ရသဆောင်းပါးစုံ

ခင်မျိုးချစ် ● လိုတရမယ်ဆိုရင်

ခင်မျိုးချစ် ● လိုတရမယ်ဆိုရင်
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၈

Stories and Sketches of Myanmar ထဲမှ Make a Wish ဆောင်းပါးကို ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) က ဘာသာပြန်သည်။

 


အကယ်၍များ နတ်သမီးပုံပြင်များထဲကကဲ့သို့ အရင်ဘဝက အမေဖြစ်ခဲ့ဖူးသော နတ်သမီးကပေါ်လာပြီး ”ဘာလိုချင်သလဲ လို ချင်တာရစေရမယ်” ဟုပြောခဲ့လျှင် ကျွန်မက ဘာဆုတောင်းရမယ်ဆိုတာကို သိပါတယ်။

”အို…လိုတရနတ်သမီး ကျွန်မလိုချင်တာပြောရရင် အိမ်မှာ ရှိတဲ့အခန်းတိုင်းရဲ့ထောင့်တိုင်းမှာ ဖုန်တွေအလိမ်းလိမ်းနဲ့စက္ကူစုတ် တွေ ရှုပ်ပွနေပြီး ပိုးအိမ်တွေကလည်း ပြည့်နေပါစေ။ နောက်ပြီး မီးဖိုထဲမှာလည်း ဆေးစရာပန်းကန်တွေတောင်လိုပုံနေပါစေ။ ဒါတွေမကသေးဘူး။ မတိုက်ရသေးတဲ့ အိုးတွေ၊ ဒယ်အိုးတွေကလည်း ပြည့်နေပါစေ။ အချုပ်ပြောရရင် ချက်ချင်းလုပ် ရမည့် မပြီးသေးတဲ့အလုပ်တွေကလည်း ထောင်ချီနေပါစေ။ ဒီလိုကြားထဲမှာ ကျွန်မဟာ ဘာကိုမှဂရုမစိုက်ဘဲ စာထိုင်ရေးနေ နိုင်ပါစေ”

ထိုအခါ ကျွန်မ၏ဆုတောင်းကိုကြားသူများသည် မေးချင် မေးပါလိမ့်မည်။ အိမ်တစ်အိမ်လုံးက သန့်ရှင်းပြီး ဘာမှအပူအပင် မရှိဘဲ စာထိုင်ရေးနိုင်ပါစေဟု ဆုမတောင်းဘူးလား။ ထိုအခါ ကျွန်မက အခုလိုပြန်ဖြေချင်ပါသည်။ အိမ်မှာ အရာရာကိုပြီးစီး အောင်ဘာမှမကျန်အောင်လုပ်ပြီးတော့မှ စာထိုင်ရေးရသောဘဝသည် ဘာမှအဓိပ္ပာယ်မရှိပါ။ ကျွန်မလိုချင်တမ်းတသော အရာမှာ အိမ်မှာဘာတွေပဲဖြစ်နေဖြစ်နေ ဘာကိုမှဂရုမစိုက်ဘဲထိုင်ပြီး စာရေး နိုင်တဲ့အခြေအနေမျိုး၊ စိတ်ဓာတ်မျိုးဖြစ်ပါသည်။
အိမ်ဆိုသည့်အတိုင်း အိမ်အလုပ်တွေ အမြဲရှိနေပါသည်။ ကျွန်မလိုချင်သောအရာမှာ အိမ်အလုပ်တွေက ကူညီပေးမည့်သူ မဟုတ်ပါ။ ”ဒီအိမ်အလုပ်တွေဖြစ်ချင်ရာဖြစ်၊ သွားစမ်း”ဟု ပြော လိုက်နိုင်သော စိတ်ဓာတ်မျိုးဖြစ်ပါသည်။ အခုအခြေအနေကို သုံးသပ်ကြည့်မည်ဆိုလျှင် ကျွန်မသည် အလွန်တာဝန်ကျေလွန်းသော အိမ်ရှင်မဖြစ်နေသောကြောင့် စာရေးဆရာကောင်း မဖြစ်နိုင်သလို စာရေးသည့်အလုပ်ကို မြတ်နိုးလွန်းသောကြောင့် အိမ်ရှင်မကောင်း မဖြစ်နိုင်။ ဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်မ၏အဖြစ် ကို ပြောရလျှင် အိမ်ရှင်မကောင်းလည်းမဟုတ်၊ အလုပ်ဟူ၍ ဘာကိုမှ မည်မည်ရရမလုပ်နိုင်၊ ဒါကြောင့် ဘယ်ကပဲကြည့်လိုက် ကြည့်လိုက် ဘယ်ဟာမှ ကောင်းတာမရှိ။ အပြစ်တွေချည်းပဲဟု ဆိုရပါမည်။

ကျွန်မအပေါ် ကောင်းကျိုးကိုလိုလားကာ မိတ်ဆွေများက ပြောကြပါမည်။

”မင်းဖတ်နေတဲ့ မဂ္ဂဇင်းတွေထဲမှာ တွေ့ဖူးမှာပါ။ အရာရာမှ အလုပ်သက်သာတဲ့ မီးဖိုချောင်မျိုးတွေရဲ့ဓာတ်ပုံကြော်ငြာတွေ” သူတို့ရဲ့ စေတနာကို လေးစားသော်လည်း ကျွန်မကတော့ ငြင်းရမည်ဖြစ်ပါသည်။ ဘာကြောင့်ပါလဲ။ ဒါမျိုးကို တမ်းတခြင်း သည် ကူလီတစ်ယောက်၏ အလိုဆန္ဒနှင့်ပတ်သက်သော ပုံပြင်ကဲ့သို့ ဖြစ်နေပါသည်။ ဒီအကြောင်းကို ကြားဖူးပြီး ဖြစ်နေ လျှင်တော့ တောင်းပန်ပါတယ်။

အဖြစ်အပျက်ကတော့ ဒီလိုပါ။
ရှေးသရောအခါက ကူလီတစ်ယောက်ရှိသည်။ သူသည် ဈေးတွင် အလုပ်လုပ်သည်။ ဈေးဝယ်သူများသည် သူ့ကိုပစ္စည်းများ သယ်ခိုင်းလေ့ရှိသည်။ သူကလည်း ထိုအလုပ်ကို ပျော်ရွှင်စွာလုပ်သည်။ လူတိုင်းက သူ့ကိုချစ်ခင်ကြပြီး သူ့ကိုမောင်ပျော် ဟုခေါ်ကြသည်။

မောင်ပျော်သည် အလွန်သဘောကောင်းသည်။ လူကြီး လူရွယ်များအတွက် အခကြေးငွေမယူဘဲ ပစ္စည်းများကို သယ်ပေး သည်။ အခကြေးငွေမပေးနိုင်သော ဆင်းရဲသားများအတွက်လည်း ပစ္စည်းများကို သယ်ပေးသည်။ ကလေးမိခင်များအတွက် လည်း ပစ္စည်းများအတွက်လည်း မောင်ပျော်သည် မရှိမဖြစ်လိုအပ်သည်။

မောင်ပျော်တွင် ဝါးဖြင့်ပြုလုပ်သော ထမ်းပိုးတစ်ခုရှိသည်။ ထိုထမ်းပိုး၏ ဟိုဘက်ဒီဘက်တွင် အထုပ်တစ်ခုစီကို တွဲလောင်း ချိတ်၍ ပခုံးပေါ်ထမ်းလေ့ရှိသည်။ တစ်ခါတစ်ရံတွင် အိပ်နေသောကလေးကို ထမ်းပိုး၏တစ်ဖက်တွင်တင်၍ နောက်တစ်ဖက် တွင် အထုပ်တစ်ခုကိုချိတ်ဆွဲ၍ ထမ်းခြင်းအားဖြင့် ကလေးအမေလည်း သက်သာခွင့်ရသည်။ အချို့ကလေးများကလည်း ဤကဲ့သို့လိုက် ၍ စီးရခြင်းကိုပျော်ကြသည်။

မောင်ပျော်၏ မျက်နှာသည် အမြဲတမ်းပြုံးနေတတ်သည်။ သီချင်းလေးတအေးအေးလည်း ဆိုနေတတ်သည်။ သို့သော်လည်း သူ၏ကိုယ်ခန္ဓာအထူးသဖြင့် ပခုံးသည် တော်တော်ဒဏ်ခံနေရသည်။

ရက်များ၊ အပတ်များ၊ လများ၊ နှစ်များကြာလာသောအခါ သူ့ပခုံးသည် အသားမာများဖြစ်လာသည်။

မောင်ပျော်သည် မညည်းညူဘဲပြုံးပြုံးလေး သီချင်းတအေး အေးဖြင့် အလုပ်လုပ်သည်။ သူကပြောသည်။ ”ဒီအခြေအနေဟာ အမြဲတမ်း ဒီလိုပဲမနေနိုင်ပါဘူး။ နတ်တို့ကို အစိုးရတဲ့သိကြားမင်း ဟာ ဒီအခြေအနေကို ကြာရှည်ကြည့်နေမှာ မဟုတ်ပါဘူး။ သူ့တာဝန်က ဆင်းရဲတဲ့လူတွေကို စောင့်ရှောက်ဖို့ပဲ။ တစ်နေ့ကျရင် သူပန္တုကမ္ပလာတင်းလာတဲ့အခါမှာ သူ့တာဝန်ကို သတိ ရမှာပါ”

မောင်ပျော်က ယုံကြည်သည်မှာ သာမန်အားဖြင့် သိကြားမင်း၏ပန္တုကမ္ပလာသည် အလွန်နူးညံ့ပျော့ပျောင်းသောကြောင့် သူ ထိုင်လိုက်လျှင် သူ့ခါးအထိ မြှုပ်သွားသည်။ သို့သော် သူ၏တာဝန် များကို မေ့လျော့နေသောအခါတွင် ထိုပန္တုကမ္ပလာသည် ကျောက် ဖျာကဲ့သို့ တင်းမာနေသည်။ ထိုအခါတွင်သူသည် လူ့ပြည်က တစ်ယောက်ယောက်ကို ကူညီရတော့မည်ကိုသိသည်။
မောင်ပျော် ယုံကြည်သည့်အတိုင်း သိကြားမင်းသည် သူ့ရှေ့ သို့ရောက်လာပြီး ”ကိုင်း…မောင်ပျော်၊ လိုရာဆုတောင်းပေ တော့”ဟု ဆိုသည်။

မောင်ပျော်က ”ကျွန်တော်လိုချင်တာကတော့ အလွန်ပျော့ ပျောင်းတဲ့ ကတ္တီပါစနဲ့ဖုံးထားတဲ့ ခေါင်းအုံးလေးဖြစ်ပါတယ် အရှင် သိကြားမင်း” ဟု ပြန်ဖြေလိုက်သည်။

”မောင်မင်းလိုချင်တာ ဒါပဲလား”ဟု သိကြားမင်းကမေးသော် မောင်ပျော်က ဤကဲ့သို့ ပြန်ဖြေလိုက်သည်။

”ဟုတ်ပါတယ် အရှင်သိကြားမင်း။ ကျွန်တော်ထမ်းပိုးကို ပခုံးပေါ်မှရွက်တဲ့အခါမှာ သက်သာဖို့ဖြစ်ပါတယ်”

ခင်မျိုးချစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts