Op-Ed

Ko Aung Hmine – Enough is Enough, Burmese Regime’s Parliament

တော် … တော် … တော် … လွတ်တော်
ကိုအောင်မှိုင်း၊ စက်တင်ဘာ ၂၈၊ ၂၀၁၃
ဆရာမင်းလူကတော့ ၁၉၈၉ မှာ တော်တော် လို့မြည်နေတဲ့ တပ်မတော်လို့ ကင်မွန်းတပ်ခဲ့တယ်။ တိုင်းပြည်ကို ချစ်သောတပ်မတော်၊ မျိုးချစ် စိတ်ရှိသော တပ်မတော်၊ ပြည်သူကိုကာကွယ်ခဲ့သော တပ်မတော်၊ဗမာပြည်ကို ကယ်တင်ခဲ့သော တပ်မတော်၊ သောက်ကျိုးနဲတော်တဲ့ တပ်မ တော်၊လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့မြည်နေတဲ့တပ်မတော် ဆိုပြီး အဲဒီအချိန်ကတပ်မတော်ကိုသရော်စာရေးခဲ့တယ်။ဝေဖန်စာရေး ခဲ့တယ်။ ဝေဖန်ရေးကိုသာ နားလည်ရင် ဝေဖန်ရေးကိုသာ တန်ဘိုးထားတတ်ရင် မြန်မာ့တပ်မတော်ဟာ အများကြီး တိုးတက်ပြောင်းလဲ လာ ခဲ့မှာဖြစ်ပြီး၊ လူထုရဲ့ ကြည်ညိုမှု ချစ်ခင်လေးစားမှုကို ပြန်ရနိုင်ခဲ့မှာဖြစ်တယ်လို့ ကျနော်ယုံတယ်။အခုတော့ ဝေဖန်သူတွေ အကြံပေးသူတွေ ကို မလိုချင်ဘဲ ထောက်ခံသူတွေကိုသာ ဇွတ်လိုချင်ခဲ့တဲ့အတွက် တိုင်းပြည်ဟာအနစ်နာကြီးနစ်နာခဲ့ရတာဖြစ်ပါတယ်။တပ်မတော်အနေနဲ့ လဲ လူထုကြားမှာ အတော်အထိနာခဲ့ရတာပါ။ ဒီအတွက် အဲဒီအချိန်က တပ်မတော် ခေါင်းဆောင်တွေမှာ လုံးဝတာဝန်ရှိတယ်လို့  ပြောရမှာဖြစ် ပါတယ်။
ဆရာမင်းလူလဲ တော် … တော်… တော် … တပ်မတော်ဆိုတာနဲ့  ထောင်ထဲဝင်သွားခဲ့ရတယ်။ ကျနော်ကတော့ တော် တော် တော် လွှတ်တော်လို့ ပြောရတော့မှာဘဲဆရာရေ။ ဆရာသာသက်ရှိထင်ရှားရှိဦးမယ်ဆိုရင် ဒီခေါင်းစဉ်နဲ့  ကဗျာတပုဒ်ရေးကောင်းရေးမယ်လို့ကျနော်ထင်တယ်။ ကနေ့ လွှတ်တော်က တပ်မတော်ထက်ကို တော်နေလို့ပါ။တော်ဆို တပ်မတော်က standby ၂၅% လေဗျာ။တော်သူတွေစုနေလို့ လူထုက တော် တော် တော်လို့အော်နေကြရတာပေါ့။၂၀၁၁ခုနှစ် စက်တင်ဘာလ ၂၉ ရက် ကြာသပတေးနေ့ကစပြီး ၀င်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေပြဌာန်းချက်နဲ့ စခဲ့တာ ၂၀၁၃ခုနှစ်သြဂုတ်လ၃၁ရက် စနေနေ့မှာ၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေပြဌာန်းပြီး  ပြဌာန်း  ဥပဒေပေါင်း ၅၅ခု ကာလအားဖြင့် ပြည်သူ့လွှတ်တော်သက်တန်း ၃နှစ် ကြာကာလဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်မှာ ပြဌာန်းဥပဒေ ၁၅ခု ၂၀၁၂ခုနှစ်မှာ ပြဌာန်းဥပဒေ ၂၄ခု ၂၀၁၃ခုနှစ်မှာ ပြဌာန်းဥပဒေ ၁၆ ခု ပေါင်း၅၅ခု ဖြစ်ပါတယ်။
မြန်မာပြည်ပြည်ထောင်စုလွတ်တော်မှာပြည်သူ့လွတ်တော်နဲ့ အမျိုး သားလွတ်တော်ဆိုပြီး ၂ ခုရှိရာ လွတ်တော်ကိုယ်စားလှယ်နေရာ ၄၄၀ ရှိပါတယ်။ ၃၃၀ကို လူထုကရွေးကောက်တာဖြစ်ပြီး၁၁၀မှာတပ်မတော် ကာ ကွယ်ရေးဦးစီးချူပ်က တိုက်ရိုက်ခန့်အပ်တာဖြစ်ပါတယ်။ အဲဒီ ၃၃၀ဆိုတာကလည်း ရွေးကောက်တယ်လို့သာ ပြောရတယ်။ ဂျပိုးသခိုးတွေလို မဲခိုးမဲလိမ်တွေ ကြိုတင်မဲဆိုတာတွေ အတိုက်အခံခေါင်းဆောင်ကိုဖမ်းထားပြီး အတိုက်အခံပါတီမရှိလုပ်တဲ့ ရွေးကောက်ပွဲဆိုတော့လဲ အတော် ကို အရည်အချင်းရှိရှိပုဂ္ဂိုလ်တွေ လူထုက အတော်ကိုကြိုက်တဲ့ ပုဂ္ဂိုလ်တွေ ဟုတ်မဟုတ်ဆိုတာတော့ သူတို့ကိုယ်သူတို့ အသိဆုံးလို့ဘဲ ပြောရ တော့မှာပါ။
ဘာကြောင့်လူထုက တော် … တော် … တော် … ပြောနေရလဲဆိုတာ ပြဌာန်းချက်ဥပဒေတချို့ နဲ့ လွတ်တော်ကိုယ်စားလှယ်ကြီးများ တင်ပြချက်အချို့  ကိုကျနော် မိတ်ဆက်ပေးချင်ပါတယ်။ ပြည်သူ့လွတ်တော် တရက်တာ လွတ်တော်ကိုယ်စားလှယ်ဆိုသူကြီးများရဲ့ မေးခွန်းတွေကို လေ့လာနိုင် ဘို့ ဖေါ်ပြလိုက်ပါတယ်။
ယနေ့ကျင်းပပြုလုပ်သည့် ပထအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့ (၁၇-၇-၂၀၁၃) ဗုဒ္ဓဟူးနေ့တွင် အောက်ပါမေးခွန်းများနှင့်အဆိုများကိုမေးမြန်းဆွေးနွေးသွားမည်ဖြစ်ပါသည်။”

(က) ဦးအောင်စိန်၊မာန်အောင် မဲဆန္ဒနယ်၏ စမ်းချောင်းမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များ၌ နောက်ဖေး လမ်းကြားများ အမှိုက်ပုံနေ၍၊ မီးလောင်မှုအန္တရာယ် စိုးရိမ်နေကြခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း။
(ခ) ဦးအောင်ကြိုင်၊ညောင်ဦး မဲဆန္ဒနယ်၏ ပုဂံ၊ ညောင်ဦးမြို့ နှစ်မြို့ အတွက် အမှိုက်သယ်ယျာဉ် (တစ်ပါ) (၆)စီး ပံ့ပိုးပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။
(ဂ) ဦးစိုင်းသန်းနိုင်၊ ဖာပွန် မဲဆန္ဒနယ်၏ ဖာပွန်မြို့တွင် အစိုးရတည်းခို ရိပ်သာ(သို့) ဧည့်ရိပ်သာတစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း။
(ဃ) ဦးတင်မောင်ဝင်း၊ မင်္ဂလာဒုံ မဲဆန္ဒနယ်၏ နွယ်ခွေ- တိုးချဲ့- မြောက်ဥက္ကလာပ အမှတ်(၃)လမ်းသွယ်အား နိုင်ငံတော်မှ ပြန်လည် ခင်းပေး ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း။
(င) ဦးမြင့်စိုး၊ပျော်ဘွယ်မဲဆန္ဒနယ်၏ ပျော်ဘွယ်မြို့နယ် အတွင်းဖြတ်သန်း သွားလာသော အဝေးပြေးလမ်းမကြီးအား မြို့ရှောင်လမ်း ဖောက် လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။
(စ) ဦးအောင်သိန်းလင်း၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်၏ သုံးခွမြို့နယ် ရေထိန်းတံခါး(၃)ခုတွင် ရေတံခါးများအား လျှပ်စစ်မော်တာဖြင့် အမြန်ဖွင့်/ပိတ်ပြုလုပ်၍ရအောင် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်နှင့် တကောရေထိန်းတံခါးမှ သုံးခွမြို့(၂)ရပ်ကွက် တပင်ရွှေထီး လမ်း၊ သုံးခွရေထိန်းတံခါးမှ နံယောကျေးရွာနှင့် အနောက်ကျေးရွာ ဘုရားလေးလမ်းသို့ ဆက်သွယ်သောလမ်းများအား ကွန်ကရစ်လမ်းများ အဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။
(ဆ) ဦးအုန်းငွေ၊ မြောင် မဲဆန္ဒနယ်၏ တန်ဖိုးနည်း Mobile Phone များ အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရန်နှင့် တိုင်စိုက်ရန် အချိန်ကြာမည် ဆိုပါက နီးစပ်ရာ မြို့နယ်/ကျေးရွာများရှိ ဖုန်းတိုင်များဖြင့် ဆက်သွယ် အသုံးပြု၍ ရရှိနေသော Mobile Phone များကို မြောင်မြို့အတွက် ခွဲတမ်းချ ရောင်းချပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။
(ဇ) ဦးမြင့်ဦး၊ သနပ်ပင် မဲဆန္ဒနယ်(ကိုယ်စား) ဦးစိန်ထွန်း၊ ထန်းတပင် မဲဆန္ဒနယ်၏ သနပ်ပင်မြို့နယ်အတွင်း ဗဟိုကျသည့် ကျေးရွာ များတွင် GSM/CDMA (တာဝါတိုင်) စခန်းများ အမြန်ဆုံးတည်ဆောက်ပေးပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း။
(ဈ) ဦးခင်မောင်ညို၊ လွိုင်ကော် မဲဆန္ဒနယ်၏ တန်ဖိုးနည်း Mobile Phone များ လိုအပ်သော ပြည်သူများအတွက် ဝယ်ယူ သုံးစွဲနိုင်ရန် နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့အစီအမံများဆောင်ရွက်လျက်ရှိကြောင်း သိရှိလိုသည်နှင့်စပ်လျဉ်းသည့် မေးခွန်း။
(ည) ဦးအောင်သိန်းလင်း၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်၏ သုံးခွမြို့နယ်တွင် Mobile Phone များ သုံးစွဲရာတွင် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလမှ စ၍ ဖုန်းခေါ်ဆိုမှု ခက်ခဲခြင်းများသည် မည်သည့် အကြောင်းကြောင့် ဖြစ်ရခြင်းနှင့် အလွယ်တကူ ခေါ်ဆို၍ရအောင် မည်သို့ ဆောင်ရွက် ပေးနိုင်မည်ကို သိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်းတို့ကို မေးမြန်းပြီး     
 ဦးတင်မောင်ဦး ရွှေပြည်သာမဲဆန္ဒနယ်က “၁၉ ၅၄ ခုနှစ်၊ နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှုကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” ကိုလက်ခံဆွေးနွေးရန် အဆိုကို တင်သွင်းခြင်းနှင့် ကိုယ်စားလှယ်တဦးက ထောက်ခံဆွေးနွေးခြင်းနှင့် လွှတ်တော် မှ လက်ခံဆွေနွေးရန် သင့် မသင့်အဆုံးအဖြတ်ရယူခြင်း၊
တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက “၂၀၁၃ခုနှစ် စာချွန်တော် အမိန့် လျှောက်ထားခြင်းဆိုင်ရာ ဥပဒေကြမ်း” ကို လက်ခံဆွေးနွေးရန် အဆိုကို တင်သွင်းခြင်းနှင့် ကိုယ်စားလှယ်တဦးကထောက်ခံဆွေးနွေးခြင်းနှင့် လွှတ်တော် မှ လက်ခံဆွေနွေးရန် သင့် မသင့်အဆုံးအဖြတ်ရယူခြင်း တို့ဖြစ်ပါသည်။

“ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသော ဤလိုကာလတွင် ဤသို့သောမေးခွန်းများ မေးဖြေခြင်းဖြင့် လွတ်တော်ကြီးသည် အလွန်ကို အလုပ်တွေ ရှုပ်နေကြပါကုန်၏။ အရှုပ်တွေလုပ်နေကြပါကုန်၏။”

မာန်အောင်မဲဆန္ဒနယ် လွတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်က ရန်ကုန်လမ်းကြားက အမှိုက်ပုံများအကြောင်း မေးခွန်းထုတ်တော့ ရန်ကုန် လုထုက ဦးအောင်စိန်ကို အတော် ကျေးဇူးတင်တယ်ဆိုဘဲ။ မာန်အောင်မဲဆန္ဒနယ်မှာတော့ မေးခွန်းထုတ်စရာမလိုအောင်ကို ပြည့်စုံနေသလိုပဲ။ အော် … စိတ်ပျက်စရာကောင်းအောင်ကို တော်လိုက်ကြတဲ့ ကိုယ်စားလှယ်ကြီးများ ပါတကား။ မြန်မာနိုင်ငံရဲ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်တွေ မှာ အခြားအရေးကြီးတဲ့မေးခွန်းတွေ မရှိကြလေရောသလား။ ကြံ့ဖွံ့ အမတ်အများစုဆိုတော့ ရေများရေနိုင် မီးများမီးနိုင် ဆိုသလိုပါဘဲ။ ဘယ်မှာ တိုင်းပြည်အတွက် တန်ဘိုးရှိတဲ့မေးခွန်းတွေ အနှစ်သာရရှိတဲ့မေးခွန်းတွေ မေးကြမှာလဲ။ မေးရဲမှာလဲ။ မေးတတ်မှာလဲ။
အနည်းစုဖြစ်တဲ့အခြား ပါတီက ကိုယ်စားလှယ်တွေမေးပြန်ရင်လဲ ၂၅%တွေက ဗီတိုသုံးလိုသုံး။ စစ်တပ်မထိနဲ့  မီးပွင့်သွားမယ်ဆိုတဲ့ အပေါက်နဲ့ တမျိုး။ အဟာရ မပြည့်ဝတဲ့ကလေးတွေကို၊ အစိုးရအနေနဲ့ အဟာရကျွေးဘို့လဲ ပြောရော၊ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များအားလုံးက တညီတညွတ်ထဲ ကန့်ကွက်လိုက် ကြတာများဗျာ။ ယိမ်းတိုက်ထားသလိုဘဲ။ တော်တော်လဲ တိုင်းပြည်နဲ့ လူမျိုးကိုချစ်ကြတာဘဲ။
ပြဌာန်းချက်ဥပဒေတွေကလဲ အဖွင့်တွေအပိတ်တွေနဲ့ဆိုဘဲ။ ဥပဒေတွေမှာကို စက်ခလုပ်တွေ တတ်လွတ်လိုက်နိုင်အောင် တော်တဲ့ လွတ်တော် ကိုယ်စားလှယ်တော်ကြီးများပါ။
ဥပမာတခုလောက် ကျနော်တို့ထုတ်ကြည့်ကြရအောင်ဗျာ။
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပြဌာန်း ( ၊ ၁၂ ၊ ၂၀၁၁ )         ဒီဥပဒေမှာ အခန်းပေါင်း (ဂ) ခန်းပါဝင်ပါတယ်။ အဓိက ကတော့ မြန်မာနိုင်ငံသားတိုင်းဟာ ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည် ခွင့်ရှိတယ်ဆိုတာကို ဥပဒေနဲ့  အခိုင်အမာပြဌာန်းထားပါတယ်။ သို့သော် အခန်း ( ၃ ) မှာ ခွင့်ပြုမိန့်လျှောက်ထားခြင်းဆိုတာပါတယ်။ သဘောကတော့ ဆန္ဒပြချင်ရင်ခွင့်ပြုမိန့် လျှောက်ရမယ်ဆိုတာပါ။ ၅ ရက်ကြိုပြီး သက်ဆိုင်ရာ ရဲစခန်းမှာအချက် ၆ချက်ကို ဖေါ်ပြပြီးလျှောက်  လွှာတင်ရမယ်။ ခွင့်ပြုရင် ပြလို့ရတယ်။ခွင့်မပြုရင် ပြလို့မရဘူး။ အခန်း ( ရ ) က ပြစ်မှုနှင့်ပြစ်ဒဏ်များ အခန်းဖြစ်ပါတယ်။ ဆိုလိုတာက ခွင့်ပြု မိန့်မရှိဘဲ ဆန္ဒပြရင် တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့  ကျပ်သုံးသောင်းထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ၂ခုလုံး ကျခံရနိုင်တယ်။ဒါအပြင် ဆန္ဒပြ စဉ် သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ညိသွားရင်လဲ ထောင်ဒဏ် ခြောက်လ နဲ့ ကျပ်တစ်သောင်းထက်မပိုတဲ့ ငွေဒါဏ် ဒါမှမဟုတ် ၂ခုလုံးကျ ခံနိုင်တယ်။ အဆိုးဆုံးက ခွင့်ပြုလို့ ဆန္ဒပြတဲ့သူတွေကို သွားနှောက်ယှက်မိရင် ထောင်ဒဏ် ၂နှစ် ဒါဏ်ငွေ ငါးသောင်း ဒါမှမဟုတ် ၂ခုလုံးကျခံ နိုင်တယ်။
ဘယ်လောက် တချက်ခုတ် ၃ချက်လောက်ပြတ်တဲ့ဥပဒေလဲဗျာ။ အလုပ်သမားတွေ လယ်သမားတွေ ကျောင်းသားတွေဆန္ဒပြချင်လို့ သက်ဆိုင်ရာ ရဲစခန်းမှာလျှောက်လွှာတင် ခွင့်ပြုမိန့်တောင်းလို့ ကတော့ မိုးပေါ်ကအပ်တချောင်းနဲ့ လူ့ပြည်ကအပ်တချောင်း ထိတာကမှ လွယ်ဦး မယ်။ ခွင့်ပြုမိန့်ကတော့ နတ္ထိပါဘဲ။ ခွင့်ပြုမိန့်မရှိဘဲ ဆန္ဒပြခဲ့ပြန်ရင်လဲ ပုဒ်မ ( ဂ) နဲ့ ညိုဦးမယ်။ ခွင့်ပြုမိန့်အလွယ်တကူရလို့ ဆန္ဒပြနေတဲ့ ကြံ့ဖွံ့  တွေကို သွားနှောက်ရှက်မိပြန်ရင်လဲ ၂နှစ် ဒါမှမဟုတ် ငါးသောင်းနဲ့ ညားဦးမယ်။ ဒါကြောင့်တချက်ခုတ် ၃ချက်ပြတ်လောက်ကို ပညာရှိရှိ ရေး ထားတာလေဗျာ။ ခင်ဗျားဆန္ဒပြချင်သလား။ ပြခွင့်ရှိတယ်။ လူတိုင်းမှာကိုပြခွင့်ရှိတယ်။ ဒါပေမဲ့ ဘယ်တော့မှမရနိုင်တဲ့ ခွင့်ပြုချက်တောင်း။ ခွင့်ပြု ချက်မရှိရင် ပုဒ်မ ( ၈ )ဘဲ။ တွေ့ပြီလား။ ကျနော်ပြောတဲ့ အဖွင့် အပိတ်ဥပဒေဆိုတာလေဗျာ။ တော်ကြပါပေတယ်။ ဒါကြောင့်လဲ လူထုက တော် …တော် …တော် … လွှတ်တော်လို့ သြဘာပေးနေကြတာဖြစ်မယ်။
ဟိတ်ကြီးဟန်ကြီးရေးဆွဲပြဌာန်းထားတဲ့ နောက်ဥပဒေတခုလောက်ကျနော်ပြောချင်တယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပြဌာန်း ( ရ ၊ ဂ ၊ ၂၀၁၃ )
ဒီဥပဒေမှာအခန်းပေါင်း၁၁ ခန်းပါဝင်ပါတယ်။
အခန်း ( ၁ )က အမည်၊ စတင်အာဏာတည်ခြင်း၊ သက်ဆိုင်ခြင်းနှင့် အဓိပ္ဗါယ်ဖေါ်ပြချက်များ
အခန်း( ၂ )က ရည်ရွယ်ချက်များ
အခန်း ( ၃ )က ကော်မရှင်ဖွဲ့ခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
အခန်း ( ၄ )က လာတ်ပေးလာတ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ပိုင်ဆိုင်သည့် ငွေကြေး၊ ပစ္စည်းများနှင့် စပ်လျဉ်း၍ ပမာဏစီစစ်ရေး အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏ လုပ်ငန်းတာဝန်များ
အခန်း ( ၅ )က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်များ
အခန်း ( ၆ )က ကော်မရှင်ရုံးဖွဲ့စည်းခြင်း
အခန်း ( ရ )က လာဘ်ပေးလာဘ်ယူမှုနှင့် စပ်လျဉ်း၍ သတင်းပေးဆောင်ရွက်ခြင်း၊ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသား လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက သတင်းပေး ဆောင်ရွက်ခြင်း
အခန်း ( ဂ )က လုပ်ပိုင်ခွင့်အာဏာရှိသူက ပိုင်ဆိုင်သည့်ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ကြေညာခြင်း
အခန်း ( ၉ )က လာဘ်ပေး လာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာမှုကြောင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်း ဆည်းခြင်း
အခန်း ( ၁၀  )က ပြစ်မှုနှင့် ပြစ်ဒဏ်များ
အခန်း ( ၁၁ )က အထွေထွေ ဆိုပြီးဖြစ်ပါတယ်။
ဒီဥပဒေအရဆိုရင် အသေအချာသာလုပ်မယ်ဆိုရင် ဗမာပြည်မှာဖမ်းရမဲ့ သူခိုးတွေဟာ ထောင်တောင် မဆန့်နိုင်တော့သလို သိမ်းဆည်းလို့ ရမဲ့ငွေတွေကလဲ ဘီလီယျံပေါင်း သန်းချီရှိနေမယ်ဆိုတာ သေချာတယ်။ “ဟိုး  ဆရာ” ဒါပေမဲ့ ဥပဒေအရကို ဖမ်းလို့မရပါဘူး။ ဒီဥပဒေထွက် လာတော့ ပြည်ထဲရေးဝန်ကြီးက ကာချူပ် ခွင့်ပြုမှလုပ်နိုင်မယ်လို့ အထွန့်တက်ခဲ့တယ်ကြားတယ်။ ဟုတ်တာပေါ့ ။ သူလဲ လူအ တယောက် မဟုတ်တော့ အာမခံမဲ့လူရှာရတာပေါ့။ ပြဿနာက သူခိုးကြီးတွေက တိုင်းပြည်ကိုရောင်းစားပြီး အိတ်ကပ်ထဲထည့်သွားတဲ့ ငွေ ဘီလီယျံ များစွာအကြောင်း သူလဲသိပြီးဖြစ်နေတယ်လေ။
ဓါးခုတ်ရာလက်ဝင်ရှိုတဲ့အလုပ်သူဘယ်လုပ်ချင်မလဲ။ အသေးအမွှားကိစ္စတွေကို ပက်ပက်စက်စက် ကိုင်တွယ်ရမှာဖြစ်ပြီး ကြီးကြီးမားမားတွေကြတော့ ကြိုတင်ခွင့်ပြုမိန့်တောင်းရမယ်ဆိုထားတယ်လေ။ (၁) ရဲက တလ ဘယ်နှစ်မှုဆိုပြီး အမှုရှာရဦးမယ်။ (၂) အမှုမရှိရင် အမှုဝယ်ရဦးမယ်။ (၃)  ကြီးကြီးအမှုတွေကိုတော့ ထိလဲမထိရဲ ခွင့်ပြုမိန့်တောင်းပြန်ရင်လဲ ကျနော်အထက် မှာပြောသလို နတ်ပြည်က အပ်တချောင်းနဲ့  လူ့ပြည်က အပ်တချောင်း ထိဘို့ကမှ လွယ်ဦးမယ် ခွင့်ပြုမိန့်ကရဘို့ မလွယ်ရေးချမလွယ်တဲ့ သဘောပါဘဲ။ (၄)  သူတို့အချင်းချင်း ဆော်ကြလို့ ပွဲပြင်းလာရင် ကိုယ်ကကြားညပ်ဦးမယ် ဆိုတာ ပြည်ထဲရေးက သိနေတယ်လေ။ သူတို့ဘက် ပြန်မလှည့်နိုင်အောင် အဖွင့်နဲ့  အပိတ်အားလုံးကို လုပ်ထားတယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်း ရိပ်မိနေတယ်ဗျာ။
၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်းပါဘဲ။ သူခိုး ဂျပိုးတွေကတော့ ဘယ်ပြင်ချင်မှာလဲ။ ဘယ်အသစ် ပြန်ရေးချင်မှာလဲ။ တော်ကြာ ကံမကောင်းရင် ပြည်ထဲရေးနဲ့   ဟဲ ဟဲ ညိသွားနိုင်တယ်မဟုတ်လား။ ကျနော်ကတော့ ၂၀၀၈ခုနှစ် နာဂစ်ဖွဲ့စည်းပုံဥပဒေဟာ စစ်တပ်နဲ့လူထု ကို ရန်တိုက်ပေးထားတဲ့ ဥပဒေ၊စစ်တပ်က မျိုးဆက်သစ်တွေလဲ သမိုင်းကွေး၊ လူထုလဲသွေးပင်လယ်ဝေစေမဲ့ တဦးတယောက်သော ပုဂ္ဂိုလ် ကြီးရဲ့  “ကျိန်စာ သင့် ဥပဒေ” အဖြစ်ဘဲမြင်မိပါတယ်။ ဒီဥပဒေသက်ဆိုးစေတာနဲ့အမျှ  တချိန်ချိန်မှာ လူထုနဲ့စစ်တပ် ထိပ်တိုက် တွေ့ကြမယ် ဆိုတာ သေချာပေါက်ပြောရဲပါတယ်။ စစ်တပ်က သမိုင်းမကွေးသေးတဲ့မျိုးဆက်သစ် ခေါင်းဆောင်တွေနဲ့  လုထုရဲ့စစ်မှန်တဲ့ ခေါင်းဆောင်တွေ ကြား ညီညွတ်မှုယူကြဘို့လိုမယ်ထင်တယ်။ ချောက်တွန်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကတော့ မကြာခင်ကံတော်ကုန်မှာပါ။ အနိစ္စကို ဘယ်သူမှမတားနိုင် ကြပါဘူး။ ရန်ကုန်တိုင်းဝန်ကြီးချူပ် ကိုမြင့်ဆွေကို တရားကျဘို့ ကောင်းတာပေါ့ဗျာ။ ခိုင်းတုန်းကခိုင်းတယ်။ သမိုင်းတရားခံဖြစ်မဲ့ ကိစ္စကြတော့ ငါ ခိုင်းတာပါလို့ ဘယ်သူမှဝန်မခံဘူး။ သမိုင်းတရားခံဆိုတာ ကို်ယ်တင်မဟုတ်ဘူး။ သားသမီးမြေးမြစ်တွေအထိ ခံစားရတဲ့ကိစ္စကြီးဆိုတော့ နောင်လာနောင်သားတွေ ဂရုပြုစေချင်တယ်ဗျာ။
အေးဗျာ တကယ်လွှတ်တော်ကြီးမှာ ရှင်းရှင်းလင်းလင်းရေးလဲရရဲ့ သားနဲ့ ။ ကြံ့ဖွံ့တွေဘဲ ဆန္ဒပြခွင့်ရမယ် အခြားသူမပြရ။ ကြီးကြီး ကောင်တွေ ဘဲ ခိုးခွင့်ရမယ် အခြားကောင်တွေမခိုးရ ဆိုပြီးရော။ လွှတ်တော်ကြီးလဲ အချိန်ကုန်သက်သာ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေလဲ အိပ်ရေး ၀ကြတာပေါ့။
ဒါကြောင့် လွှတ်တော်ဆိုတာကြီးကို ဟန်ဘဲရှိပြီး အဆံမရှိပါဘူးလို့ သူများတွေပြောကြတော့ ကျနော်က ဒီလုတွေ ဘာလို့ မဟုတ်မဟတ် မတရား ပြောနေကြရတာလဲပေါ့။ တရားချရတယ်။ ဒီလောက်တော်တဲ့လူတွေ စု လုပ်နေတဲ့ လွတ်တော်ကြီးကိုများဗျာ … နော်။
တော် … တော် …တော် … လွှတ်တော်လို့ပဲ ပြောလိုက်ရကြောင်းပါဗျာ။
ကိုအောင်မှိုင်း ( ၂၇ ရက်၊ စက်တင်ဘာလ၊၂၀၁၃ခုနှစ် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts