မှတ်စုမှတ်တမ်း

K ငြိမ်ချမ်း ● သူတို့ပြောတဲ့ နှစ် ၃ဝပြည့် ၈၈၈၈ လူထုအရေးတော်ပုံ – အပိုင်း (၂)

K ငြိမ်ချမ်း ● သူတို့ပြောတဲ့ နှစ် ၃ဝပြည့် ၈၈၈၈ လူထုအရေးတော်ပုံ – အပိုင်း (၂)
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၈

(နေဦးဝေ၊ မင်းကိုနိုင်၊ ကိုဒြပ်၊ မောင်လင်းရိပ်၊ ခင်အောင်ဝင့်၊ စိုးဘားဒိုင်၊ ချစ်ထွန်း၊ ညွှန့်လွင်(စက်မှုတက္ကသိုလ်)၊ ဟာရီ ကိန်း၊ ကိုထက်(ရေဦး)၊ မော်မင်းသန်း၊ မောင်နန်းဝေ(ဗန်းမော်)၊ စံညိမ်းဦး၊ အလင်းလက်၊ တင်လတ်ကို)


မြန်မာနိုင်ငံမှာ ၁၉၆၂ ကစလို့ စစ်အာဏာရှင်စနစ်အောက်ကျရောက်ခဲ့ရတာ လူတိုင်းအသိဖြစ်ပါတယ်။ ၁၉၆၂ တော်လှန် ရေး ကောင်စီလက်ထက်မှာ တကြိမ်၊ ၁၉၉၂ နဝတ၊ နအဖလက်အောက်မှာ တကြိမ်နဲ့ စုစုပေါင်း နှစ်ပေါင်း ၅ဝ နီးပါး စစ်အုပ် ချုပ်ရေးတွေနဲ့ နေထိုင်လာခဲ့ရပါတယ်။

ပြည်သူလူထုက စစ်အုပ်ချုပ်ရေးစနစ်ကို မနှစ်မြို့ငြင်းဆန်တိုက်ပွဲဝင်ခဲ့ကြတာကြောင့် ကျောင်းသားအရေးအခင်းတွေ၊ အ လုပ်သမား အရေးအခင်းတွေ၊ သံဃာ့အရေးအခင်းတွေဟာ စစ်အုပ်ချုပ်ရေးကာလ နှစ်ပေါင်း ၅ဝ ကျော်အတွင်းမှာ အကြိမ် ပေါင်းများဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားတိုင်းလည်း စစ်အာဏာရှင်တွေဟာ လက်နက်နဲ့ဖြေရှင်းခဲ့တာမို့ ပြည်သူလူထုဘက်က သွေးချောင်းစီးခဲ့ရပါတယ်။

အဲဒီလို စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ အရေးအခင်းတွေထဲမှာမှ ကျောင်းသားပြည်သူရဟန်းသံဃာ အလုံးစုံပါဝင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့တော်လှန်ရေးလှိုင်းအကြီးဆုံးကတော့ ၈ ရက် ၈ လ ၁၉၈၈ မှာဖြစ်ပွားခဲ့တဲ့ ၈၈၈၈ လူထု အရေးတော်ပုံကြီးဖြစ်ပါတယ်။

လာမယ့်သြဂုတ်လ ၈ ရက်နေ့ဆို အဆိုပါ လူထုအရေးတော်ပုံကြီးဟာ နှစ်ပေါင်း ၃ဝ ပြည့်ပြီဖြစ်ပါတယ်။ ၈၈၈၈ လူထုအရေး တော်ပုံကြီး နှစ် ၃ဝပြည့်အထိမ်းအမှတ်အဖြစ် ကဗျာဆရာ၊ စာရေးဆရာ၊ အနုပညာရှင်တို့ရဲ့အမှတ်တရစကားသံများကို မိုးမခဝိုင်းတော်သား K ငြိမ်းချမ်းက မေးမြန်းကာ စုစည်းဖော်ပြလိုက်ပါတယ်။

နေဦးဝေ
ရှစ်ဆယ်ရှစ်ရဲ့အမွေ
ဆေးခွက်မှောက်ကျ
အကျည်းတန်ရ
တပိုင်းတစ ပန်းချီကား။

ဒီပန်းချီကား
အမှောင်ကြားမှာ
ပစ်မထားပါနဲ့။
facebook တွေ media တွေ
စတိတ်ခုံတွေ ဗီဒီယိုတွေ
ကားဂိတ်တွေ ဈေးထိပ်တွေ
စက်ရုံတွေ လယ်ကွင်းတွေ
ကျေးလက်တွေ မြို့ပြတွေ
မြေပြန့်တွေ တောင်တန်းတွေအနှံ့
စာသင်ခန်းကနေ အလုပ်ခွင်တွေအထိ
မီးဖိုချောင်ကနေ ကတုတ်ကျင်းတွေအထိ
ဆိုက်ကားသမားကနေ သစ်ခုတ်သမားတွေအထိ
မူလပိုင်ရှင်
ကုဋေကုဋာ လက်တွေဆီ
အရောက်ပို့လိုက်စမ်းပါ။

မိုးသောက်ပန်းခင်း
ရွှေရောင်ဝင်းနဲ့ အံ့ဖွယ်မူမူး
အာရုဏ်ဦး ပန်းချီကားတချပ်
မုချဆတ်ဆတ် ရစေမယ်။

မင်းကိုနိုင်
ကျေးဇူးတင်ပါတယ်။

ကိုဒြပ်
အပြောင်းအလဲတစ်ခုဟာ သွေးစွန်းမှ ပြောင်းလဲမှာဆိုရင် မစွန်းချင်ပေမယ့် မဖြစ်မနေ သွေးဟာ စွန်းပေးရပါတယ်။ 8888 ဟာလည်း ဒီလိုဖြစ်ခဲ့ရပါတယ်။

မောင်လင်းရိပ်
နှစ် ၃ဝ မှာ ပြန်ကြည့်လိုက်တော့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ ခရီးက အဆုံးမသတ်သေးတာ သတိပြုမိကြမှာပါပဲ။ စစ်အာဏာရဲ့ သင်္ကေတ စစ်ဖိနပ်တစ်ဖက်ဟာ နိုင်ငံတော် အိမ်ဦးခန်းမှာ တည်နေတုန်း၊ ရပ်နေတုန်း။ ပိုသိမ်မွေ့တဲ့ တော် လှန်ရုန်းကန်မှုနဲ့ ဆက်သွားကြရဦးမှာပါ။ ကျောချင်းကပ်ထားကြရမယ့် အချိန်တွေက မဆုံးနိုင်သေးပါ။

ခင်အောင်ဝင့်
ရှစ်လေးလုံးဆိုတာ ကိန်းဂဏန်းတွေမဟုတ်ဘူး။ ပြည်သူတွေရဲ့ရင်ခေါင်းသံတွေ။ သွေးတွေ မျက်ရည်တွေ ဝိညာဉ်တွေနဲ့ ပေါင်းစုနယ်ထားတဲ့ တော်လှန်ရေးအစိုင်အခဲကြီးပါ။ အိပ်မက်ပုံဆောင်ခဲ မဟုတ်ဘူး။

စိုးဘားဒိုင်
၈၈၈၈ အရေးတော်ပုံဟာလူထုတစ်ရပ်လုံးရဲ့ဆန္ဒသဘောထားတွေကိုစိတ်တူ အသံတူ ဖွင့်ဖော်ခဲ့တဲ့မြန်မာ့သမိုင်းဝင် နိုင်ငံ သူ နိုင်ငံသားအားလုံးကို ကိုယ်စားပြုခဲ့တဲ့အရေးတော်ပုံဖြစ်တယ်။

မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးနဲ့ ပတ်သက်နေတဲ့အရေးကြီးသော ခေတ်ပြောင်းတော်လှန်ရေးတပ်လှန့်ပွဲကြီးလည်းဖြစ်ပါတယ်။

ပေးဆပ်လိုက်ရတဲ့အသက်၊သွေးများစွာကလည်း နိုင်ငံသူနိုင်ငံသားတွေရဲ့ပြတ်သားတဲ့သဘောထားကို ထင်ထင်လင်းလင်းဖော်ပြခဲ့တာဖြစ်သလို၊ အာဏာရှင်တွေရဲ့ရက်စက်မှုအပေါင်းကို မှတ်တမ်းတင်ခဲ့ရတဲ့သာဓကလည်း ဖြစ်တယ်။

ဒီအရေးတော်ပုံက နိုင်ငံသူနိုင်ငံသားတွေဟာ သူတို့ ရင်ဆည်းခံနိုင်သလောက်ကို ခံနေကြပေမယ် မခံနိုင်တော့တဲ့ အချိန် ကာလကို ရောက်လာရင် ရင်ထဲသိမ်းဆည်းခံမျှကို ရင်ဖွင့်ဆန့်ကျင် ဆန္ဒထုတ်ဖော်တော်လှန်လာကြမှာပဲဆိုတဲ့သမိုင်း ကမ္ပည်းတင်ခဲ့တဲ့မော်ကွန်းလည်း ဖြစ်ပါတယ်။

၈၈၈၈ အရေးတော်ပုံကနေ သင်ခန်းစာတွေ အများအပြားရရှိနေမှာဖြစ်လို့ အစဉ်ထာဝရသတိရ၊ သတိချပ်သင့်တဲ့အရေးတော်ပုံဖြစ်ပါတယ်။

ချစ်ထွန်း

လက်နက်၊ အာဏာနဲ့ လူ့အသိတရား လွတ်ထွက်မှု အဆက်အစပ်မှာ ရှစ်ပူး အသိနဲ့ အမြဲသတိရှိကြဖို့ပါပဲ။

ညွှန့်လွင် (စက်မှုတက္ကသိုလ်)
၈ လေးလုံး လူထုအုံကြွမှုအရေးတော်ပုံကြီး နှစ် ၃ဝ ရှိပါပြီ။ အဲဒီတုန်းက ပြည်သူလူထုတရပ်လုံး ပါဝင်ခဲ့တာပါ။ တစ်ပါတီ အာဏာရှင်စနစ်ကို မကြိုက်မနှစ်သက်ဘဲ မုန်းတီးရွံရှာလို့ အားလုံးအုံကြွတော်လှန်ခဲ့ကြတာပါ။ လူပေါင်းမြောက်မြားစွာ သေ ကြေခဲ့ရပါတယ်။ အခု နှစ်သုံးဆယ် ကြာလာပြီဆိုတော့ လူတစ်ဆက် ရှိလာပါပြီ။ နောက်လူငယ်မျိုးဆက်ကို လူကြီးတွေက ၈ လေးလုံး အရေးတော်ပုံကြီးအကြောင်း ပြောပြရှင်းပြရပါမယ်။ မပြီးဆုံးသေး တဲ့သမိုင်းပေးတာဝန်တွေကို လူငယ်တွေနဲ့အတူ ဆက်လက်ထမ်းဆောင်ရမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

ဟာရီကိန်း
၈၈၈၈ တော်လှန်ရေးနေ့ဆိုတာ စစ်အာဏာရှင်နေဝင်းကို တိုင်းသူပြည်သားအားလုံး ညီညီညွတ်ညွတ်နဲ့ တော်လှန်ခဲ့တဲ့ နေ့ ထူးနေ့မြတ်ဖြစ်တယ်။ အခု ပြည်သူလိုလားခဲ့တဲ့ စစ်မှန်တဲ့ဒီမိုကရေစီ မရှိသေးပါဘူး။ ကျနော်တို့ တိုင်းရင်းသား ညီအကို မောင်နှမအားလုံး လက်တွဲညီညီနဲ့ အမြစ်မပြတ်သေးတဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို ဆက်လက်တိုက်ပွဲဝင်ဖို့ တိုက်တွန်းနှိုး ဆော်အပ်ပါတယ်။

ကိုထက် (ရေဦး)

၈ ရက် ၈ လ ၈၈ က လူထုအရေးတော်ပုံကြီးပွင့်ထွက်လာခဲ့တာ ခုဆိုနှစ်သုံးဆယ်ပြည့်ခဲ့ပြီ။ ပေးလိုက်ရတဲ့ ဘဝတွေ ကျသွား ခဲ့ရတဲ့သွေးတွေ ပျောက်သွားခဲ့ရတဲ့အိပ်မက်တွေ ရှုမကောင်းမြင်မကောင်းအောင် ဒုနဲ့ဒေး တွေးတိုင်း ရင်နာစရာတွေးတိုင်း ထိတ်လန့်စရာ။ ဒီအရာတွေ ဒီအဖြစ်တွေ မနေ့တစ်နေ့ကလို ခုချိန်ထိ ဆက်သွားစရာပန်းတိုင်နဲ့ ဆက်လုပ်စရာ အလုပ်တွေနဲ့ လမ်းက ကြမ်းပါတယ်။ ရောက်အောင် ဆက်လှမ်းရုံမှ တပါးအခြားမရှိ ဆက်လက်ရုန်းကန် ကြပါဦးလို့ သာပြောပါရစေ၊ အားလုံးအတူ။

မော်မင်းသန်း
ရှစ်လေးလုံး အရေးတော်ပုံဟာ စစ်အာဏာရှင်ကို တလျှောက်လုံးဆန့်ကျင်လာတဲ့ ရဟန်းရှင်လူ ကျောင်း သား ပြည်သူတွေရဲ့ တိုက်ပွဲတွေရဲ့ အဆက်ဖြစ်တယ်။ တနိင်လုံး အုံကြွခဲ့ကြတဲ့ အရေးတော်ပုံကြီးကို ကိုယ်တိုင်ပါဝင် ဖြတ် သန်းခဲ့ရတဲ့အတွက် ဂုဏ်ယူမိတယ်။ ရှစ်လေးလုံးဟာ တိုင်းပြည်ကို အလှည့်အပြောင်း ဖြစ်ရုံသာမကဘူး။ လူပေါင်းများစွာ ဘဝပေါင်းများစွာကို လည်း ပြောင်းလဲစေခဲ့တယ်။ ရှစ်လေးလုံးတိုက်ပွဲရဲ့ အရှိန်အဟုန်နဲ့ သြဇာဟာ တိုင်းပြည်အပေါ်မှာ ခုချိန် အထိ သက်ရောက်  နေဆဲပါပဲ။ နှစ်သုံးဆယ်ကြာပေမယ့် မမေ့နိင်တဲ့သမိုင်း ရင်ခုန်သံတွေကတော့ ပူနွေးတဲ့သွေးတွေလို နွေးနေဆဲပါပဲ။
 

မောင်နန်းဝေ (ဗန်းမော်)
(ဝ) တွေ ပေါင်းစည်းပြီးတော့
(ထ) ကြတယ်။
(ထ) ပြီးမှ “ထူ” လိုက်ကြတော့
(8) ဖြစ်လာတယ်။
အဲ့ဒီ (8) တွေ
လက်မောင်းချင်းချိတ်တော့မှ
(8888) ရှစ်လေးလုံးပေါ်လာတာ။
(8888) ဆိုတာ
(ဝ) ရှစ်လုံးရဲ့ညီညွတ်မှုရလဒ်ပါပဲ။
ဒီ (8888) စိတ်ဓာတ်
အဓွန့်ရှည်ကြာ တည်တံ့နိုင်ပါစေ ။     ။

စံညိမ်းဦး

၁၈၈၅ ပါတော်မူပြီးနောက်ပိုင်း နိုင်ငံရေးနိုးကြားမှုများအစပြုခဲ့တဲ့ ၁၉ဝဝ ပြည့်နှစ်အလွန်များကနေ ယနေ့ထိ နယ်ချဲ့ဆန့်ကျင် ရေး ဖက်ဆစ်ဆန့်ကျင်ရေး လွတ်လပ်ရေး ဒီမိုကရေစီရေး စစ်အာဏာရှင်ဆန့်ကျင်ရေး တဖြတ်တဖြတ် အဆက်ဆက် သမိုင်းစဉ်မှာ ပြည်သူလူထုတရပ်လုံးရဲ့အထန်ပြင်းဆုံး အမြင့်မားဆုံးရောက်ရှိခဲ့တဲ့ အရေးတော်ပုံကြီး (၂) ရပ်ရှိခဲ့တယ်။

၁၃ဝဝပြည့်အရေးတော်ပုံကြီးနဲ့၁၃ဝဝပြည့်အရေးတော်ပုံရွှေရတုသမယမှာတိုက်ဆိုင်စွာပေါ်ပေါက်ခဲ့တဲ့ လှည်းနေလှေ အောင်း မြင်းဇောင်းမကျန်တိုက်ပွဲဝင်ခဲ့တဲ့ ရှစ်လေးလုံးပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးပါပဲ။

၁၉၆၂၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၈၈၊ ၁၉၉၆၊ ၁၉၉၉၊ ၂ဝဝ၇၊ ၂ဝ၁၅ စတဲ့ ဒီမိုကရေစီတိုက်ပွဲများအခန်းကဏ္ဍရဲ့ ပုံသဏ္ဍာန်မျိုး စုံထဲကမှ ၈၈၈၈ ကတော့ အမြင့်မားဆုံးရှိတဲ့ လုထုဒီရေမြင့်သစ်ပါပဲ။

၁၃ဝဝ ပြည့်စိတ်ဓါတ်၊ ၈၈၈၈ စိတ်ဓါတ်ဆိုတာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးဒီမိုကရေစီအရေးနဲ့ ပြည်သူ့လွတ် မြောက်ရေးတောင်းဆိုမှုအခြေခံတွေကနေလာတာမို့ မကွယ်ပျောက်စကောင်း မမေ့စကောင်းတဲ့ နိုင်ငံရေး ပရမတ်တရား တခုလို့ ခံစားမိပါတယ်။ ညီညွတ်ရေးဆိုတာ ‘ဘာ’ ဆိုတာကို မီးမောင်းထိုးပြခဲ့တဲ့ အရေးတော်ပုံကြီးတရပ်လည်းဖြစ် ပါ တယ်။ ပြည်သူ့အာဏာအမှန်တကယ်တည်သောပြည်သူ့အစိုးရတရပ်ပေါ်ပေါက်ရေးဟာလည်း သမိုင်းပေးအသိအရ ပန်း တိုင်တရပ်လို့နားလည်ရင်း ကျနော်တို့ရဲ့ကဗျာဆရာ (ဆရာအုန်းမြင့်လှိုင်) ရဲ့စကားလေးကို ပြန်လည်တင်ပြအပ်ပါ တယ်။  ”ရှစ်လေးလုံးဆိုတာ တကယ်ဖြစ်ခဲ့တာဗျ”တဲ့။

အလင်းလက်
၈၈၈၈ ဖောက်ခဲ့တဲ့လမ်းဟာ အစတစ်ခုကိုပဲရောက်နေပါတယ်။ ဆက်သွားဖို့လိုနေပါသေးတယ်လို့ ယုံကြည် ပါတယ်။

တင်လတ်ကို

လူတန်းစာအလွှာပေါင်းစုံပါဝင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို လက်နက်မပါဘဲ ကြွေးကြော်သံတွေနဲ့ အောင်ပွှဲဆင် ဖြုတ်ချနိုင်ခဲ့ တဲ့ စိတ်ဓာတ်စွမ်းပကားကို ပြန်လည်အောက်မေ့မိကြရင်ကို စစ်အာဏာရှင်စနစ်ဟာ အခါခါသေဆုံးနေရမယ်လို့ မမှိတ်မသုန် ယုံကြည်သက်ဝင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts