည်းကျ၊ တပည့်လည်းကျ။

ဟိုကမြွေနဂါးကြီးမို့ သူ့ဟာသူဆွဲချတာ ပြသနာမဟုတ်ပေမဲ့ ကိုယ်တွေမှာဒုက္ခ။ ကုန်ဈေးနှုန်းတွေက လိုက်တက်လာပြီ။ အစိုးရမင်းများ တိုးပေးထားတဲ့လစာလေးက ငွေဈေးကျတဲ့အထဲ ရောကြိုခံလိုက်ရတော့ အရင်အတိုင်း။

တကယ်တော့ အမေရိကန်နဲ့ချိုင်းနိစ်ဆိုတာ အကျိုးစီးပွားပတ်လည်ရိုက်နေကြတဲ့နိုင်ငံတွေ။ အမေရိကန်တစ်ယောက်က ချိုင်းနိစ်က သွင်းတဲ့ ပစ္စည်းတစ်ခုကို ဒေါ်လာတစ်ရာနဲ့ဝယ်တယ် ဆိုပါတော့။ ပစ္စည်းတန်ဖိုး၊ ပို့ဆောင်ခ ဘာညာနှုတ်ပြီးကျန်တဲ့ငွေ တစ်ဆယ်လောက် ချိုင်းနိစ်ကမြတ်တယ်ထား။ အဲဒီငွေကို ချိုင်းနိစ်လုပ်ငန်းရှင်က ပုဂ္ဂလိကဘဏ်ထဲထည့်။ အဲဒီဘဏ်ကလည်း ဒီငွေကို ချိုင်းနိစ်ဗဟိုဘဏ်ထဲ ပြန်ထည့်။ ချိုင်းနိစ်ဗဟိုဘဏ်ကလည်း ဒီငွေတွေနဲ့ အမေရိကန်ငွေချေးစာချုပ်တွေပြန်ဝယ်။ ဒီလိုနဲ့ အဲဒီငွေက အမေရိကန်ပြည်သူတွေဆီ ပြန်ဝင်နေတယ်။ အမေရိကန်တွေက ပြန်သုံးတယ်။ သူတို့အချင်းချင်း ငွေပတ်လည်ရိုက်နေတယ်။ ကိုယ်တွေမှာတော့ ပတ်လည်ရိုက်စရာ အကြွေးပဲရှိတယ်။

စဉ်းစားကြည့်။ အမေရိကန်ဒေါ်လာဆိုတာ စက္ကူစုပ်လေးတွေပါ။ အမေရိကန်ဗဟိုဘဏ်ကြီးက စိန်ပေါင်၊ရွှေပေါင်ထားပြီး ထုတ်ထားတာမဟုတ်ဘူး။ အဲဒီစက္ကူမှာ ဖရန်ကလင် ဘင်ဂျာမင်ခေါင်းတပ်လိုက်ရင် တစ်ရာဖြစ်တယ်။ ဂျော့ခ်ျ ဝါရှင်တန်ခေါင်းတပ်လိုက်ရင် တစ်ကျပ်ဖြစ်တယ်။ မြန်မာငွေစက္ကူလည်း စက္ကူစုပ်ပဲ။ ချိုင်းနိစ်ငွေလည်း စက္ကူစုပ်ပဲ။ စက္ကူခြင်းအတူတူ ချိုင်းနိစ်က ဘာလို့ အမေရိကန်ငွေချေးစာချုပ်တွေ လာဝယ်ထားတာလဲ။

ရှင်းပါတယ်။ အမေရိကန်စီးပွားရေးအင်အားကိုယုံကြည်လို့ပေါ့။ ချိုင်းနိစ်ကြီးဝယ်ထားတဲ့ အမေရိကန် ငွေချေးစာချုပ်တွေ ၁.၁၇ထရီလီယံထိ ရှိတယ်။ ဒီငွေချေးစာချုပ်တွေ ရောင်းထုတ်ပြီး ကုန်သွယ်ရေးစစ်ပွဲကို နိုင်အောင်တိုက်ပါလား။ သူ့အကြွေးတွေ ကိုယ့်မှာရှိရက်နဲ့ ဘာလို့ ကိုယ့်ငွေတန်ဖိုးကို ဆွဲချနေရတာလဲ။

အဖြေကတော့ အမေရိကန်ငွေချေးစာချုပ်တွေကို မထုတ်ရောင်းရဲလို့ပေါ့။ သူပိုင်တဲ့ အမေရိကန်ငွေချေးစာချုပ်တွေရောင်းထုတ်လိုက်ရင် အောက်ဈေးနဲ့ရောင်းရမှာမို့ ရှုံးမယ်။ သူ့ရဲ့နိုင်ငံခြားအရံငွေလျှော့လာမယ်။ အမေရိကန်အတွက်က ဘဏ်တိုးတွေတက်လာမယ်။ ဒေါ်လာဈေးကျမယ်။ အမေရိကန်ကုန်တွေ ဈေးပေါလာမယ်။ ချိုင်းနိစ်ယွမ်ငွေ ပိုခိုင်မာလာမယ်။ သူ့ပစ္စည်းတွေ ဈေးတက်လာမယ်။ ကုန်ပစ္စည်းရောင်းရနှုန်းကျဆင်းလာမယ်။ ဒါကို အဖြစ်မခံနိုင်ဘူး။ ချိုင်းနိစ်ကြီးကလည်း စီးပွားရေးနှေးကွေးနေတဲ့အချိန်။ ပြီးခဲ့တဲ့ငါးနှစ်လောက်က အမေရိကန်ငွေချေးစာချုပ် (၁.၆)ထရီလီယံအထိ ဝယ်ခဲ့တယ်။ ငါးနှစ်အတွင်း ဈေးကွက်ထဲကို ထရီလီယံတစ်ဝက် (ဘီလီယံငါးရာ)လောက် ပြန်ချလိုက်ပြီးပြီ။ ဒါပေမဲ့ အမေရိကန်အတိုးနှုန်းက ထင်သလောက်တက်မလာဘူး။ အမေရိကန်ဗဟိုဘဏ်က သူချရောင်းတဲ့ဘီလီယံငါးရာလောက်ကို ပြန်သိမ်းလိုက်တဲ့သဘောပဲ။ ချိုင်းနိစ်ကြီးဆီက ချေးထားတဲ့ ဒေါ်လာ တစ်ထရီလီယံဆိုတာလည်း အမေရိကားအကြွေးတွေရဲ့ ငါးရာခိုင်နှုန်းလောက်ပဲမို့ ငွေနဲ့ပေါက်ပြီး နိုင်စရာလည်းအကြောင်းမမြင်။

ပြီးတော့ အမေရိကန်ငွေချေးစာချုပ်တွေ ချရောင်းပြီးရင် ဘာလုပ်ရမလဲ။ တခြားခိုင်မာတဲ့ ငွေချေးစာချုပ်တွေပြန်ဝယ်ရမယ်။ အဲဒီစာချုပ်တွေက အမေရိကန်ငွေချေးစာချုပ်လိုမခိုင်မာဘူး။ စိတ်မချရဘူး။ သူတို့လုပ်နေတဲ့ Made in China 2025 မတိုင်ခင် မသေချာတဲ့ ရင်းနှီးမြှုတ်နှံမှုတွေနဲ့ စွန့်စားဖို့ ခက်နေတယ်။ အလွန်ဆုံးလုပ်နိုင်တာက နောက်ထပ်ငွေချေးစာချုပ်မဝယ်ပဲ ပညာပေးရုံလောက်ပဲ။ ဒါတောင် အမေရိကန်ငွေချေးစာချုပ်က ခိုင်မာလေတော့ သူမဝယ်လည်း သူများဝယ်မှာမို့ အမေရိကားကို ထိခိုက်ဖို့လမ်းစနည်းတယ်။

(တလောက အမေရိကန်ငွေချေးစာချုပ်တွေ ချိုင်းနိစ်က ထပ်မဝယ်တော့ဘူးလို့ သတင်းတစ်ခုထွက်လာသေးတယ်။ မကြာပါဘူး၊ ချိုင်းနိစ်ဗဟိုဘဏ်က ဒီသတင်းဟာ သတင်းမှားပါလို့ ထွက်ရှင်းပါတယ်။ ဆိုလိုတာကတော့ အမေရိကန်အကြွေးတွေကို သူကတော့ ထုတ်ရောင်းဖို့မရှိသေး။ ရရင်ထပ်ဝယ်မယ်ဆိုတဲ့သဘောပေါ့။)

ဒါနဲ့ပဲ ကုန်သွယ်ရေးစစ်ပွဲအတွင်း သူ့ရောင်းကုန်တွေ ရောင်းအားမကျရေးအတွက် ချိုင်းနိစ်ကြီးက သူ့ငွေဈေးကို ဆွဲချပြီး ခုခံဖို့လုပ်နေတာပဲ။ သူနဲ့အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကစားတာက ခုတော့ ငွေကြေးစစ်ပွဲဖက်ကို ရွှေ့လာနေသလိုဖြစ်လာနေတယ်။ ချိုင်းနိစ်နဲ့ အဓိကကုန်သွယ်ရတဲ့နိုင်ငံအတော်များများရဲ့ ငွေကြေးတွေအားလုံးလိုလို ထိုးဆင်းနေကြတယ်။ ဒေါ်လာကို တောင့်ခံနိုင်တာ ဂျပန်လောက်ပဲ ရှိတော့တယ်။

ဆိုတော့… ချိုင်းနိစ်ရဲ့ ငွေဈေးဆွဲချတဲ့ ငွေကစားပွဲထဲမှာ မြန်မာက ကြားညပ်နေတယ်။ သူ့ငွေချတိုင်း မြန်မာငွေက ပိုကျတယ်။ အခု ၁၄၇၀ပဲထား။ ၁၃၂၀လောက်ကနေ ၁၅၀လောက်တက်သွားတော့ ကျပ်ငွေဈေးက၁၁.၃၆%ထိ ဆင်းသွားရတာ။ ယွမ်က ၈%လောက်ပဲ ဆွဲချထားတာ။ စီးပွားရေးခိုင်မာသူက တစ်ဆဆင်းရင် ကိုယ်က တစ်ဆခွဲလောက်လိုက်ဆင်းနေရတဲ့ဘဝ။

ကုန်သွယ်ရေးစစ်ပွဲကြောင့် ပြည်တွင်းက နစ်နာသူတွေကို အမေရိကန်အစိုးရက ထောက်ပံ့မယ်။ ချိုင်းနိစ်အစိုးရကလည်း သူ့ပြည်သူတွေကို ထောက်ပံ့မယ်။ သူတို့က အင်အားကြီးတွေမို့ထောက်ပံ့နိုင်ပေမဲ့ လေဘေး ရေဘေးတွေနဲ့တိုင်ပတ်နေတဲ့ တို့ပြည်တို့အစိုးရက မထောက်ပံ့နိုင်။ မြေစာပင်တော့ ဖြစ်နေကြပြီ။ ဒီတော့ ဘာလုပ်ကြမလဲ။ အစိုးရကို အပြစ်ပြော၊ အချင်းချင်းတွေ ရန်ဖြစ်နေမဲ့အစား တိုင်းပြည်စီးပွားတိုးတက်ဖို့အတွက် အားလုံးဝိုင်းစဉ်းစား၊ ပါဝင်ကူညီကြရအောင်။

ချစ်တဲ့
မောင်လူပေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts