သမ္မုခအရေးအကြောင်းများ
ကျော်ကျော်- မြရည်စမ်း
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၈
မိုးက တစိမ့်စိမ့်နှင့် ရွာနေဆဲပင်ဖြစ်သည်။ ပတ်ဝန်းကျင်တခုလုံးစိုရွှဲနေကြသည်။
သို့သော် ချောက်ချားစဖွယ်လည်းကောင်းနေပြန်သည်။ ကျွန်တော်နေထိုင်ရာအဆောင်မှနေ၍ ပတ်ဝန်းကျင်တခုလုံးကို စီးစီးမိုးမိုးဖြင့် မြင်နေရသည်။ အဆောင်က ကုန်းအမြင့်ပေါ်တွင်ဆောက်ထား၍ အနည်းငယ်တော့ စိတ်ဖြေသာသည်။
ကုန်းမြင့်လေးသည် မူလမြေမှန်ဟုတ်မဟုတ်ကို ကျွန်တော်လည်းမသိ။
ကျွန်တော်နှင့်အတူ ရှိနေကြသော လူလေးဦးကလည်း သိမည့်ပုံမပေါ်ကြ။
သစ်ပင်ဝါးပင်ကြီးများ၊ ပန်းမာလ်များ၏အရိပ်အယောင်ဟူသမျှ မမြင်တွေ့ရ။ ငှက်ကျေးသာရကာများ၏အသံဟူသမျှဝေးစွ၊ ချိုင့်ဝှမ်းကြီး များနှင့် ရေပြင်ဖွေးဖွေးကိုသာ မြင်နေရသည်။
မလှမ်းမကမ်းတွင် ကျွန်တော်တို့အဆောင်လေးကို ခုန်အုပ်မည့်သဏ္ဌန်ရှိသောကျောက်တောင်မြင့်မြင့်ကြီး ရှိ၍ ၄င်း၏အခြေတွင်ရှိသော မြေကြီး တာဘောင်များက တဖက်တွင်ရှိသော ရေထုကိုကာဆီးထားပါသည်။ မိုးဆက်တိုက်ရွာသွန်းထားသဖြင့် ရေထုက အတော်များနေပြီဖြစ်၏။ ရေတစ်ကုဗပေ၏ ဖိသိပ်အား မည်မျှရှိသည်ဆိုခြင်းကို ကျွန်တော်မမှတ်မိတော့ပါ။ သို့သော်လည်း နောက်ထပ် တစ်ရက် နှစ်ရက်သာ ယခုလိုမျိုး မိုးဆက်များလျှင်တော့ ထိုတာဘောင်ရိုးပြတ်ကျိုးသွားလိမ့်မည်ဟု အာရုံသိဖြင့် ခံစားမိနေပါသည်။
ယခုလိုအချိန်မျိုးတွင် အင်တာနက်လိုင်းမရှိ ဖုန်းလိုင်းမမိမှန်းသိသိကြီးနှင့် ဖုန်းကိုကောက်ကိုင်နေမိသည်။
ဖုန်းကိုဖွင့်ပြီး တမြန်နေ့ညကရေးထားသည့် အက်ဆေးတိုလေးကို ပြန်ဖတ်နေမိသည်။
ထိုအက်ဆေးလေးသည် ယခုကျွန်တော်နေထိုင်ရာနေရာလေးကို အခြေပြုရေးသားထားခြင်းဖြစ်သည်။
အဆုံးမသတ်နိုင်သေးသော အက်ဆေးတပုဒ်ဖြစ်နေသည်။ ထိုအက်ဆေးတိုလေးသည် ကံကောင်းလွန်းမှသာ အယ်ဒီတာရှေ့သို့ ရောက်နိုင်ပေတော့မည်။
မှောင်ရီပျိုးစညနေခင်းတွင် မြင်နေရသော အကျည်းတန်ရှုမျှော်ခင်းများကိုငေးရင်း နေ့လည်ပိုင်းက ဖတ်လိုက်ရသော သတင်းတပုဒ်သာ သတိရနေမိသည်။
အိမ်နီးချင်းနိုင်ငံတနိုင်ငံမှ ကျောင်းသားလူငယ်လေးများသည် လိုဏ်ဂူတခုထဲသို့ စူးစမ်းဝင်ရောက်ကြရာ အချိန်တန်သော်လည်း ပြန်ထွက်မလာကြ။
ထိုသတင်းကို အာဏာပိုင်အဖွဲ့အစည်းက သိလျှင်သိချင်း ကယ်ဆယ်ရေးအဖွဲ့များဖြင့် အပူတပြင်းဝင်ရောက်ရှာဖွေကြသည်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ခေတ်မီကိရိယာများပါကြသည်။
သူတို့ကိုယ်တိုင်အတွက်လည်း အန္တရာယ်ကင်းအောင် ပြင်ဆင်ဝတ်စားထားကြသည်။
ထိုသတင်းလေးကို ဖတ်မိတော့ ပျောက်ဆုံးနေကြသူများနှင့်လည်းကောင်းတို့မိဘများကိုယ်စား ကျေနပ်မိပါသည်။ သူတို့နိုင်ငံသားများကိုယ်စား ဂုဏ်ယူပါသည်။
ထိုနေ့ကလည်း မိုးတွေရွာနေသော နေ့တနေ့ဖြစ်သည်။ ပတ်ဝန်းကျင်ကိုကြည့်မိတော့ ကျွန်တော့်ဘာသာ ဝမ်းနည်းရပြန်သည်။
မိုးစက်မိုးမှုန်များကြားတွင် အဝေးမှ ‘မှော်ဝမ်း’ကို မှန်းဆတွေးမိသည်။ ထိုကိစ္စက ပူပူလောလောပင် ရှိသေးသည်။ သားအဖလေးနှစ်ယောက်နေထိုင်ရာ အိမ်အနောက်မှတောင်ပြိုကျသဖြင့်နှစ်ယောက်စလုံး မြေပိကာသေဆုံးသွားကြရသည်။
ကျွန်တော်သည်လည်း “နတ်ဆိုးထံပါးမှာ လာဘ်ထိုးခံထားရတဲ့နေရာ”ဟု ခိုင်းနှိုင်းပြောဆိုကြလွန်းသည့် ဤနေရာကို ချမ်းသာချင်လွန်း၍ လာခဲ့ သည်မဟုတ်ပါ။ မိုးတွင်းကာလ အလုပ်မယ်မယ်ရရမရှိသဖြင့်သာ သာ ရောက်ခဲ့ရခြင်းဖြစ်သည်။
ယခုရှိနေသည့် ကျွန်တော်တို့ငါးယောက်စလုံးသည် လခစားအလုပ်သမားများသာ ဖြစ်ကြသည်။ တစ်လလျှင် ကျပ်သုံးသိန်းရ၍ ခြောက်လတိတိ တာဝန်ထမ်းဆောင်ရမည်ဟူ၍သာ အကြမ်းဖျဉ်းသိထားကြပါသည်။
ခြောက်လမပြည့်မီအလုပ်ထွက်ပါက တစ်လလျှင် ကျပ်တစ်သိန်းခွဲလောက်ကိုသာ ရကြမည်ဖြစ်သည်။ အလုပ်စဝင်သည့်နေ့တွင် အင်္ဂလိပ်လိုလည်း မဟုတ်၊မြန်မာလိုလည်းမဟုတ်သောစာချုပ်ပေါ်တွင် မိုက်မည်းလွန်းစွာဖြင့် လက်မှတ်ထိုးထားခဲ့မိပြီး စခန်းစောင့်တာဝန်ကို ယူထားခဲ့ကြသည်။
ကျွန်တော်တို့အဆောင်တွင် စားနပ်ရိက္ခာအတွက် ပူပင်စရာမလိုအပ်သေးပါ။ ခေါက်ဆွဲခြောက်များ ၊ ရေသန့်ဗူးများ၊ အလျှံပယ်ရှိနေသေးသည်။ အိမ်သုံးဆေးဝါးတချို့ကိုလည်း ကျွန်တော့်ဇနီးသည်က ထည့်ပေးလိုက်သဖြင့် တော်တန်ရုံအအေးမိ နှာစေးချောင်းဆိုးလောက်တော့ ပူပန်စရာမလိုအပ်။ ခက်နေသည်မှာက ပတ်ဝန်းကျင်ရှိမည်သည့်နေရာကိုမျှ သွားလို့လာလို့မရတော့အောင် လမ်းအဆက်ပြတ်နေရခြင်းပင်။
ပြင်ပနေ ရာဒေသနှင့် အဆက်အသွယ်လုပ်စရာဟူ၍ လိုင်းမိလိုက် မမိလိုက်ဖြစ်နေသော လက်ကိုင်ဖုန်းလေးသာ ရှိ၏။
ကြိုတင်ပြင်ဆင်မှုများဖြင့် ပိုက်ဆံများများဖြည့်ထားခဲ့၍သာတော်တော့သည်။
ဤဒေသတွင် ကျွန်တော်တို့နည်းတူ ဖြစ်နေကြမည့်သူများစွာ ရှိနေနိုင်ပါသည်။
လုပ်ငန်းရာသီချိန်အတွင်းကျောက်ကုမ္ပဏီလုပ်ကွက်များ စည်ကားသလောက် ယခုတော့ စိုစွတ်ခြင်းများအတိဖြင့်တိတ်ဆိတ်ငြိမ်သက်နေပါသည်။ အဝေးတနေရာမှ မီးစက်မောင်းသံကြားလိုက်ရသည်။ ကျွန်တော်တို့အဆောင်လေး၌လည်း မကြာခင်မီးစက်မောင်းရတော့မည်။
တညလျှင် ၃ နာရီ မီးစက်မောင်းခွင့်ပြုထားသောအချိန်၌ လိုအပ်သည့်ကိစ္စအဝဝကို လုပ်ဆောင်ထားရ သည်။ ဖုန်းများ၊ လက်နှိပ်မီးများ အားသွင်း ထားကြရသည်။ ဒီဇယ်ဆီများလည်း အတော်ကြီးကျန်နေသေးသည်။ သိုသော် စေ့စေ့တွေးကြည့်ပါက ကျွန်တော်တို့သည် ရိက္ခာအစုံအလင်နှင့်အကျဉ်းကျနေကြခြင်း သာဖြစ်၏။
အပြင်ဖက်သို့ သေသေချာချာမမြင်ရတော့ပါ။ မီးစက်နိုးသံနှင့်အတူ အဆောင်တခုလုံး လင်းထိန်သွားပါသည်။ ယခုလိုအချိန်တွင် အင်တာနက်လိုင်းပြန်ရတတ် သည်။ ဖုန်းလိုင်းပြန်ရတတ်သည်။ အဝေးမှ မိသားစုထံဖုန်းခေါ်ပြီး စိတ်မပူဖို့နှင့်နေထိုင်ရတာ အဆင်ပြေကြောင်း ပြောလိုက်သည်။ သူတို့ဆီတွင်လည်း မိုးတွေ ရွာပြီး ရေတွေကြီးနေသည်ဟု သိရသည်။
အိမ်နီးချင်းနိုင်ငံမှ ကျောင်းသားလူငယ်များ လိုဏ်ဂူအတွင်း ပျောက်ဆုံးနေသောသတင်းသည် အင်တာနက်ပေါ်တွင် ထိပ်တန်းသတင်းဖြစ်လို့နေသည်။ သူတို့ကို ဆက်လက်ရှာဖွေနေကြသည်။ ဒေသခံရှာဖွေရေး များတင်မကတော့ပဲ နိုင်ငံရပ်ခြားမှပင် လာရောက်ကူညီနေကြပြီဖြစ်သည်။ ခေတ်မီရှာဖွေရေးကိရိယာများ အသုံးပြုနေကြသည်။
တဖက်တွင်လည်း ပျောက်ဆုံးနေသူလူငယ်များ၏မိဘများကို နှစ်သိမ့်ခြင်း၊ အားပေးခြင်းများ ပြုလုပ်ပေးနေသည်။
အလွန်ပင် ပီတိဖြစ်စရာကောင်းလှသည့် သတင်းဖြစ်သည်။ ထိုနိုင်ငံလေးမှ ဘုရင်မင်းမြတ်၏ညီမတော်ကလည်း အထောက်အပံအဖြစ် အလှူငွေများ ပေးအပ်ခဲ့ပြန်သည်။၊
သတင်းများက အပြိုင်အဆိုင်တက်နေကြသဖြင့် ကျွန်တော်နေထိုင်ခဲ့ဖူးသည့် မြို့ငယ်လေးတမြို့မှသတင်းဟောင်းပင် ပါသေးသည်။။
မြို့လေး၏မလှမ်းမကမ်းတွင် တနိုင်တပိုင်ရွှေတူးကြရာ ရွှေတွင်း ပြိုကျသည်။ ရှာဖွေဖို့ရာလည်းမစွမ်းသာ၊ ရှေ့ကြောင်းနောက်ကြောင်းကလည်း မအေး။ ရွှေတွင်းကို အသေပိတ်ပစ်လိုက်ကြသည်။ ထိုနေရာလေးက ယခုအခါ လူနေထူထပ်လာမှုကြောင့် ရွာနှင့်ပင်နီးကပ်လာခဲ့ပြီ။ ရိုးသားသောဒေသခံအများစုက ညအချိန်များ၌ မြေကြီးထဲမှ ကယ်ပါယူပါတစာစာအသံများ ယနေ့အထိကြားနေရကြောင်း ပြောဆိုနေကြပါသည်။
ကျွန်တော်တို့မရောက်လာမီက ဤဒေသတွင်လည်း မြေအကြိမ်ကြိမ်ပြိုကျ၍ လူပေါင်းများစွာ မြေကြီးအောက်သို့ ရောက်ခဲ့ရဖူးပေပြီ။ ကုမ္ပဏီလုပ်ကွက်များ၌
ပြိုကျလျှင် ထိုကုမ္ပဏီက ၎င်းတို့လုပ်ငန်းသုံးကားကြီး စက်ကြီးများကိုသာ ဦးစားပေးဖော်ယူကြသည်။ ကျွန်တော်တို့အနေဖြင့်လည်း
ကျွန်တော်တို့ ရွှေပြည်ကြီးတွင် လူ့တန်ဘိုးထက် ကားတန်ဘိုးက ကြီးပေသောကြောင့်ဟူ၍သာ စိတ်ဖြေကြရပါသည်။
စာရင်းအရေအတွက် မခန့်မှန်းနိုင်ကြသော အညတရလူပေါင်းများစွာသည် ဤဒေသရှိ မြေကြီးများအောက်တွင် ပူပူနွေးနွးပျောက်ဆုံးသွားခဲ့ကြရသည်။
ကျွန်တော်တို့အားလုံး တယောက်ကိုတယောက် စကားမပြောဖြစ်ကြပဲ ငြိမ်သက်နေကြသည်။
အပြင်ဖက်တွင် မိုးပိုမိုသည်းထန်လာကြောင်း အားလုံးသိကြပါသည်။
ခရစ်ယာန်ဘာသာဝင်နှစ်ယောက်က သမ္မာ ကျမ်းစာအုပ်ကိုယ်စီနှင့် ဗုဒ္ဓဘာသာဝင်တယောက်က ဘုရားသောက်တော်ရေဖြည့်နေသည်။ တယောက်က မောင်ထွန်းသူဘာသာပြန်သော ရဲတိုက်စာအုပ်ကြီးကို ဖတ်ရှုနေသည်။
ကျွန်တော်သည် အင်တာနက်လိုင်းကိုပြန်ပိတ်ပြီး ရေးလက်စအက်ဆေးတပုဒ်ကို စိတ်နစ်ကာဆက်ရေးဖို့ ကြိုးစားနေမိသည်။
လျှပ်စီးတဝင်းဝင်းတွင် မြင်နေရသော တောင်ခါးပန်းဝါဝါကြီးနှင့် တာဘောင်တဖက် မှ ရေနီနီများကို အမှတ်မထင်မြင်ရသည့်အခါ စိတ်တို့ပျံ့လွှင့်ရပြန်သည်။ အဆောင်အတွင်းတွင် စက်ကြီးများမှဖြုတ်ချထားသော ကားတာယာကြီးများအပုံလိုက်ရှိနေသည်။ သက်ပြင်းချကာ စာထဲစိတ်နစ်ဖို့ ကြိုးစားနေ မိသည်။
ကျွန်တော်က ရေကြောက်တတ်သည်။ အထူးသဖြင့် ရေနစ်သေရမည်ကို သိပ်ကြောက်သည်။
ထိုသို့ကြောက်သွားခြင်းမှာလည်း အကြောင်းရှိသည်။ တရုတ်ဆိုင်ကယ်များ ခေတ်ထစအချိန်တွင် ဗန်းမော်မြို့လေးသို့ဆိုင်ကယ်သွားဝယ်ဖူးသည်။ မြို့လေးမှနေ၍ ရှပ်ပြေးဟုခေါ်သော အမြန်ယာဉ်ဖြင့်လိုက်ရသည်။
ငွေများပါသောအိတ်ကိုဖင်ခုထိုင်ရင်း ခေါင်မိုးပေါ်ကလိုက်ရသည်။ ငွေတွေက ဆိုင်ကယ်ဆိုင်ပိုင်ရှင်က ယုံယုံကြည်ကြည်ပေးလိုက်သောငွေများဖြစ်သည်။
ကျွန်တော်က အဝယ်တော်မျှသာ။ တနည်းဆိုသော် ကယ်ရီစီးသူ။ မြန်မာကျပ်ငွေများကို အိတ်ကြီးဖြင့်ထည့်သယ်သွားရသော်လည်း တဖက်နိုင်ငံသုံးငွေနှင့် လဲလှယ်ပါက ခါးကြားထိုး၍ရပါသည်။ မြစ်လယ်တွင် ရှပ်ပြေးမော်တော်မှောက်သည်။
ထိုအချိန်တွင် ဖောင်းဖောင်းပွပွငွေများက ကျွန်တော့်အသက်ကို ကယ်လိုက်ကြပါသည်။ အရွယ်ကြီးမား လှသော်လည်း အချိန်မစီးသည့် ငွေထုပ်ကိုကပ်တွယ်ရင်း ကိုယ်ဖော့ကူးခတ်ကာ ခပ်လှမ်းလှမ်းမှ သောင်ကမ်းခြေကို ဆိုက်ရောက်နိုင်ခဲ့သည်။
အရေးပေါ်ကယ်ဆယ်ရေးမဆိုထားနှင့် ရှပ်ပြေးမော်တော်အတွင်းမှ ရုပ်အလောင်းများကိုပင် ရက်အတော်ကြာမှ တဖြည်းဖြည်းချင်း ထုတ်ယူနိုင်ခဲ့သည်။
ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြရှာသော ဘဝတူသူငယ်ချင်းမိတ်ဆွေတို့၏ရုပ်အလောင်းကိုမြင်မိပြီး ရေနစ်သေရမှာ အတော်ကြောက်သွားသည်။
(ငါး)
an>
မိုးကိုတိတ်စေချင်ပါပြီ။
ကမ္ဘာအနှံ့အပြားတွင် ဂေဟစနစ်များပျက်စီးယိုယွင်းမှုကြောင့် ရာသီဥတုများ ဖောက်ပြန်နေပါပြီဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ဆိုကြသည်။ ကင်(န်)နှင့်ထရန့်သည် တလောလေးက လက်ဆွဲနုတ်ဆက်လိုက်ကြသည်။ အက်ဆစ်မိုးအတွက် လူတွေစိတ်အနည်းငယ်အေးသွားကြသည်။
ရခိုင်ကမ်းမြှောင် ဒေသနှင့် မြစ်ဝကျွန်းပေါ်တလွှားကို ဖြတ်ကျော်လာသော တိမ်မည်းညိုသည် ကျွန်တော်ယခုရောက်နေသည့် မြောက်ဘက်တောင်ကုန်းဒေသကိုပင် စီးနင်းခြိမ်းခြောက်နေဆဲ။
ကျိုးပျက်လုလုတာဘောင်ကို မကြည့်ဖြစ်အောင်စိတ်တင်းရင်း လျှပ်စီးဝင်းဝင်းနှင့်မိုးကြိုးသံများကြားမှာ
အက်ဆေးလေးကို အပြီးသတ်ရေးနေမိသည်။ လိုဏ်ဂူအတွင်း ပျောက်နေကြသော ကျောင်းသားလူငယ်လေးများအကြောင်း ခေါင်းထဲရောက်လာပြန်သည်။ လူသားဆန်သောရှာဖွေကယ်တင်မှုများ၊ တာဝန်ကျေပွန်သောအစိုးရ၏ကြိုးပမ်းမှုများနှင့် အားလုံးရှင်သန်လွတ်မြောက်နိုင်ကြပါစေဟု ဆုတောင်းပေးမိသည်။ နိုင်ငံတူ မတူ လူသည်လူသာ။
“ကျွန်တော်တို့လည်း အမြန်လွတ်မြောက်ချင်ပါသည်။ မိုးကိုလည်း တိတ်စေချင်ပါပြီ” ဟူ၍ အက်ဆေးလေး ကိုအဆုံးသတ်ပြီး ကော်ပီယူလိုက်ပါသည်။ ထို့နောက် အင်တာနက်ဖွင့်ကာ အီးမေလ်းထဲသို့ဝင်လိုက်ပြီး အယ်ဒီတာထံလိပ်မူ၍ စာရေးသားဖို့သတ်မှတ်ထားသည့်နေရာတွင် ကူးထားသည့်ကော်ပီကိုထည့်သည်။
ထို့နောက်ပေးပို့ဆိုသည့်နေရာကိုနှိပ်လိုက်ချိန်မှာတော့ အင်တာနက်လိုင်းက ပြတ်တောက်သွားခဲ့ရပါသည်။
(၆)
အချိန်တခုကိုစောင့်ပြီး ဇွဲရှိရှိဖြင့် ကြိုးစားရဦးမည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ