K ငြိမ်းချမ်း မှတ်စုမှတ်တမ်း သတင်းပဒေသာ

စာရေးဆရာမကြီး မကြန် အသက်(၁၀၀)ပြည့် ဂါရ၀ပွဲ စာပေဗိမာန်မှာ ပြုလုပ်မယ်


စာရေးဆရာမကြီး မကြန် အသက်(၁၀၀)ပြည့် ဂါရ၀ပွဲ စာပေဗိမာန်မှာ ပြုလုပ်မယ်
K (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၈

စာရေးဆရာမကြီး မကြန် အသက် ၁၀၀ပြည့်မွေးနေ့ပွဲနဲ့ဆရာမကြီးအား ဂါရ၀ပြုပွဲကို ဇူလိုင် ၇ရက်နေ့မှာ ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ခန်းမမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါပွဲကို ဆရာမကြီးအား လေးစားချစ်ခင်သူများက စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဆရာမကြီးကိုဂုဏ်ပြုရည်ရွယ်ကာ ရာပြည့်သမိုင်းဒေ၀ီစာအုပ်ကိုလည်း ထုတ်ဝေဖြန့်ချိသွားမယ်လို့ သိရပါတယ်။

စာရေးဆရာမကြီး မကြန်ကို ရခိုင်ပြည်နယ်သံတွဲမြို့မှာ ၁၉၁၉ဇူလိုင် ၁ရက်တွင် အဖ-ဦးကျော်ထွန်း၊ အမိ ဒေါ်ငွေနှစ်တို့မှ မွေးဖွားခဲ့ပါတယ်။

၁၉၅၆ခုနှစ်တွင် မြန်မာနိုင်ငံသမိုင်း ကော်မရှင်(နောင် သမိုင်းသုတေသနဦးစီးဌာန)မှာ ကျမ်းပြုအရာရှိအဖြစ် အမှုထမ်းရင်း သမိုင်းမဟာဝိဇ္ဇာတန်းကိုတက်ရောက်ခဲ့။၁၉၅၇ခုနှစ်မှ ၁၉၅၉ခုထိ နိုင်ငံသမိုင်းသုတေသနဦးစီးဌာနမှာ အကြီးတန်းသုတေသနမှူးအဖြစ် အမှုထမ်းစဉ် မြန်မာ့သမိုင်း အထောက်အထားများကူးယူစုဆောင်းရေး စီမံကိန်းအရ အင်္ဂလန်နိုင်ငံမှာ သွားရောက် တာဝန်ထမ်းခဲ့ပါတယ်။

သမိုင်း၊ သုတေသနစာတမ်းများကို ပြုစုတည်းဖြတ်ရေးသားခဲ့ပြီး သုတေသနစာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပါတယ်။ မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်ပြုစုရေး၊ မြန်မာစွယ်စုံကျမ်း အနှစ်ချုပ်ပြုစုရေးစတဲ့ မြန်မာစာပေ အတွက် များစွာ အကျိုးဖြစ်ထွန်းစေတဲ့စာပေလုပ်ငန်းများကို ဆောင်ရွက်ခဲ့သူတယောက်ဖြစ်ပါတယ်။

၁၉၇၈ခုနှစ်ထုတ် မြန်မာနိုင်ငံ အခြေအနေ(၁၈၈၅-၈၆)စာအုပ်ဖြင့် အမျိုးသားစာပေဆု(သုတ၀ိဇ္ဇာ)၊ ၂၀၀၂ထုတ် သမိုင်း ရှာပုံတော်ခရီးနှင့် အခြား စာတမ်းများစာအုပ်ဖြင့် အမျိုးသားစာပေဆု(သုတ၀ိဇ္ဇာ)၊ ၂၀၀၃ခုနှစ်ထုတ်မဟာ ၀န်ရှင်တော်မင်း ကြီး အုပ်ချုပ်ရေး(၁၈၈၆-၁၈၉၇)စာအုပ်ဖြင့် အမျိုးသားစာပေဆု(သုတ၀ိဇ္ဇာ)တို့ကို ၃ ကြိမ်တိုင်တိုင်ရရှိခဲ့ပါတယ်။

၂၀၀၄ခုနှစ်မှာတော့ ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာ စာပေဆု၊ ၂၀၀၆ခုနှစ်မှာ အမျိုးသားစာပေတစ်သက်တာဆုတို့ကို လည်းထပ်မံရရှိခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts