ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၄)
RIT ကျောင်းသားညှိသည့်မီး နိုင်ငံအနှံ့ပြန့်သွား
(မိုးမခ) သြဂုတ် ၉၊ ၂၀၁၈
(၁)
ဧရာဝတီမြစ်ကိုသိရန် မြစ်ဝကျွန်းပေါ်၊ မြစ်ဆုံသာမက မေခနှင့်မလိခ အထိလိုက်ကြည့်မှပြည့်စုံမည်။ ချင်းတွင်းမြစ် ပူးပေါင်းလာပုံကိုလည်း ချန်ထား၍မရ။ စနစ်တကျလေ့လာ ဘက်စုံကနေကြည့်ကြရပါမည်။
(၂)
၈-၈-၈၈ အရေးအခင်း၊ ဖုန်းမော်နေ့ စသည်တို့ကို မွေးဖွားပေးလိုက်သော နေရာက ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ၊ နေ့က ၁၉၈၇ ခု၊ စက်တင်ဘာလ ၅ ရက်နေ့၊ သူတို့ထုတ်၍ သုံးစွဲနေကြသည့် ငွေစက္ကူများကို တရားမ၀င်ကြေညာလိုက်ပြန်ပြီ။ ကျောင်းလခ၊ အဆောင်ခ၊ ယုတ်စွအဆုံး လက်ဖက်ရည်ဖိုးပင် မကျန်လောက်အောင် ဖြစ်သွားရသည့် အခြေအနေကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကျောင်းသားများ လမ်းပေါ်ထွက် ဆန္ဒပြကာ ရဲရင့်ပြောင်မြောက်စွာ မဆလ အစိုးရအား စိန်ခေါ်လိုက်ခြင်းက စတင်တာပါ။
(၃)
မြန်မာပြည်လွတ်လပ်ရေး ရကတည်းက ဗြိတိန်အခြေစိုက် ပေါင်စတာလင်ငွေကြေးစနစ်၌ ပါဝင်ခဲ့၍ ကျပ်သည်ငွေမာ ( Hard Currency) ဖြစ်၏။ ဥပမာ ၅ိ တန်ပေါ် ငွေစက္ကူထုတ်ရာတိုင်း၌ ငွေငါးကျပ်နှင့် လဲနိုင်ကြောင်းအာမခံသည် ဟုရေးထားပြီး ပြည်ထောင်စုဘဏ်ဥက္ကဋ္ဌ၏ လက်မှတ်ပါရှိသည်။ နိုင်ငံခြားသွားရန် လေယာဉ်လက်မှတ်ကို ကျပ်ငွေနှင့်ဝယ်လို့ရ၏။
အဘယ့်ကြောင့်နည်း။
လေယာဉ်ကုမ္ပဏီက ထိုကျပ်ငွေကို ပေါင်စတာလင်နှင့် လဲလို့ရ၍ပါ။ ထိုအခြေအနေဖြစ်ရသည်မှာ မြန်မာပြည်တွင်း လည်ပတ်နေသည့် ကျပ်ငွေအားလုံးနှင့် တန်ဖိုးတူသော ရွှေတုံးများအာမခံထား ရသောကြောင့် ဖြစ်၏။ ကျပ်ငွေတိုးထုတ်လိုလျှင် အာမခံထပ်တိုးရ၏။ ကမ္ဘာ့အလည်တွင် ၀င်ဆန့်ချင်လျှင် နိုင်ငံတကာ ဥပဒေကို လိုက်နာရစမြဲ မဟုတ်ပါလား။
(၄)
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ပေါင်စတာလင်ငွေကြေးစနစ်က ထွက်လိုက်၏။ ရွှေတုံးတွေ ဘယ်ရောက်သွားလဲ၊ ဦးနေ၀င်းကိုသွားမေး။ ၀ါဇီစက်ရုံက စက္ကူနှင့်မင်ရှိသလောက် စိတ်တိုင်းကျ ထုတ်သည်။ ဘာခက်တာမှတ်လို့ မြန်မာ့နည်း မြန်မာ့ဟန်။ စိတ်ထင်တိုင်း အကုန်လုပ် အကုန်ဖြစ်။
၁၉၆၄ ခု၊မေလ (၁၇) ရက်နေ့တွင် ၁၀၀ိ တန်နှင့် ၅၀ိ တန်များ တရားမ၀င်ဟု ကြေညာရုံနှင့် ငွေ၉၁၅ သန်းနှင့်၈သိန်းစက္ကူစုတ်ဖြစ်သွားပြီ၊ ကိစ္စမရှိ။ ကယ်တင်ရှင် မျိုးချစ်ဗိုလ်ချုပ်ကြီးအား ကြည်ညိုထောက်ခံကြရင်း ၁၉၈၇ ခု၊ စက်တင်ဘာလ ၅ ရက်နေ့သို့ရောက်လာ၏။
(၅)
ထပ်လုပ်ပြန်ပြီ။ ထူးခြားသည်ကား အာဏာမြဲရေး ဘာသရေးအရည်ခြုံ အောက်လမ်းဆရာတို့ အခါပေးသည့်အတိုင်း ထုတ်ထားသော ၉၀ိ တန်၊ ၄၅ိ တန် စသဖြင့်ထင်တိုင်းကြဲထားသည့်ထဲ လူတွေမှာသုံးစရာ မကျန်သလောက်အထိ ဖြစ်ကုန်ပြီ။ ငွေကိုဘယ်သူထုတ်သနည်း၊ ဘာ့ကြောင့်ဖောင်းပွရခြင်းလဲ၊ ၀န်ထမ်း ကျောင်းသားများ ဘာဖြစ်လို့နစ်နာရပါမည်နည်း။
(၆)
စာမေးပွဲဖြေဆဲ RIT ကျောင်းသားများက စိန်ခေါ်လိုက်ပြီ။ လမ်းပေါ်ထွက်ကာ စစ်အစိုးရကားတစင်းကို မီးရှို့ကာ အခြားတက္ကသိုလ်များသို့ လှုပ်ရှားမှုဖြန့်လိုက်၏။ 7 July 1962 ကတည်းက စတင်ခဲ့သော ကျောင်းသားနှင့် စစ်တပ် ထပ်တွေ့ပြန်ပြီ။
RIT ကျောင်းသား မောင်ဖုန်းမော်တို့ မောင်စိုးနိုင်တို့ သေဆုံးကြရဆီသို့–၊ ထို့နောက် တံတားဖြူကနေ တံတားနီဖြစ်ရသည်သို့–စသဖြင့်–စသဖြင့်။ RIT ကျောင်းသားများ ထွန်းညှိလိုက်သည့်မီးသည် ပြည်သူလူထု ရင်ဆိုင်နေရသော အထွေထွေအကျပိအတည်း ဘွားကနဲမြင်ရကြရပြီ။
နောက်ဆက်တွဲ ဖြစ်ထွန်းမှုများအတွက်လည်း လမ်းညွှန်မီးပြဖြစ်ခဲ့ရ၏။
(၇)
မူလအစကို သေးသိမ်အောင် မှေးမှိန်အောင် လုပ်မိရာကနေ မြန်မာနိုင်ငံသမိုင်းတလျှောက် ဧရာမ ထိုလူထုအုံကြွမှုကြီးပင် နှစ်(၃၀) အကြာ၌ ပျောက်ကွယ်သွားပြီလော။
ဆက်လက်ရေးပါမည်။
၂၀၁၈ ခု၊ ဇူလိုင်လ (၃၁) ရက်နေ့