K ငြိမ်းချမ်း သတင်းပဒေသာ

စိတ်ကူးချိုချို စာအုပ်တိုက် ၁၉ နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲ သြဂုတ်လ ၁ရက်နေ့


စိတ်ကူးချိုချို စာအုပ်တိုက် ၁၉ နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲ သြဂုတ်လ ၁ရက်နေ့
K (မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၈

စိတ်ကူးချိုချို စာအုပ်တိုက်ထူထောင်ခြင်း ၁၉ နှစ်ပြည့် အထိမ်းအမှတ် အထူးစာအုပ်ဈေးရောင်းပွဲတော်ကို နှစ်စဉ်ပြုလုပ် နေကျ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြားတောရလမ်း၊ အဏ္ဏဝါဓမ္မာရုံမှာ သြဂုတ်လ ၁ရက် ကနေ သြဂုတ်လ ၁၃ ရက်ထိ ရောင်းချသွားမယ်လို့သိရပါတယ်။

ရသစုံလင်တဲ့စာအုပ်မျိုးစုံကို အထူးလျှော့ဈေးနဲ့ ရက်သတ္တပတ်နှစ်ပတ်ကြာရောင်းချသွားမှာဖြစ်တယ်လို့သိရပြီး စာအုပ် ဈေးရောင်းပွဲတော်နဲ့ပတ်သက်ပြီး စိတ်ကူးချိုချို လူမှုကွန်ရက်စာမျက်နှာမှာ “စိတ်ကူးချိုချို စာအုပ်တိုက်ရဲ့ အမှတ်တရ စာအုပ်ဈေးရောင်းပွဲလေးကို လာမယ့် ဩဂုတ် ၁ (ဗုဒ္ဓဟူးနေ့) ကနေ ဩဂုတ် ၁၃ ရက် (တနင်္လာ) နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်ဘလမုခ်က ကြားတောရလမ်း၊ အဏ္ဏဝါဓမ္မာရုံမှာ နေ့စဉ် ၉းဝဝ နာရီ ကနေ ညနေ ၅း၃၀ ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ တစ်ဦးချင်းစာဖတ်ပရိသတ်များကို ၂၀ ရာခိုင်နှုန်း နဲ့ အရောင်းဆိုင်များနဲ့ စာကြည့်တိုက်များအတွက် ၃၅ ရာခိုင်နှုန်း လျှော့ရောင်းပေးမှာ ဖြစ်ပါတယ်။ မိတ်ဆွေ ဖြစ် စာဖတ်သူ အစီအစဉ်လည်း ခါတိုင်းလိုပဲ ပါဝင်နေမှာပါ။ ဟန်းမိတ်လက်ဆောင်များလည်း စီစဉ်ထားမှာ ဖြစ်ပါတယ်။ ၁၀၀၀ ဖိုး ၃ အုပ်ကနေ စလို့ ၅၀ ရာခိုင်နှုန်းလျှော့ စာအုပ်များလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်”” လို့ရေးသားပြောဆိုထားပါတယ်။

စိတ်ကူးချိုချိုစာအုပ်တိုက် ၁၉ နှစ်ပြည့်အတွက် အထူးအစီအစဉ်အနေနဲ့ စာရေးဆရာကြီး အောင်လင်း၏ ငြိမ်းနှင့်ဗေဒါ၊၊ ကမ္ဘောဇခင်လှိုင်၏ ဆေးပညာရှာခရီးသည်တစ်ဦး၏ မနားရသော ဘ၀ခရီးများပေါင်းချုပ်၊ ၀န်ကြီးချုပ်ဦးနု၏ လူထု အောင် သံ၊ သခင်ဘသောင်း- ဆရာဝန်ပါပဲ၊ သိပ္ပံမောင်ဝ-လှအုံးမယ်၊ သိန်းဖေမြင့်-ခေတ်သစ်ဆန်းပြီ၊ ဇ၀န- ရွှေဝါဆန်၊ ဇေယျ၏ တောကြီးမာယာ၊ ရွှေသဇင်-ဖူးတံချီ၊ ဥာဏ-ပီယဆေး၊ နုယဉ်၏ နုယဉ်ကလေးကဗျာပေါင်းချုပ်၊နတ်နွယ်၏ နှစ်ကြီးသမား၊ ဦးသော်ဇင်၏ ရာဇ၀င်ကျော် မြန်မာစစ်သည်တော်၊ ဒေါ်ရီကြိန် ၏ မြန်မာ့သားကောင်း၊ မောင်ထင်၏ လူလားမြောက်သော အရွယ်၊ ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းရာဇ၀င် (၂) အစရှိတဲ့စာအုပ်များကို ထည့်သွင်းရောင်းချသွားမယ်လို့လည်း သိရပါတယ်။

စိတ်ကူးချိုချိုစာအုပ်တိုက်ကို ကဗျာဆရာ၊ ပန်းချီဆရာ (ဦး)စန်းဦးမှ ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts