ရသဆောင်းပါးစုံ

မောင်မောင်ကျော် (၈၈) ● ပြန်လည်အမှတ်ရမိနေတဲ့ စာအုပ်အငှားဆိုင်တွေ

မောင်မောင်ကျော် (၈၈) ● ပြန်လည်အမှတ်ရမိနေတဲ့ စာအုပ်အငှားဆိုင်တွေ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၈

ဇာတိမြေသို့ပြန်ရောက်ခိုက်တွင်၊ စာအုပ်ဆိုင်များဖက်သို့ရောက်ဖြစ်ခဲ့သည့်နောက်ပိုင်း၊ ကျနော်တို့သိမှီခဲ့သည့်စာအုပ်အငှားဆိုင်များအကြောင်း အတွေးထဲပြန်ရောက်လာလေသည်။ စာအုပ်ဆိုင်များတွင် ခင်းကျင်းရောင်းချနေသော စာအုပ်အမျိုးအစားများကလည်းများပြားလှပြီး စာအုပ်အရေအတွက်ကလည်း စာအုပ်ပေါင်းထောင်သောင်းချီများလှသည်ဟု ထင်မိသည်။ မြင်မြင်သမျှ စာအုပ်အတော်များများကလည်း လိုချင်စရာတွေချည့်ဖြစ်နေတော့သည်။

“သြော် … ဒီလောက်များတဲ့စာအုပ်တွေ၊ ဟိုတခေတ်တုန်းကလို၊ ငှားဖတ်လို့ရတဲ့ဆိုင်တွေသာဆိုကောင်းမှာဟု တွေးမိသည်”

ယနေ့ခေတ်သည် စာအုပ်ဝယ်ဖတ်သောခေတ်ဖြစ်လေသည်။ စာအုပ်ငှားဖတ်သောခေတ်သည် အတိတ်ကာလတွင် ကျန်ရစ် ခဲ့လေပြီ။ စာအုပ်ဝယ်ဖတ်ကြသောခေတ်ဟုဆိုသော်လည်း စာအုပ်ထုတ်ဝေရေး လုပ်ကိုင်နေကြသော ကျွန်တော့်မိတ်ဆွေအ ပေါင်းအသင်းတချို့ဆိုလျှင် ၎င်းတို့၏လုပ်ငန်း လည်ပတ်ရှင်သန်ရေးအတွက် ရုန်းကန်ကြိုးစားနေကြရသည်ကို တွေ့ရလေ သည်။

“စာအုပ်ဝယ်ဖတ်နိုင်ကြတဲ့ခေတ်မှာ စာအုပ်တွေက ဘာလို့သိပ်ပြီးအဆင်မပြေကြတာလည်းဗျာ” ဟု စာအုပ်ထုတ်ရေးလုပ်ကိုင်နေသောမိတ်ဆွေတချို့ကို မေးကြည့်ဖူးသည်။ ထိုသူများ၏အသေးစိတ်ရှင်းပြမှုကြောင့် စာအုပ်ဝယ်ဖတ်သော ယနေ့ ခေတ်ကာလတွင် စာအုပ်ထုတ်အုပ်သူများ၏ အခက်အခဲများကို အတော်အတန်ပင် သဘောပေါက်နားလည်နိုင်ခဲ့လေသည်။ စာအုပ်ဝယ်ဖတ်ကြတဲ့ခေတ်ဆိုပေမယ့်၊ စာအုပ်အငှားဆိုင်ခေတ်က အသွင်တမျိုးနဲ့ ပြန်လာရင်ကောင်းမှာဗျာဟု မိတ်ဆွေ တချို့ကို ပြောဖြစ်ခဲ့သေးသည်။

ကျနော်တို့သည် မိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင်၊ နေ့စဉ်တွေ့ နေမြင်နေကြ အရေးကိစ္စများကို တွေ့နေကြမြင်နေကြဖြစ် သောကြောင့် သာမန်ထမင်းစားရေသောက် အရေးကိစ္စများအဖြစ်လောက်သာ သဘောထားတတ်ကြလေသည်။ ယနေ့စာ အုပ်ဝယ်ဖတ်သောခေတ်တွင် တခေတ်တခါတုန်းကရှိခဲ့၊ ထွန်းကားခဲ့ဖူးသောစာအုပ် အငှားဆိုင်များအကြောင်းကိုလည်း ထို သို့ပင် သဘောထားကောင်းထားကြပေလိမ့်မည်။

“အို … စာအုပ်ငှားတဲ့ဆိုင်က ဘာများထူးထူးဆန်းဆန်းရှိလို့လဲ” သဘောထားကောင်း ထားကြပေလိမ့်မည်။ ထိုသို့ အတွေး ရှိကြ၊ သဘောထားရှိကြသည်ကိုလည်း မှားသည်ဟု မပြောနိုင်ပေ။ ဤသည်မှာရှုဒေါင့်တမျိုးမှ မြင်ကြည့်သည့်အမြင်ဖြစ်ပေ သည်။ ကျနော်လည်း ထိုသို့သောအမြင်မျိုးရှိခဲ့ဖူးပါသည်။ သို့သော် ယခုအချိန်တွင် ထို့သို့သောအမြင်မရှိတော့ပါ။ စာအုပ် အငှားဆိုင်လုပ်ငန်းဆိုသည်မှာ မြန်မာပြည်၏လူမှုစီးပွားသမိုင်တွင် ကာလအတန်ကြာ တည်တံ့ထွန်းကားခဲ့ဖူးသော အငှား ဝန်ဆောင်မှုလုပ်ငန်းတမျိုးအဖြစ် သဘာထားတတ်လာခ်ျိန်တွင်၊ ထိုစာအုပ်အငှားဆိုင်များအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် လျှောက်တွေးဖြစ်ခဲ့လေသည်။

အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ တလည်တလည်ဆိုသောစကားသည်၊ အသစ်များကိုငြင်း ပယ်ခြင်းမဟုတ်ပေ။ လွမ်းလောက်စရာကောင်းသော၊ လွမ်းတသတသဖြစ်နေမိသော အဟောင်းကိုတမ်းတမိခြင်းကို ဆိုလို သည်ဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော်တို့ဖြတ်သန်းခဲ့ကြသော အတိတ်ကာလဆီမှ လွမ်းချင်စရာကောင်းသော အဟောင်းတို့ကိုလည်း တခါတရံတွင် လွမ်းမိကြပေလိမ့်မည်။ ထိုသို့သော လွမ်းမိလောက်စရာအကြောင်းအရာများထဲမှ၊ စာအုပ်အငှားဆိုင်များအကြောင်းပြန်တွေးရင်း၊ စာတပုဒ်အဖြစ် ချရေးကြည့်ဖြစ်ခဲ့လေသည်။

စာအုပ်အငှားဆိုင်ဆိုသည်မှာ စာပေမီဒီယာလောနှင့် ဆက်နွယ်နေသည့်ဝန်ဆောင်မှုလုပ်ငန်းတမျိုးဖြစ်လေသည်။ ထိုခေတ်အခါကစာအုပ်အငှားဆိုင်လုပ်ငန်းများသည် မိမိတို့ အငှားဆိုင်လုပ်ငန်းကိုနာမည်ကို စာပေဟုနာမည် တပ်လေ့ရှိကြလေ သည်။ ဥပမာ… ရွှေအင်းဝစာပေ၊ လမင်းတရာစာပေ၊ တကောင်းစာပေစသည်အားဖြင့် အမည်ပေးလေ့ရှိကြလေသည်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်းတချို့ကလည်း စာပေဆိုသောအသုံးအနှုန်းကို ၎င်းတို့၏ လုပ်ငန်းအမည်တွင်သုံးလေ့ရှိကြလေသည်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်းအများစုလည်း ထိုသို့သောစာပေဆိုသည့်စကားလုံးကို ၎င်းတို့၏လုပ်ငန်းအမည်တွင်သုံးစွဲ နေကြဆဲဖြစ်သည်ကို တွေ့ ရလေသည်။ ကျနော်နေထိုင်ကြီးပြင်းခဲ့ရာ တောင်ဥက္ကလာမြို့နယ်မှ စာအုပ်အငှားဆိုင်တခုဆို လျှင် သူတို့၏စာအုပ်အငှားဆိုင်နာမည်ကို အခြားသူများနှင့်မတူ၊ အနည်းဆန်းသစ်ထားသည်ကို အမှတ်ရနေမိသည်။ ၎င်း တို့က စာအုပ်အငှားဆိုင်နာမည်ကို “မြကန် စာပေဆက်ဆံရေး”ဟု အမည်ပေးထားလေသည်။ ထိုနာမည်ကို ကျနော် အလွန် သဘောကျမိပါသည်။ စာပေဆက်ဆံရေးဟုဆိုသည့်အတွက် စာအုပ်အငှားဆိုင်တို့၏ သဘောသဘာဝနှင့်လည်း ကိုက်ညီ လှလေသည်။ (ထိုစာအုပ်ဆိုင်ကလေးလည်း နဝတခေတ်တွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါသည်။ ထိုစာအုပ်ဆိုင်ကိုထူ ထောင်သူမှာ ဦးဌေးသွင်ဖြစ်ပါသည်။ နောင်အခါတွင် ပြည်သူ့တိုးတက်ရေးပါတီ၏ တောင်ဥက္ကလာပမြို့နယ်အတွင်းရေးမှူး)

အဘယ်ကြောင့်ဆိုသော်ထိုလုပ်ငန်း၏ထူးခြားသော စရိုက်လက္ခဏာသဘောသဘာဝအရ ရပ်ထဲရွာထဲမှ စာဖတ်ပရိသတ် ပြည်လူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုပြုရသော လူထုဆက်ဆံရေးနှင့်ယှဉ်တွဲနေသော စာပေမီဒီယာဝန်ဆောင်မှုတမျိုးဖြစ်လေသည်။ စာအုပ်အငှားဆိုင်ပိုင်ရှင်တို့သည် စာအုပ်ငှားသူစာဖတ်ပရိတ်သတ်၏ သဘောထားတုန့်ပြန်ချက်များကို အမြဲ လေ့လာနေကြသူများဖြစ်ကြပြီး၊ စာဖတ်သူပရိတ်ပြည်သူများ၏သဘောထားများ၊ ကိုမျက်ခြေမပြတ် သိရှိနားလည်သူများ လည်းဖြစ်ကြလေသည်။ အဘယ်ကြောင့်ပါနည်း .. တချိန်တုန်းက စာအုပ်အငှားဆိုင်များသည် လူနေထူထပ်သော ရန်ကုန် မြို့လယ်ရှိ လူနေရပ်ကွက်များမှသည် ဆင်ခြေဖုံးအရပ်များ၊ နယ်မြို့များရှိ ရပ်ကွက်၊ ကျေးရွာများအထိ၊ ဆိုင်အရွယ်အစား အကြီးအသေး စုံလင်လှပြီး၊ လူထုလူ လူတန်းစားအလွှာအသီးသီးမှ စာဖတ်သူပရိတ်သတ်အမျိုးမျိုးနှင့် ထိတွေ့ ဆက်ဆံ နေရသော လူမှုစီးပွားရေးဆိုင် ရာလုပ်ငန်းတမျိုးဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်ပါသည်။

ထိုခေတ်အခါကပြည်ထောင်စုမြန်မာနိုင်ငံတော်တဝန်းလုံးတွင် မြို့နယ်ပေါင်း ၄ဝဝ ခန့်ရှိသည့်အနက်၊ ဝေးလံခေါင် ဖျားဒေသများနှင့် စစ်ဖြစ်နေသောနေရာဒေသများမှလွဲ၍ မြို့နယ်ပေါင်း ၃ဝဝ ကျော်ခန့်တွင် စာအုပ်အငှားဆိုင်ပေါင်း ရာ ထောင်ချီ၍ရှိခဲ့ကြပါသည်။ ထိုသို့ ရာထောင်ချီများပြားလှသောစာအုပ်အငှားဆိုင်များမှ စာအုပ်ငှား၍ဖတ်ခဲ့ကြသော စာဖတ် သူအပေါင်းသည်လည်း ရာထောင်ထောင်သောင်း၊ သိန်းဂဏန်းချီပြီး များပြားခဲ့ကြပေသည်။ စာဖတ်သူများသည် လိုင်းစုံဖြစ် ပါသည်။ အပျော်ဖတ်စာအုပ်များကို ဖတ်သူများ၊ သုတ၊ ရသစာအုပ်များကို ဖတ်ရှုသူများ စသည်အားဖြင့် အကြမ်းဖျဉ်း မှတ်ယူနိုင်လေသည်။ အပျော်ဖတ်များတွင် ကလေးများဖတ်သည့်ကာတွန်းများ အပါအဝင် အလွန်ခေတ်စားခဲ့ဖူးသော သိုင်း ဝတ္ထုများအဆုံး စာအုပ်အမျိုးအစားအတော်များများ ပါဝင်ကြလေသည်။ သုတ၊ ရသများအပိုင်းတွင်လည်း အငှားဆိုင် တွင်အတင်များကြသည်မှာ ရသစာအုပ်များ၊ ရသစာများပါဝင်သော လစဉ်ထုတ်မဂ္ဂင်းများက အများစုဖြစ်ကြလေသည်။ သု တပိုင်းအနေဖြင့် မဂ္ဂဇင်းအချို့ အောင်မြင်ခဲ့ကြဖူးပါသည်။

စာအုပ်အငှားဆိုင်များရှိနေခဲ့ခြင်းသည်၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းများအတွက်လည်း အကျိုးရှိသည့်လုပ်ငန်းဖြစ်သကဲ့သို့လိုင်းစုံစာအုပ်များတွင်ပါဝင်ရေးသားကြသော စာဆိုအပေါင်း၏အယူဆအများ၊ အတွေးအခေါ် အလှအပများ စာဖတ်သူ ပရိ သတ်ဆီသို့ ပုံမှန်အစဉ်ဆက်မပြတ် စီးဆင်းနေခဲ့ပြီး၊ တနည်းအားဖြင့် စာရေးသူများနှင့် စာဖတ်ပရိသတ်တို့ အဆက်အသွယ် မပြတ်ခဲ့ကြ။ ထိုလုပ်ငန်းနှင့်ဆက်နွယ်ပြီး စာအုပ်မီဒီယာလုပ်ငန်းနှင့် ဆက်နွယ်နေသောအင်အာစုများ ပုံမှန်လည်ပတ်ရှင် သန်နေခဲ့ကြလေသည်။ သင်္ချာသဘောအရဆိုရသော် မျှခြေဖြစ်နေသည့်အနေအထားဟုပင် ဆိုရပေမည်။ ထိုစာအုပ်အငှားဆိုင်ဝန်ဆောင်မှုလုပ်ငန်းနှင့် ဆက်နွယ်နေသောအင်အားစုများက များလှပေသည်။ ထုတ်ဝေသူများ၊ စာရေးသူများ၊ ပန်းချီ ဒီဇိုင်းပညာရှင်များ၊ ဓါတ်ပုံဆရာများ၊ ဓါတ်ပုံသရုပ်ဆောင် မော်ဒယ်များ၊ ထိုမော်ဒယ်များအတွက် အလှပြင်ပေးသူများနှင့် ၄င်းတို့၏အလှပြင်ဆိုင်လုပ်ငန်းများ၊ ပုံနှိပ်စာမူအဖြစ်ရောက်ရှိလာရေးအတွက် အပိုင်းတွင်လည်း၊ အယ်ဒီတာအဖွဲ့ဝင်များ၊ ပုံနှိပ်ရေးအပိုင်းတွင်လည်း ဘလောက်တုံးလုပ်သူများ၊ ကာလာခွဲလုပ်ငန်းများအပါအဝင်၊ ပုံနှိပ်သူများမှအစ၊ စာအုပ်ချုပ် လုပ်ငန်းများအဆုံး အလုပ်အကိုင်များဖြစ်နေခဲ့ကြလေသည်။

ထိုမှသည်စာအုပ်အဖြစ်သို့ရောက်ရှိလာသည့်အခါတွင်လည်း၊ ဖြန့်ချိရေးကဏ္ဍနှင့်ဆက်နွယ်နေသောအင်အားစုများ၏ အ လုပ်ဖြစ်လာပြန်လေသည်။ ထိုစာအုပ်များ စာအုပ်အငှားဆိုင်များဆီသို့ရောက်သွားသည့်အခါတွင်လည်း စာအုပ်အငှား ဆိုင်များ အလုပ်ဖြစ်လာပြန်သည်။ စာဖတ်သူပရိသတ်အနေဖြင့်စာအုပ်များငှားခြင်း၏ အဓိကရည်ရွယ်ချက်မှာ စာအုပ်များကို အဖိုးအခသက်သာစွာဖြင့် ဖတ်ရှုနိုင်ရန်ဖြစ်သောကြောင့် စားသုံးသူ၏ လိုအင်ဆန္ဒပြည့်ဝကြလေသည်။ အမှတ်တရ သိမ်း ဆည်းလိုသောစာအုပ်များကိုသာလျှင် ဝယ်ယူသိမ်းဆည်းရန် လိုအပ်လေသည်။ စာအုပ်အငှားဆိုင်လုပ်ငန်းကဏ္ဍကြီး တစတစနှင့်ဆုတ်ယုတ်ကျဆုံးလာသည့်အခါ၊ ထိုလုပ်ငန်းကဏ္ဍကြီးနှင့် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဖြစ်နေသော စီးပွားရေး၊ အင် အားစုများလည်း ထိခိုက်လာကြလေသည်။ စာအုပ်အငှားဆိုင်ကဏ္ဍသည်လည်း ရာဇဝင်ထဲမှ၊ ကုန်ထုတ်လုပ်ငန်းတမျိုးဖြစ်လာလေသည်။

အဟောင်းတို့ချုပ်ငြိမ်းပြီး အသစ်တို့ပေါ်ထွန်းလာကြသည့် သဘာဝနိယာမရှိသော်လည်း၊ ရာဇဝင်ဘီးတပတ်ပြန်လည်တတ်သည့်သဘောကိုလည်း အထူးသတိရမိသည့်အတွက်၊ ရာဇဝင်ဘီးကလေးများတပတ်ပြန်လည်သည်ရှိခဲ့သော်ဆိုသည့် အ တွေးစ၏လမ်းကြောင်းကို လိုက်ပါခံစားတွေးတောရင်း စာအုပ်အငှားဆိုင်လုပ်ငန်းအသွင်သစ်များဖြစ်နိုင်ချေရှိမှုကိုလည်း တွေးမိသည်။ ကျနော်တို့တွေ့ ကြုံခဲ့မှီခဲ့ဖြတ်သန်းခဲ့ဖူးသော စာအုပ်အငှားဆိုင်လုပ်ငန်းသည် ဝန်ဆောင်မှုလုပ်ငန်းထုတ်ကုန်တမျိုးဖြစ်သောကြောင့်၊ ပြောင်းလဲလာသောလူမှုရေးနိုင်ငံရေး၊ စီးပွားရေး ခေတ်စနစ်များတွင်စားသုံးသူတမျိုးဖြစ်သော စာ ဖတ်ပရိသတ်များသည်လည်း ကုန်ပစ္စည်းအသစ်များ (သို့မဟုတ်) ပို၍ဆန်းသစ်သောဝန်ဆောင်မှုများကို ပို၍စိတ်ဝင်တစားရှိခဲ့ကြပေလိမ့်မည်။ ထို့ကြောင့် ကုန်ထုတ်အင်အားစုများအနေဖြင့်လည်း မိမိတို့ထုတ်ကုန်ကိုဝန်ဆောင်မှုပိုင်းဆိုင်ရာများကို ပြင်ဆင်မှုများလုပ်၍ ပရိတ်သတ်များကိုစွဲဆောင်မှုပြု၍ အရောင်းအဝယ်ပုံစံအသစ်ဖြစ်စေရန် ကြိုးပမ်းအားထုတ်ကြရပေ လိမ့်မည်ဟု ကျနော်ယူဆပါသည်။  ဥပမာ….စာဖတ်သူတိုင်းသည် ကျပ်ငွေတထောင်၊ နှစ်ထောင်မှစပြီး၊ ကျပ်ငွေထောင် ဂဏန်း၊ သောင်းဂဏန်း တန်ဖိုးများရှိသောစာအုပ်များကို လူတိုင်းမဝယ်နိုင်ကြပါ။ ဝယ်နိုင်သူများကလည်း များစွာမဝယ်နိုင်ကြ ပါ။ အချို့စာဖတ်လို ပြီးအပိုင်ဝယ်ယူရန် အခက်အခဲရှိသောစာဖတ်သူများအတွက်၊ အသွင်သစ်၊ ဝန်ဆောင်မှုပုံစံအသစ်များဖြင့် အထူးစီ ရင်ဖန်တီးထားသောစတိုင်အသစ်တမျိုးဖြင့် ပြန်လည်၍ပွဲတိုးကြမည်ဆိုလျှင်ဆိုသည့်အတွေးလည်း ဖြစ်မိပါသည်။

စာရေးခြင်းသည်အသိပညာမျှဝေပေးခြင်းတမျိုးဖြစ်ပြီး၊ မွန်မြတ်သည့်အလုပ်တမျိုးဖြစ်လေသည်။ ထိုသို့သော မွန်မြတ်သည့် အလုပ်ဖြင့် စာဖတ်ပရိသတ် ပြည်သူသန်းပေါင်းများစွာကို ကာလကြာရှည်စွာ အလုပ်အကျွေးပြုခဲ့သည့် စာပေအနုပညာရှင် များနှင့် ၎င်းတို့၏ လူမှုစီးပွား၊ နိုင်ငံရေးအသိုင်းအဝန်းဆိုသည်မှာ တနည်းဆိုရသော် မြန်မာ့စာပေမီဒီယာစစ်မျက်နှာမှ လူချွန် လူကောင်းများဖြစ်ကြလေသည်။ ထိုလောကထဲတွင် ကျနော်၏ မိတ်ဆွေများ၊ မြင်ဆရာ၊ ကြားဆရာများ၊ များစွာရှိကြပါ သည်။ ထိုလူတော်များသည်၊ စာအုပ်အငှားဆိုင် (သို့မဟုတ်) ထိုလုပ်ငန်းသဘောသဘာဝကို အခြေခံသည့် မီဒီယာဝန် ဆောင်မှုလုပ်ငန်းတခေတ်ကို ထူထောင်ကြမည်ဆိုသော် အတိုင်းထက်အလွန် ဝမ်းသာစရာဖြစ်မည်ဟုတွေးရင်း၊ ကံ့ကော် မြေမှ ချောင်ကျကျလက်ဘက်ရည်ဆိုင်တဆိုင်၏ အတွင်းပိုင်းချောင်ကျကျစားပွဲတခုတွင်၊ လက်ဘက်ရည်တခွက်မှာ သောက်ရင်း ဆိုင်မှငှားလာသော ဝတ္ထုစာအုပ် တအုပ်ကို ဇိမ်နှင့်ထိုင်ဖတ်ခဲ့ဖူးသည့် အတိတ်ကာလအချိန်တချို့ကို လွမ်း လွမ်းဆွေးဆွေး ပြန်လည်အမှတ်ရလာမိခဲ့လေသည်။

မောင်မောင်ကျော် (၈၈)
မေလ ၅ ရက်၊ အေဒီ ၂ဝ၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts