ဂျုနီယာဝင်း အတွေးအမြင်

ဂျူနီယာဝင်း – သတင်းဖြစ်ပွားမူများ

ဂျူနီယာဝင်း – သတင်းဖြစ်ပွားမူများ
(အတွေးအမြင်မဂ္ဂဇင်း၊ ဇူလိုင် ၂၀၁၈) မိုးမခ၊ ဇူလိုင် ၈၊ ၂၀၁၈

(James Glen Stovell (ဂျိမ်းစ် ဂလန် စတိုဗယ်) ရဲ့”Journalism“ (သတင်းစာပညာ) လို့အမည်ပေးထားတဲ့ စာအုပ်က အပိုင်းတချူိ့ကို သင့်လျော်သလို ဘာသာပြန်တင်ပြထားတာပါ။ သူ့ရဲ့အာဘော်အတိုင်း ဘာသာပြန်ထားသောလည်း စာရေးသူဖြည့်စွက်ထားတာတွေကို ကွင်းစကွင်းပိတ်နဲ့ လုပ်ပေးထားပါတယ်။)

(သည်နေရာမှာ သူက သတင်းတွေဖြစ်ပွားမူ တွေကို တပိုင်းစီ ရှင်းသွားတာ ဖြစ်ပါတယ်။ သတင်းတစ်ခုဖြစ်တယ်၊ တစ်ခုခု ဖြစ်တယ် ဆိုပါတော့တဲ့။ ဒါကို သတင်းလို့သတ်မှတ်မယ် မသတ်မှတ်ဘူး။ ဘယ်လိုအရာမျိုးကို သတင်းပုံစံဝင်တယ် စသည်ဖြင့်ကို သူက ရှင်းပြသွားတာပါ။ တခါတရံမှာ လူတွေက အချက်အလက်မှန်သမျှ တင်ပြနိုင်သမျှကို သတင်းလို့ယူဆကြပါတယ်တဲ့။ ဒါကို သူ့စာအုပ်မှာ ထပ်ခါတလဲလဲ ရေးသွားပါတယ်။ အချက်အလက်တင်ပြတိုင်း သတင်းမဟုတ်တဲ့ အကြောင်းများကို ဂျိမ်းစ် က အခုလို ပြန်ရှင်းပြထားတာပါ။)

သတင်းဖြစ်ခြင်း – အဖြစ်အပျက်တစ်ခု။ အဲသည်ထဲမှာ လူအနည်းငယ် ပါဝင်ပတ်သက်နေတယ်၊ နောက်ဆက်တွဲ အကျိုးဆက်တွေက တဖြေးဖြေး နယ်ချဲု့လာပီ ဆိုပါတော့။ ဥပမာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က အခွန်တွေ တိုးကောက်ဖို့ အဆိုတင်သွင်းတယ်။ သုတေသနပညာရှင်တစ်ယောက်က ကင်ဆာပျောက်စေတဲ့ ဆေးကို တွေ့ရှိတယ်။ အဲသည် အဆိုနှစ်ခု အဖြစ်၂ခုစလုံးဟာ လူတွေ တော်တော်များများနဲ့ သက်ဆိုင်နေတယ်၊ ပတ်သက်နေတယ်။ အဲသည်အခြေအနေ၂ရပ် စလုံးဟာ တကယ့်ကို လူကြိုက်များမယ့် အကြောင်းအရာဖြစ်လာတယ်၊ ဒါကို စဉ်းစားသင့်တဲ့ သတင်းတစ်ပုဒ်အဖြစ် သတ်မှတ်ပါမယ်။

အချိန် – အကြောင်းအရာအဖြစ်အပျက်တိုင်းအတွက် ဖြစ်ပွားတဲ့အချိန်ဟာသိပ်ကို အရေးကြီးပါတယ်။ အချိန်သည် တန်ဖိုးလို့ ဆိုရမှာပါ။ အထူးသဖြင့် အခုကိုဖြစ်လိုက်တာ ဆိုတဲ့ အချိန်ဟာ တန်ဖိုးအရှိဆုံးပေါ့။ အချိန်က သိပ်ကိုကြာသွားပီဆိုတာမျိုးဟာ သတင်းလို့ကို မစဉ်းစားတော့ဘူး။ ဥပမာ – မနှစ်က ပြုလုပ်ခဲ့တယ် ဆိုတဲ့ တရားခွင် ဟာသတင်းမဟုတ်ပါဘူး။ အခုကို လုပ်နေဆဲ တရားခွင်ကမှ သတင်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် အချိန်ဘယ်လောက်ကြာကြာက အဖြစ်တွေကို သတင်းလို့မသတ်မှတ် တာလဲ လို့မေးရင်တော့ အဲသည်အတွက် အဖြေမရှိဘူး။ အဖြစ်အပျက်တိုင်းအတွက် တထစ်ချ ပြောလို့မရဘူး။ အဖြစ်အပျက် တော်တော်များများဟာ တစ်ရက် သို့မဟုတ် ရက်တစ်ဝက်လောက် ကြာသွားပီဆိုရင် သတင်းလို့ သိပ်ပြောလို့မရတော့ဘူး။ —-ဒီနေ့သတင်းစာကို လှန်ကြည့်လိုက်ပါ။ အကယ်၍ လွန်ခဲ့တဲ့ ၂ ရက်လောက်က အဖြစ်အပျက်ကို ရေးထားတာ ဆိုရင် အဲဒါ သတင်းမဟုတ်ပါဘူး။

ထင်ရှားတဲ့ဖြစ်စဉ်၊ ထင်ရှားတဲ့ပုဂ္ဂိုလ်များ – ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက တစ်ခုခု လုပ်တယ်၊ အကြောင်းအရာတွေ များစွာ ပါဝင်ပတ်သက်တယ် ဆိုရင် အဲဒါတွေကို သတင်းလုပ်လို့ရတယ်။ ဥပမာ အမေရိကန်သမတအကြောင်း ဆိုရင် ဘာဖြစ်ဖြစ် သတင်းဖြစ်နေတယ်။ သူက ခရီးထွက်ရင်ဖြစ်ဖြစ်၊ သူ့ကိုယ်ရေးကိုယ်တာ ကိစ္စတောင်မှ သတင်းလုပ်လို့ရတယ်။ သူ့ရဲ့လှူပ်ရှားမူတွေ အားလုံးဟာ သတင်းမီဒီယာတွေရဲ့ စာမျက်နှာတွေမှာ အသေးစိတ်ကို ရေးသားပြီး သတင်းရေးလို့ရတယ်။ ဟုတ်ပါတယ် သမ္မတ က ထင်ရှားတဲ့သူ၊ အရေးပါတဲ့ သူကိုး။ သူဘာလုပ်လုပ် လူတွေက သိပ်ကို စိတ်ဝင်စားနေကြတယ်။ သမ္မတမှ မဟုတ်ပါဘူး။ တခြားထင်ရှားတဲ့သူတွေဟာလည်း သတင်းတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ ရုပ်ရှင်စတားတွေ၊ နံမယ်ကြီး နိုင်ငံေ၇းသမားတွေ၊ ထင်ရှားတဲ့ ရှေ့နေတို့ ဘာတို့အပါအ၀င်ပေါ့။ သူတို့ဟာလည်း လူသိများတဲ့သူတွေမို့ သူတို့အကြောင်းတွေဟာ လူတွေဖတ်ချင်စရာ သတင်းတွေ အများကြီး ရေးလို့ရပါတယ်။

အနီးကပ်ဆုံး – ကိုယ့်အိမ်အနီးအနားမှာ ဖြစ်တဲ့ အဖြစ်အပျက်ဟာ တခြားဒေသတွေမှာ ဖြစ်တဲ့ အဖြစ်အပျက်တွေထက် ပိုပြီး သတင်းဖြစ်ပါတယ် (လို့ဆိုပါတယ်။) ဥပမာ – သင့်အိမ်နားက တောလမ်းလေးတစ်ခုမှာ ကားတစ်စင်းက လူ၂ယောက်ကို အသေတိုက်သွားတယ် ဆိုပါတော့။ ဒါကို ဒေသဆိုင်ရာ သတင်းမှာ ဖော်ပြလိုက်တာဟာ မိုင်၁၀၀၀ ကျော်အဝေးက ယာဉ်တိုက်မူတစ်ခုကို ရေးသားတင်ပြတာထက် ပိုပြီး သတင်းဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ဟာ ကိုယ့်အနီးအနားပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို စိတ်ဝင်စားကြတယ်။ ကိုယ့်အနီးအပါးက ဖြစ်တဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရရင် လူ့သဘာဝအရ ပိုပြီး ခံစားမိတယ်၊ အဲသည်ပါဝင်ပတ်သက်နေသူတွေ အတွက်လည်း ခံစားချက်တွေ ဖြစ်ပေါ်လာတယ်။

သဘောကွဲလွဲမူ – လူတွေက အချင်းချင်း သဘောမတူကြဘူးဆိုရင် လက်ပါလာတတ်ကြတယ်။ လူတွေက သဘောကွဲလွဲစရာတွေ ရှိလာရင်တော့ အပြန်အလှန် ငြင်းခုန်ကြတယ် ဆိုရင် အဲဒါကို သတင်းလုပ်လို့ရပါတယ်။ ဒါဆိုရင် လူစိတ်ဝင်စားမူ ပိုရလာပါတယ်။ သဘောထားကွဲလွဲမူတွေဟာ သတင်းစာဆရာတွေ ရဲ့အကြိုက်ပါပဲ။ အဲသည်အကြောင်းများ ရလိုက်ရင် လူတွေ စိတ်ဝင်စားလာမှာ အသေအချာပဲကိုး။ ဥပမာ တရားရုံးမှာ အပြန်အလှန်ပြောကြ ငြင်းခုန်ကြတဲ့ သတင်းမျိုးကို လူတွေက ကြိုက်ကြပါတယ်။ သူတို့ပါ ၀င်ပါပြီး ဆွေးနွေးလိုလာကြတယ်။

ထူးဆန်းတဲ့ အကြောင်းအရာ – ရှားပါးတဲ့ ဖြစ်ပျက်မူတစ်ခုဟာ သတင်းလို့ တခါတလေ ယူဆပါတယ်။ “ခွေးက လူတစ်ယောက်ကို ကိုက်လိုက်တယ် ဆိုတာဟာ သတင်းမဟုတ်ပါဘူး။ လူက ခွေးကို ကိုက်လိုက်တယ် ဆိုရင် အဲဒါသတင်းဖြစ်ပါတယ်။“ ဆိုတဲ့ သတင်းစာပညာမှာ အရေးပါတဲ့ အယူအဆကို ပြန်ကောက်ကြတာပေါ့။ အဲသည်လို အဖြစ်အပျက်တစ်ခုဟာ သိပ်တော့အရေးပါတယ်လ်ို့တော့ မဟုတ်ပေမယ့်၊ လူတွေ အများကြီးနဲ့ သက်ဆိုင်သော အဖြစ်မဟုတ်သောလည်းပဲ၊ စာဖတ်သူတွေက စိတ်ဝင်စားနိုင်တယ်ဆိုတဲ့အတွက် ပုံနှိတ်ဖော်ပြလို့ရပါတယ်။ ဥပမာ – လူတစ်ယောက်ရဲ့ ဒရိုင်ဘာလိုင်စင် အသိမ်းခံရတယ်ဆိုတာက သတင်းမဟုတ်ပေမယ့် အဲသည်လူက ထင်ရှားတဲ့သူတစ်ယောက်ဖြစ်နေရင် အဲဒါကို သတင်းလုပ်လို့ရပါတယ်။ အကယ်၍များ “ဒေသတွင်းမှာ အဆိုးဝါးဆုံး ဒရိုင်ဘာတစ်ဦး“ ဆိုတဲ့ သတင်းခေါင်းစဉ်မှာ သည်လူက ထင်ရှားတဲ့သူမဟုတ်သောလည်း သူက ၂နှစ်အတွင်းမှာ မတော်တဆထိခိုက်မူ ၂၁ ခုကို ကျူးလွန်ခဲ့တယ်ဆိုတော့ အဲဒါ သတင်းဖြစ်သွားပါတယ်။

လတ်လတ်ဆတ်ဆတ် သတင်းများ – အခုလတ်တလောအဖြစ်တွေဟာ သတင်းတန်ဖိုး ရှိပါတယ်။ ကိုယ့်အနီးအနားက အဖြစ်တွေဆိုရင် တခါတလေ သတင်းတွေ ဖြစ်လာပါတယ်။ ဥပမာ – ကျွန်တော်တို့ ဒေသတွင်းဆိုင်ရာမှာ ဆရာဝန်တွေက ဆွေးနွေးပွဲလုပ်ကြတယ်။ သာမန်အားဖြင့်တော့ ဒေသတွင်း အစည်းအဝေးတို့ ဘာတို့ဆိုတာ သတင်းစာဆရာတွေ စိတ်မ၀င်စားကြပါဘူး။ ဒါပေမယ့် ဆွေးနွေးတဲ့ အကြောင်းအရာက နောက်ဆုံးပေါ် ကင်ဆာတိုက်ဖြတ်ရေး ဆေးဝါးကိစ္စဆိုရင် သတင်းအဖြစ် စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ တခါတလေ ဒါကို သတင်းစာ၊ ရေဒီယို၊ တီဗီတွေကနေ လွှင့်လို့ရသည်အထိ သတင်းစာဆရာတွေက တင်ပြပေးကြပါတယ်။ အကြောင်းအရာတွေဟာ လက်ရှိဖြစ်ပျက်တာတွေ သတင်းတွေက လတ်လတ်ဆတ်ဆတ်တွေ ဖြစ်မှ လို့ဆိုသောလည်း တချို့သော အကြောင်းအရာတွေဟာ လူထုကြား ရေရှည် ဆွေးနွေးနိုင်တဲ့ ကိစ္စတွေဖြစ်လာတာကို တွေ့ကြရပါတယ်။

အထက်ဖော်ပြပါ အချက်အလက်များရဲ့ နောက်ကွယ်မှာ သတင်းကို စားသုံးသူ ပရိသတ်အတွက် နေ့စဉ်သတင်းများကို ဘယ်လိုဖော်ပြရတယ်ဆိုတာကို လည်းထည့်သွင်းစဉ်းစား ကြရပါတယ်။ သတင်းစုဆောင်း၊ သတင်းရေးသား၊ သတင်းတင်ပြ ဆိုတဲ့ အရည်အချင်းတွေက တော်တော် စကားပြောပါတယ်။ (ရုပ်မြင်သံကြား) သတင်းတင်ပြမူအပိုင်းမှာ အချိန်ကန့်သတ်မူက တော်တော် အရေးပါပါတယ်။ ၂၄နာရီ သတင်းတွေကြေညာပါတယ် ဆိုတဲ့ ၂၄နာရီ သတင်းအဖွဲ့အစည်းတွေမှာ နေ့စဉ် နာရီအပြည့်သတင်းတွေ ကြေညာနေတာ မဟုတ်ပါဘူး။ (သည်နေရာမှာ သူက ဘီဘီစီ၊ စီအန်အန်၊ အမ်ဘီစီ အစရှိတဲ့ သတင်းအေဂျင်စီတွေရဲ့ ရုပ်မြင်သံကြားသတင်း ကြေညာမှုပိုင်းကို ထည့်ပြောထားတာပါ။)

(ရုပ်မြင်သံကြားထုတ်လွှင့်တဲ့) ဒေသဆိုင်ရာသတင်းတွေအတွက် ပေးထားတဲ့အချိန်က သိပ်ကိုနည်းပါတယ်။ တကယ်လည်း ၂၄နာရီလုံးလုံး သတင်းတွေ ကြေငြာနေတာမဟုတ်ပါဘူး။ အချိန်အများစုက ကြော်ငြာတွေနဲ့ အခြားပွဲလမ်းကျင်းပတာတွေ ကို ဦးစားပေး ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ကဲ…. သတင်းများကို ကြေညာပါတော့မယ် လဲဆိုရော … သတင်းကြေညာလိုက်တာ ခနလေးပါ။ ပြီးတာနဲ့ မိုးလေ၀သ၊ အားကစား သတင်းတွေက နာရီဝက်လောက် ထုတ်လွှင့်တော့တာပါပဲ။ အများအားဖြင့် သတင်းကြေညာချိန်ဟာ ၇မိနစ် ၈မိနစ်လောက်ပဲ ရှိပါတယ်။ အဲသည်ထဲမှာ သတင်းကြေညာတဲ့သူတွေ အချင်းချင်း စကားစမည်ပြောတာ ပါလိုက်သေးတယ်။

သတင်းစာတို့ မဂ္ဂဇင်းတို့ကျတော့ သတင်းတွေအတွက် နေရာကို သတ်မှတ်ပေးထား ပြီးသားဖြစ်ပါတယ်။ သတင်းစာအခေါ်အဝေါ်တစ်ခုကတော့ ‘news hole’ တဲ့။ အဓိပ္ဗါယ်က သတင်းအတွက်ပေးထားသော နေရာ ဖြစ်ပါတယ်။ ကြော်ငြာတွေအတွက် ကော်လံကို ပေးပြီးသွားရင် သတင်းအတွက် ဖယ်ပေးထားသောနေရာ လို့လည်းခေါ်ပါတယ်။

အထူးသတင်းတွေ၊ အရေးကြီးတဲ့သတင်းတွေ၊ ထူးခြား အဖြစ်အပျက်တွေကလွဲရင် သတင်းစာက ထပ်ရောက်လာတဲ့ သတင်းတွေအတွက် စာမျက်နှာတို့၊ နေရာထပ်ဖြည့်ပေးတာမျိုး မလုပ်နိုင်ပါဘူး။ (ဆိုလိုတာက သိပ်အရေးမကြီးတဲ့ သတင်းတွေဆိုရင် နေရာဖယ်ပေးရမယ်။) သတင်းအတွက် ပေးထားတဲ့နေရာဟာ သတင်းစာက ကြောငြာတို့ဘာတို့အတွက် ရောင်းချလိုက်တဲ့ စာမျက်နှာပေါ်မှာ မူတည်နေပါတယ်။ သည်တော့ သတင်းစာ တော်တော်များများဟာ ၅၀% သတင်း အတွက်ပေးကာ ကျန်တဲ့ ၅၀% က ကြော်ငြာ ဖြစ်လာပါတယ်။ (အချိုးအားဖြင့် ၅၀:၅၀) ဒါပေမယ့် တချို့သတင်းစာတွေကျတော့ အချိုးက ၄၀: ၆၀ (သတင်းအတွက် ၄၀%၊ ကြော်ငြာက ၆၀%)။ တချို့ကျ ၃၀:၇၀ (သတင်းအတွက် ၃၀%၊ ကြော်ငြာက ၇၀%) တောင်ဖြစ်နေပါတယ်။

ဟော …. Web သတင်းတွေကျတော့ (၀က်ဆိုက် အင်တာနက်သတင်းတွေ) အချိန်နဲ့ နေရာက အတိုင်းအဆမရှိ ဆွဲဆန့်ချင်သလောက် ဆွဲဆန့် ရှည်ချင်တိုင်းရှည် နေတော့တာပါပဲ။ ၀က်ဆိုက်သတင်းတွေမှာ အချိန်က သိပ်စကားမပြောတော့ဘူး။ ပေးတဲ့ နေရာကလည်း လွတ်လပ်စွာ ပေးချင်တိုင်းပေး လို့ရနေပါတယ်။ သည်တော့ သတင်းတွေကို အချက်အလက်များများနဲ့ တင်ပြချင်တယ်ဆိုရင် ၀က်ဆိုက်တွေမှာ က သတင်းစာတို့၊ ရုပ်မြင်သံကြားသတင်းအေဂျင်စီ တို့ထက်ပိုသာတဲ့ အခွင့်အရေးတွေ ရတယ်ပေါ့။

ဒါပေမယ့် ၀က်ဆိုက်တွေမှာလည်း ကန့်သတ်ချက် ကရှိနေပြန်တယ်။ အဲဒါကတော့ ခန့်အပ်ထားတဲ့ သတ်မှတ်ထားတဲ့ ၀န်ထမ်းတွေပါ။ ဒီလို သတင်းအဖွဲ့အစည်းတွေမှာ စီးပွားရေးအရ ၀န်ထမ်းတွေ ပမာဏတစ်ခုသတ်မှတ်ပြီး ခန့်ထားရပါတယ်။ အဲသည်ဝန်ထမ်းတွေက သတင်းစုဆောင်း၊ ရေးသား၊ တည်းဖြတ်စသဖြင့် ရလာတဲ့ အချက်အလက်တွေကို နေ့စဉ် လုပ်ဆောင်ကြရပါတယ်။ သတင်းအဖွဲ့အစည်းတွေအတွက် လတ်ဆတ်တဲ့သတင်းတွေ နေ့စဉ်ရရှိဖို့၊ တင်ပြဖို့ အလုပ်လုပ်ကြရမှာ ဘယ်တော့မှ ရှိတဲ့ဝန်ထမ်းအရေအတွက်နဲ့ မလောက်ပါဘူး။ ဒါဟာ ဘယ်သတင်းဌာနမဆို ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုပဲ ဖြစ်ပါတယ်။ ၀က်ဆိုက်သတင်းမီဒီယာတွေအတွက် စီးပွားရေးအရ ၀န်ထမ်းခန့်အပ်မူကိစ္စဟာ သတင်းစာ၊ သတင်းအေဂျင်စီတွေ၊ တီဗီသတင်းအေဂျင်စီတွေထက် ပိုပြီး ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခု ဖြစ်နေဆဲဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဂျူနီယာဝင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts