ရသဆောင်းပါးစုံ

ကျော်​ထင်​ ● ကြိုးစားမှု ဘိန်း​ကျွေးခြင်း

ကျော်​ထင်​ ● ကြိုးစားမှု ဘိန်း​ကျွေးခြင်း
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၈

(၁)
လူတယောက်​မှာ ရည်​ရွယ်​ချက်​ ရှိဖို့ လိုသလား မလိုဘူးလားဆိုတာ​ပြောဖို့ ကိုယ့်​ဘဝကိုပဲ ပြန်​​လှည့်​ကြည့်​ရမယ်​ထင်​ပါတယ်​။ ကိုယ်​လုပ်​နေတဲ့ ပုဂ္ဂလိကဆရာဆိုတာ ကိုယ်​ရည်​ရွယ်​ခဲ့တဲ့ သက်​​မွေးဝမ်း​ကျောင်း အလုပ်​ ဟုတ်​လို့လား။ ဟုတ်​တယ်​ဆိုရင်​  ဒီလိုအသက်​​မွေးဖို့ ဘယ်​လို ကြိုးစားလုပ်​ခဲ့ရသလဲ။
မဟုတ်​ဘူးဆိုရင်​ တခြား ဘာ​တွေကို ရည်​ရွယ်​ခဲ့တာလဲ။
ဖြစ်​ချင်​တာဟာ ရည်​ရွယ်​ချက်​လား။ရည်​ရွယ်​ချက်​ဆိုတာ ဖြစ်​ချင်​တာလား။
ဖြစ်​ချင်​တာနဲ့ပဲ ရည်​ရွယ်​ချက်​ဖြစ်​သွားသလား။

(၂)
ဒါဆိုရင်​​တော့ ဖြစ်​ချင်​တာ​တွေက အများသား။ အမိ​မြေမှသား​ကောင်းများကြည့်​ပြီး​  စစ်​သားဖြစ်​ချင်​ခဲ့တယ်​။  ကျော်​​အောင်​​မော်​၊ စိုင်းလားရှိုး၊​ မောင်​ငြိမ်းချမ်းတို့ရဲ့ ရုပ်​ပြ​တွေဖတ်​ပြီး ရုပ်​ပြပန်းချီဆရာဖြစ်​ချင်​လွန်း​လို့မန္တ​လေးပန်​တျာ​ကျောင်းမှာ အစား ဆင်းရဲခံခဲ့တယ်​။ ကဗျာဆရာဖြစ်​ချင်​လွန်းလို့ အ​မေ့အဆူ​ခံပြီး ကဗျာ​တွေ​ရေးခဲ့တယ်​။

မောင်​စိန်​ဝင်း(ပုတီးကုန်း)၊ ခက်​မာ၊ နွမ်​ဂျာသိုင်းတို့ကို အားကျပြီး  အင်​ဂျင်​နီယာဖြစ်​ချင်​တာနဲ့အတူ စာ​ရေးဆရာဖြစ်​ချင်​ခဲ့တယ်​။

ကျော်​ဟိန်း​ကြောင့်​ ရုပ်​ရှင်​မင်းသား ဖြစ်​ချင်​တာ၊​ သစ်​လုပ်​ပြီးချမ်းသာ​နေတဲ့ ရုံပိုင်​ကိုကြည့်​ပြီး ဘူတာရုံပိုင်​ ဖြစ်​ချင်​တာနဲ့ တိုက်​ကြက်​​တွေ အများကြီး​မွေးပြီး တိုက်​ကြက်​ပညာရှင်​တယောက်​ ဖြစ်​ချင်​လွန်းလို့ ဂျပန်​ဓားကြီးကို တိုက်​ကြက်​နဲ့ လဲပစ်​တာတောင် ​ပါ​ပါသေးတယ်​။

သ​ဘောင်္သားဦး​လေးဆီ​ရောက်​​တော့ သ​င်္ဘောသားဖြစ်​ချင်​ခဲ့တယ်။ ရုပ်​မြင်​သံကြားစက်​နဲ့ ​ အောက်​စက်​​တွေကို ပြုပြင်​ဖို့ဆိုပြီး တာ​မွေ၊ ဗိုလ်​စိန်​မှန်​ကွင်းနားက ​ အော်​စကာအီလက်​ထ​ရောနစ်​ ဆားဗစ်​မှာ ပညာသင်​ခဲ့တယ်​။ ဘောလုံး အ​ကျော်​အ​မော်​တ​ယောက်​ ဖြစ်​ချင်​လွန်းလို့ ​ဘောကန်​ဖိနပ်​  လိုက်​ငှားကန်​ခဲ့ဖူးတယ်​။ ငှားထားတဲ့​ဘောကန်​ဖိနပ်​ကို မသိသားဆိုးဝါး သူခိုးက ခိုးသွားတာ ကြုံဖူးတယ်​။

ဂီတာသမားတယောက်​ဖြစ်​ချင်​တဲ့စိတ်​က​တော့ ဥယျာဉ်​စုဘုန်းကြီး​ကျောင်းထဲမှာ ခဲနဲ့ထုခံလိုက်​ရတဲ့ သူငယ်​ချင်း​တွေကို ကြည့်​ပြီး အစရှာ မရဖြစ်​သွားခဲ့တာလည်း ထည့်​တွက်​လို့ ရ​သေးတယ်​။ ​လက္ခဏာတတ်​ချင်​လို့ ကိုင်​ရို​တွေ ဖတ်​ဖြစ်​တယ်​။

လက္ခဏာကျမ်း​တွေ ​လေ့လာဖြစ်​တယ်​။တွေ့သမျှလူ လက်​ဆွဲပြီး ​မွေး​မွေးချင်း ပဲ​လှော်​မဝါးတတ်​​သေးဘူးတို့၊ ဆုံးဆုံးချင်း အသက်​ထွက်​မယ်​တို့ ဟောကိန်း​​တွေထုတ်​ခဲ့ဖူးတယ်။ အမျိုးယုတ်​​တွေနဲ့ မ​တွေ့ခင်​ထိ နိုင်​ငံ​ရေးသမားတယောက်​အဖြစ်​လည်း ရူးရူးမူးမူး ဖြစ်​ချင်​ခဲ့ဖူးတယ်​။

အဲ့ဒီလို ​တောင်​​တောင်​အီအီ ဖြစ်​ချင်​တာတွေထဲမှာ ယခုလက်​ရှိ အသက်​​မွေး​နေတဲ့ပုဂ္ဂလိကဆရာ ဖြစ်​ချင်​တဲ့စိတ်​က​တော့ တကယ်​ကို မ​ပေါ်​ပေါက်​ခဲ့ဖူးပါဘူး။ တကယ်​​တော့ ​စော​စောက ဖြစ်​ချင်​တဲ့စိတ်​​တွေဟာ အရူး​ချေးပါ  ဖြစ်​ချင်​ခဲ့တာ​တွေချည်း ပါပဲ။ စည်းနဲ့ စနစ်​နဲ့ ဖြစ်​ချင်​ခဲ့တာ​တွေ မဟုတ်​ပါဘူး။ ရည်​ရွယ်​ချက်​ဆိုတာထိ ​ ပေါက်​​မြောက်​ခဲ့တာ မဟုတ်​ပါဘူး။

(၃)
ရည်​ရွယ်​တယ်​ဆိုတာ ဘာလဲ။ ရည်​ရွယ်​တယ်​ဆိုတာ ဦးတည်​ အာရုံထားတာပါပဲ။ ဖြစ်​ချင်​တာကို ဦးတည်​ထားရမယ်​။ ပြီး​တော့ တစိုက်​မတ်​မတ်​ အာရုံ စူးစိုက်​ထားရမယ်​။ မဖြစ်​ ဖြစ်​​အောင်​လုပ်​​တော့မယ်​။ ဒါ​ပေမဲ့ အဲ့ဒီလို စူးစူးစိုက်​စိုက်​အာရုံထားမှပဲ ဖြစ်​​တော့တာလားဆို​တော့လည်း မဟုတ်​ဘူးဆိုတာ ​တွေ့​နေရတယ်​။
ကြိုးစားလို့ဆိုတာ​တွေက တခါတ​ရံကျ ​ဘေးပန်း​ရောက်​​နေတတ်​တာ​ တွေ့ရတယ်​။ ဒါ​ပေမဲ့လည်း တနင်္ဂ​နွေ​နေ့မှာ ဝက်​​ခြေ​ထောက်​နဲ့မျှစ်​ချဉ်​ချက်​စားမယ်​၊ ဒီဇင်​ဘာမှာ ပြင်​ဦးလွင်​က ပန်းပွဲ​တော်​သွားမယ်​၊ ရန်​ကုန်​ကအပြန်​ စွယ်​စုံကျမ်းစာအုပ်​​တွေ အ​ဟောင်းတန်းကဝယ်​ခဲ့မယ်​ …စတဲ့ အ​သေးအဖွဲရည်​ရွယ်​တာမျိုး​တွေထဲက​တော့ ရည်​ရွယ်​တဲ့အတိုင်း ဖြစ်​တတ်​တာ​တွေ​ ရှိပါတယ်​။

လကုန်​ရင်​ ဖုန်းမှန်​ကွဲ​နေတာ လဲပစ်ရ​မယ်​၊ ထိုင်​မသိမ်းထဘီဝတ်​ပြီး ဘွဲ့တက်​ယူမယ်​၊  မာစတာဆက်​တက်​မယ်၊ ​မာစတာပြီး ရင်​ ပါရဂူဘွဲ့ယူမယ်​ဆိုတာမျိုး​တွေလည်း အပါအဝင်​​ပေါ့။

ဒါ​ပေမဲ့ နှစ်​ဆယ်​​ကျော်​ ကာလကတည်းက ပုဂံသွားဖို့ ရည်​ရွယ်​ခဲ့တာ ခုထိမ​ရောက်​​သေးတာမျိုးလည်း ရှိ​နေတယ်​။ စားဖိုမှူး အလုပ်​နဲ့သ​ဘောင်္တက်​မယ်​ဆိုပြီး ကန်​​တော်​ကြီးမှာ အချက်​အပြုတ်​သင်​တန်းတက်​တယ်​။ သ​ဘောင်္သားရုံးကို ​ခြေချင်း လိမ်​နေ​အောင်​ သွားရတယ်​။ ခြောက်​ထပ်​ရုံး ခဏခဏ​ရောက်​ရတယ်။ ပင်လယ်​​​ရေ​ကြောင်း ညွှန်​ကြား​ရေးဦးစီးဌာနဆီ မကြာ မကြာ ဝင်​ထွက်​ရတယ်​။မြေနီကုန်းမှာဖွင့်​ထားတဲ့ သ​ဘောင်္ကုမ္ပဏီဆီ သွားရတယ်​။ ဒါ​ပေမဲ့ သ​ဘောင်္သား မဖြစ်​ခဲ့ဘူး။ ကုက္ကိုင်း​ရေကူးကန်​မှာ ​ရေကူးသင်​မယ်​ စိတ်​ကူးတယ်​။ ဒါ​ပေမဲ့ ဒါ​တွေ ဘာမှမဖြစ်​ခဲ့ပြန်​ဘူး။

(၄)
အဲ့ဒီ့လို မဖြစ်​ခဲ့တဲ့ ဖွဲ့စည်းတည်​​ဆောက်​ချက်​​တွေကိုကြည့်​ပြီး ကြိုးစားဖို့ မလိုဘူးလို့ ဆုံးဖြတ်​​ပေး​နေတာလားဆို​တော့ မဟုတ်​ပါဘူး။ စာ​ရေးသူ့ အ​တွေ့အကြုံအရဆိုရင်​​တော့ လူဟာ ဘယ်​​လောက်​ပဲကြိုးစားကြိုးစား သူ့သတ်​မှတ်​ပြဋ္ဌာန်းမှုအရပဲ ဖြစ်​​နေနိုင်​တာလို့ ​ပြောချင်​တာပါ။ ပြီး​တော့ ကြိုးစားပြီး အရာမထင်​တဲ့သူ​တွေဘဝကို ​ရေစုန်​ချပစ်​တာမဖြစ်​​စေချင်​လို့ ​ပြောတာ လည်း ဖြစ်​ပါတယ်​။

ဒါ​ကြောင့်​ ရည်​ရွယ်​သလို ကြိုးစားတယ်​။ ကြိုးစားသလိုက ဖြစ်​မလာဘူး။ ဒီလိုဖြစ်​မလာလို့လည်း ဘာမှ​သွေးပျက်​စရာမရှိပါ ဘူး။ ဘဝဆိုတာ ဖြစ်​နဲ့ မဖြစ်​ကို ကိုယ်​ကအကြွင်းမဲ့ပိုင်​နိုင်​တာ မဟုတ်​ပါဘူး။ ဒီလိုဘာလို့​ပြောသလဲဆို​တော့ လူဟာ လူဖြစ်​ပါပြီဆိုကတည်းက သတ်​မှတ်​ပြဋ္ဌာန်းခံရပြီးသား​ ဖြစ်​​နေတယ်​ဆိုတာကို ၉၉ ရာခိုင်​နှုန်း ယုံကြည်​​နေလို့ ​ပြောတာပါပဲ။

ကိုယ်​က ဘာဖြစ်​ချင်​ပါတယ်​ဆိုပြီး ကြိုးစားကြိုးစား ဖြစ်​ချင်​မှ ဖြစ်​တာပါပဲ။ လူကြံရင်​ ထရံ​တောင်​ တုတ်​​ချောင်းဖြစ်​နိုင်​တယ်​ဆိုတာမှန်​​ပေမယ့်​ တုတ်​​ချောင်း​တွေကို ထရံဖြစ်​​အောင်​ ဘယ်​လိုလုပ်​မလဲဆိုတာကတော့ ​တော်​​တော်​​ပြောဖို့ခက်​ပါတယ်​။ ကြိုးစားရင်​ ဘုရား​တောင်​ ဖြစ်​ခွင့်​ရှိတယ်​သာဆိုတယ်​ ဘုရားဖြစ်​ဖို့အတွက်​ကျ​တော့ေ​န့ည​တွေ ​ရွှေ့လာလိုက်​တာ ကမ္ဘာတစ်​သိန်း၊ ကမ္ဘာနှစ်​သိန်းဒီလိုချီလာမယ်​ထင်​ပါတယ်​။

ကြိုးစားတိုင်းဖြစ်​ရမယ်​ဆိုရင်​ မိုဟာမက် ဘယ်​သူဖြစ်​မလဲ။
ယေရှု ဘယ်​သူဖြစ်​မလဲ။
သိဒ္ဓတ္ထဘယ်​သူဖြစ်​မလဲ။

ပြီး​တော့  ဆော့ခ​ရေးတီးဖြစ်​​အောင်​၊​ ပ​လေတိုဖြစ်​​အောင်​၊ ဟေဂယ်​ဖြစ်​​အောင်​၊ အိုင်းစတိုင်းဖြစ်​​အောင်​၊ နျူတန်​ဖြစ်​​အောင်​၊ မက်​ခ်​စ်​ဖြစ်​​အောင်၊ နီ​ရှေး ဖြစ်​​အောင်​၊ ​ဘီဂိတ်​ဖြစ်​​အောင်​၊ ဗီသိုဗင်​ဖြစ်​​အောင်​၊ ချက်​​ကော့ဖြစ်​​အောင်​​ ဘယ်နှ​ယောက်​ ကြိုးစား ပြနိုင်​မလဲ။ ကြိုးစာရင်​ ဖြစ်​နိုင်​တယ်​ဆိုတာဟာ ​လက်​တ​ဆုပ်​စာလူ​တွေအတွက်​​လောက်​သာ မှန်​နိုင်​တာပါ။ ဒီလို​အနည်း အကျဉ်း​လောက်​သာမှန်​တဲ့သီအိုရီနဲ့ ​လောကကြီးကို မတွက်​ထုတ်​ ကြည့်​​စေချင်​ပါဘူး။ တကယ်​က ဘယ်​သူပဲဖြစ်​ဖြစ်​ သတ်​မှတ်​ပြဋ္ဌာန်းခံဘဝနဲ့​ နေလာကြတာပါပဲ။

တ​မျိုးထပ်​​ပြောရရင်​ ကံကသီလို့ ရည်​ရွယ်​ရာကို ​ရောက်​သခိုက်​နဲ့ကြုံရတာပဲဖြစ်​ပါတယ်​။ အဲ့ဒီ့အခါမှာ အဲ့လိုရောက်​ရှိသူဟာ သူဒီလိုဖြစ်​ရတာ သူဘယ်​​လောက်ကြိုးစားလို့၊ ဘယ်​လို လုပ်​ကိုင်​ခဲ့လို့ဆိုတာ​တွေနဲ့ စင်​စကား​ ပြောပါလိမ့်​မယ်​။ စင်​စကား ဆိုတာက ​နေရာတ​ခုဆီရောက်​ပြီးမှ ​ပြောထွက်​တဲ့စကားမျိုးကို ဆိုလိုတာပါ။

ဥပမာပါ။

၁၈ ရာစု​နောက်​ပိုင်းမှာ မိန်းမ​တွေ မဲ​ပေးခွင့်​ ရကိုရမယ်​လို့ ၁၇ ရာစုက လူ​တွေထဲမှာ ဘယ်​သူမှ ​ရည်​ရွယ်​ချက်​ရှိရှိ တတ်​အပ်​​သေချာ ပြောကြားခဲ့ကြတာရှိသလဲ။ ဗမာ့လွတ်​လပ်​​ရေးဟာ ၁၉၄၈ မှာ ရကိုရရမယ်​လို့ ၁၈၈၆ ဇန်​နဝါရီလမှာ ဘယ်​သူ​ကြွေး​ကျော်​နိုင်​ခဲ့ဖူးသလဲ။ ဖြစ်​နိုင်​​ချေ​ရောင်​ခြည်​သန်းလာမှသာ ​ ပြောရဲတာပါ။ ပြီး​တော့ ရသွားမှသာ ဒို့ ဘယ်​လို ရည်​ရွယ်​အားထုတ်​ခဲ့လို့၊ ဒို့ ဘယ်​လိုညီညွတ်​ခဲ့လို့၊ ဒို့ ဘယ်​လို ကြိုးစားခဲ့လို့ဆိုပြီးနိုင်​ငံ့သူရဲ​ကောင်းဝတ္ထု​တွေ​ရေး​ရေး ပြ​တော့တာပါပဲ။ ဒါမျိုးကို စင်​စကား ​ခေါ်တာပါပဲ။ ဒါ​ပေမဲ့ တခု​ပြောထားလိုတာက အဲ့ဒီလို ကြိုးစားအားထုတ်​တာ​တွေမပါဘဲ လည်း​ဖြစ်​တယ်​လို့ ဆိုလိုတာမဟုတ်​ပါဘူး။ ဖြစ်​ချိန်​တန်​လာလို့ ကြိုးစားတာ​တွေက အကွက်​စိပ်​စိပ်​​ပေါ်လာတာ ဖြစ်​တယ်​လို့လည်း မြင်​နိုင်​ပါ​သေးတယ်​။

(၅)
ဗုဒ္ဓအ​တွေးအ​ခေါ်အရဆိုရရင်​ အ​ကြောင်း​ပေါင်း ​မြောက်​မြားစွာ​ပေါင်းစုပြီးမှ လွတ်​လပ်​ရေးရတာပါပဲ။ ဒါကို တစုတဖွဲ့  တ​ယောက်​တည်း​ကြောင့်​ဆိုတာမျိုး လာချိုးရင်​​တော့ အလွန်​တရာ ဉာဏ်​တိမ်​လွန်းတဲ့ ဇာတ်​ညွှန်းနဲ့​ရေးထားတဲ့ဟာသကားကို ကြည့်​ရသလိုပဲ ​နေပါလိမ့်​​မယ်​။

ထပ်​​ပြောရရင်​ အိန္ဒိယဟာဘာလို့ ၁၉၄၇ မှာ လွတ်​လပ်​​ရေးရသလဲဆိုရင်​ လွတ်​လပ်​​ရေးဟာ ကြိုးစားလို့ တ​ခုတည်း​ကြောင့်​ ရရတာလား။ ရမယ့်​အချိန်​ကို သတ်​မှတ်​ပြဋ္ဌာန်း​ထားလို့ လွတ်​လပ်​​ရေး ရရတာ​ကို​ကော ထည့်​မတွက်​သင့်​ဘူးလား။ ကြိုးစားလို့ လွတ်​လပ်​​ရေးရတယ်​ဆိုရင်​ ကြိုးစားလို့ ကျွန်​ဖြစ်​ကြတာလား။

ဒါကိုက ကျ​နော်​တို့ရဲ့အ​တွေးအ​ခေါ်​ကော၊ စကားလုံး​ကောဟာ မူမှန်​မှု မရှိတာကို ပြသ​နေတာပါပဲ။ လွတ်​လပ်​တာနဲ့ မလွတ်​လပ်​တာဟာ မျဉ်း​တမျဉ်းတည်းရဲ့ ဟိုဘက်​ဒီဘက်​ဖြစ်​ရက်​နဲ့​တောင်​ လွတ်​လပ်​​ရေးရတာကျ​တော့ ကြိုးစားအားထုတ်​ခဲ့လို့လို့ အ​ဖြေထုတ်​ပြီးမလွတ်​လပ်​တာကျ​တော့ ကြိုးစားအားထုတ်​လို့ ဖြစ်​ရတာလို့ တူညီတဲ့အ​ဖြေကို မထုတ်​နိုင်​ကြဘူး။ ကြိုးစား အားထုတ်​လို့ဆိုတဲ့အ​ဖြေသာ မှန်​ကန်​တယ်​ဆိုရင်​ သင်္ချာသီအိုရီသ​ဘောအရ ဘယ်​မှာအစားထိုးထိုး မှန်​​နေရမယ်။ ခုဟာက မှား​နေတယ်​။ မှား​နေတယ်​ဆို​တော့ နှစ်​မျိုးအရမှား​နေတာလည်းဖြစ်​နိုင်​ပါတယ်​။ ဘယ်​လိုနှစ်​မျိုးအရလဲဆိုရင်​ အ​တွေးအ​ခေါ်အရရယ်​၊​  ဝေါဟာရအရ ရယ်​ပါပဲ။

(၆)
ဆရာဝန်​ရူး ရူး​နေတဲ့မိသားတစုမှာ အကြီးမ​လေးကို ဆရာဝန်​ဖြစ်​​အောင်​ မိ​ကောဘ​ကောက ဝိုင်းဝန်းကြပ်​မတ်​အားထုတ်​​ပေးကြတယ်​။ ဒါ​ကြောင့်​ပဲ အကြီးမ​လေး ဆရာဝန်​ဖြစ်​သွားတယ်။ ဒုတိယသားကိုလည်း ဒီလိုပဲ ကြိုးစားအားထုတ်​​ပေးကြတယ်​။ သူလည်း ဆရာဝန်​ဖြစ်​သွားတယ်​။တတိယ က​လေးကျ​တော့ ယ​နေ့ထက်​ထိ လမ်း​ပေါ်မှာ တေ​နေတုန်း။ သူ့ကျ​တော့ ကြိုးစားအားမထုတ်​ကြဘူးလား။ တကယ်​​တော့ အဲ့ဒီ့တတိယသား​လေး မိုက်​လုံးကြီး​နေတာ​ဟာ မိုက်​လုံးကြီးတဲ့​ကောင်​ဖြစ်​ဖို့ ဖန်​လာလို့ပါပဲ။ ဖြစ်​ဖို့ သတ်​မှတိပြီးလို့ပါပဲ။ အိန္ဒိယ ကျွန်​ဖြစ်​တယ်​။ ကျွန်​ဖြစ်​ဖို့ သတ်​မှတ်​ပြဋ္ဌာန်းခြင်းခံရလို့ ကျွန်​ဖြစ်​တယ်​။ လွတ်​လပ်​​ရေးရတယ်​။ လွတ်​လပ်​ဖို့ သတ်​မှတ်​ပြဋ္ဌာန်းခြင်းခံရလို့ လွတ်​လပ်​တယ်။ အဲ့ဒီ့ သတ်​မှတ်​ပြဋ္ဌာန်းမှု​တေ ထဲမှာက ရည်​ရွယ်​ချက်​​တွေ၊ ကြိုးစားအားထုတ်​တာ​တွေ၊ အသိဉာဏ်​ပညာဖွံ့ဖြိုးတာ​တွေပါ တ​ပါတည်း ပါဝင်​​နေပါတယ်​။

ကြိုးစားအားထုတ်​တာ​  တခုတည်း​ကြောင့်​ဆို အဲ့ဒီ့အရင်​ ​စော​စောကတည်းက ကြိုးစားခဲ့ပါလား။ ဒီလိုမဟုတ်​ဘူး။ တကယ်​ဇာတ်​ခုံက ဒီလိုမဟုတ်​ပါဘူး။ အိန္ဒိယ​တွေ ကြိုးစားခဲ့တာပါပဲ။ ဒါ​ပေမဲ့ ဖြစ်​ဖို့ အချိန်​မှ မကျ​သေးတာပဲ။ ကြိုးစားလို့ တခုတည်း​ ကြောင့်​ရမယ်​ဆိုရင်​ ဗမာပြည်​မှာ​ပေါ်ထွန်း​နေတဲ့ စစ်​အာဏာရှင်​စနစ်​ကို အ​ရေခွံစုတ်​ဖို့ တတ်​အပ်​​သေချာတဲ့ ကာလယန္တရားနဲ့ ဘယ်​သူတာဝန်​ယူ​ပေးမလဲ။ ဘယ်​သူမှ ယူနိုင်​တဲ့သူမရှိပါဘူး။

မြေစမ်းခရမ်းပျိုးမူဝါဒ​တွေနဲ့သာ လုပ်​​နေရတာဖြစ်​ပါတယ်​။ ​​အောင်​မြင်​သွားရင်​​တော့ ​မြေစပ်​တာစနစ်​ကျလို့၊ ခရမ်းမျိုး​ကောင်း​လို့၊ စိုက်​ပျိုးနည်းမှန်​ကန်​လို့နဲ့  ​စေတနာ​ကောင်းလို့ ဆိုတာေ​တွေကို မြိန်​မြိန်​ကြီး​ ပြောကြ​တော့မှာပါ။

(၇)
ဒီလိုဆိုလိုက်​တာဟာ ကြိုးစားအားထုတ်​တာ​တွေ မလုပ်​ရ​တော့ဘူး၊ မလို​တော့ဘူးလို့ ဆိုလိုက်​တာ မဟုတ်​ပါဘူး။ ကြိုးစား အားထုတ်​မှုတ​ခုတည်းရဲ့ ရလဒ်​​ကြောင့်​ ရလာတာမဟုတ်​ဘူးလို့ ဆိုလိုရင်းသာဖြစ်​ပါတယ်။ ကြိုးစားအားထုတ်​တာ​တွေ​ပေါ်မှာ စိတ်​​တွေ မနစ်​မွန်းသွား​စေဖို့ ဖြစ်​ပါတယ်​။ လူ​တွေဟာ မိမိရည်​ရွယ်​ချက်​​လေး ပျက်​ပါပြီ၊ ကြိုးစားခဲ့သမျှ အချည်း​အနှီး ပါပဲဆိုပြီးဘဝပျက်​မတတ်​ ယူကျုံးမရဖြစ်​တတ်​ကြလွန်းလို့ သတိ​ပေးလိုရင်းသာ ဖြစ်​ပါတယ်​။

ပြီး​တော့ လူ​တွေဟာ ဖြစ်​သွားရင်​ ​လေတလုံးမိုးတလုံးတိုက်​တတ်​ကြလို့ သတိ​ပေးလိုက်​တာလည်း ဖြစ်​ပါတယ်​။ ကြိုးစားတိုင်း ဖြစ်​ကြ​ကြေးဆို အီလက်​ထ​ရောနစ်​နဲ့ ​အောင်​မြင်​​နေတဲ့ ပုဂ္ဂလ်​ကြီးကို အခြားလုပ်​ငန်း​ပြောင်း​ပြီး ခုလို​အောင်​မြင်​မှုရ​အောင်​ ထပ်​ကြိုစားခိုင်း​ကြည့်​ပါ။

ဂေါ်လီလုံး​တွေ ​ခေါင်​မှန်​လို့ အကုန်​သိမ်းကျုံးယူ​တော့မယ့်​က​လေးကို မရဘူး ပြန်​ပစ်​ဆိုသလိုမျိုး ဖြစ်​သွားမှာပါ။ သူ ဘယ်​​လောက်​ပဲ လက်​တည့်​တယ်​​ ပြော​ပြော ဒီက​လေးဟာ ပြန်​ပစ်​ဖို့ ငြင်းဆန်​မှာပါ။ သူ့ကြိုးစားမှုကို သူသံသယရှိမှာ အမှန်​ပါပဲ။

ဒီလိုဆိုလိုက်​​တော့ ဖင်​လန်​က သစ်​လုပ်​ငန်းက​နေ ဆက်​သွယ်​​ရေးဘက်​ ကူး​ပြောင်းပြီး​အောင်​မြင်​သွားတဲ့ နိုကီယာကို လက်​ညိုးထိုးပြီး​တော့ မပြပါနဲ့။ ​ပြမယ်​ဆိုရင်​လည်းနောက်​ဆယ်​ခု ​ပြောပါ။ ​နောက်​ထပ် ​ အခုတ​စ်ရာ​ပြောပါ။ ​နောက်​ဆုံး အခုတစ်​​ထောင်​​ပြောပြပါ။

ကမ္ဘာ​ပေါ်မှာ လူ​ပေါင်း သန်း​ ၇၀၀၀​​ ​လောက်​ရှိတာကို လက်​တ​ဆုပ်​​လောက်​ဖြစ်​တာနဲ့ ကြိုးစားရင်​ဖြစ်​တယ်​ဆိုတဲ့သီအိုရီကို ထုတ်​ဖို့​တော့ မကြိုးစားပါနဲ့။ ယုံလွယ်​တတ်​တဲ့သူ​တွေကို ကျုံးသွင်း အရူးမလုပ်​​စေချင်​ပါဘူး။ကမ္ဘာ့နိုင်​ငံ​ပေါင်းနှစ်​ရာ​ကျော်​ နျူကလိယား မပိုင်​​သေးပါဘူး။သူတို့ မပိုင်​ချင်​ကြလို့ မပိုင်​တာ မဟုတ်​ပါဘူး။ ကမ္ဘာကြီးအချိန်​ မကျ​သေးလို့ မပိုင်​တာပါ။

ဆိုလိုချင်​တာက ဖြစ်​ချိန်​တန်​လို့ဆိုတဲ့ အချိန်​သတ်​မှတ်​တာကို ​လျှော့မတွက်​မိကြဖို့နဲ့ အားလုံးဟာ သတ်​မှတ်​ပြဋ္ဌာန်းတာ ခံရပြီးသားဆိုတာကို မ​မေ့ကြဖို့ပါပဲ။ ပြီး​တော့ ကြိုးစားလို့ရတယ်​ဆိုရင်​လည်း ဒါဟာ သူကြိုးစားလို့ရနိုင်​တဲ့ ဝန်​တ​ခုပါပဲ။ ဥပမာ ကျူရှင်​ဆရာတ​ယောက်​ဟာ ​ဒီည ကျောင်းနားချိန်​မှာ ဘီယာ​သောက်​မယ်​ဆိုတဲ့ရည်​ရွယ်​တာမျိုး။

လမ်း​ဘေးအိပ်​ လမ်း​ဘေးစားပြီး တွေ့ရာလူဆီက ပိုက်​ဆံလိုက်​​တောင်း​နေတဲ့​ခြေသလုံးအိမ်​တိုင်​ တ​ယောက်​ဟာ ရလာတဲ့ ပိုက်​ဆံနဲ့ အများသူငါအပန်း​ဖြေတဲ့​နေရာတစ်​ခုရဲ့​ချောင်​ကျကျမှာ ​ဖော​ချောဝယ်​​သောက်​မယ်​ ဆိုတာမျိုးပါ။ ဒါမျိုး​တွေကို နိုင်​သ​လောက်​ကြိုးစားတယ်​လို့​ ခေါ်တာပါ။ ဆရာ​တွေကို အကန်​​တော့ခံထိုက်​​အောင်​ ရတနာသုံးပါးရဲ့စင်​​ပေါ်ကို တက်​နိုင်​​အောင်​ ဝိနယ ၂၂၇ ခုကို ကြိုးစား​စောင့်​ထိမ်းခိုင်း​လိုက်​မယ်​ဆိုရင်​ ဖြစ်​နိုင်​ပါ့မလား။ ဒါမျိုး​တွေက ဖြစ်​နိုင်​၊ မဖြစ်​နိုင်​ မြင်​နိုင်​​ပေမယ့်​အခြားအရာ​တွေက​တော့ သာမန်​သိမှာ ထင်​ဟပ်​နိုင်​ဖို့ မလွယ်​ပါဘူး။

(၈)
အဲ့ဒီလို ဘယ်​အချိန်​မှာ ​ အောင်​မြင်​မလဲ၊ ဘယ်​အချိန်​မှာ ဖြစ်​လာမလဲ၊ ဒါလုပ်​ရင်​ ဒါဖြစ်​မှာလား၊ ရည်​ရွယ်​သလို ဖြစ်​လာတာ လားဆိုတာ​တွေ၊ ငါဘာဖြစ်​မှာလဲဆိုတဲ့ ကိုယ့်​အတွက်​သတ်​မှတ်​ ပြဋ္ဌာန်းထားတဲ့အ​ဖြေ​တွေကို တပ်​အပ်​​သေချာမသိနိုင်​​တော့ကျ​နော်​တို့ဟာ အနုမာနနဲ့ကြိုးစားရင်​ ဖြစ်​တယ်​ဆိုတဲ့ သီအိုရီကို ထုတ်​ယူကြရတာ​ပါပဲ။ ပြီး​တော့ ဒါကိုပဲ တကယ့်​အမှန်​ထင်​ပြီး လူ့အဆက်​ဆက် ပြောဟော လာကြ​တော့တာပါပဲ။

ဒီသီအိုရီ မှန်​သလားဆိုရင်​ မမှန်​ပါဘူး။ ဒါ​ပေမဲ့​ ဒီသီအိုရီ မလိုဘူးလားဆို​တော့ မလိုဘူး မဟုတ်​ပါဘူး။ လိုအပ်​ပါတယ်။ တ ကယ်​ကို လိုအပ်​ပါတယ်​။ ဒါ​ပေမယ့်​ ဘဝပုံ​ပေးပြီး လိုအပ်​လှတဲ့ လိုအပ်​တာမျိုး​တော့ မဟုတ်​ပါဘူး။ ဥပမာ တက္ကသိုလ်​ဝင်​တန်းကို ဘာသာစုံဂုဏ်​ထူး​တွေနဲ့​အောင်​ပြီး​ဆေး​ကျောင်းတက်​ဖို့ ရည်​ရွယ်​ချက်​ထားပြီး ကြိုးစားခဲ့တဲ့က​လေး၊ ဘာသာစုံ မထွက်​လိုက်​တဲ့အခါ ကိုယ့်​ကိုယ်​ကို ​သေ​ကြောင်း​ ကြံလိုက်​တာမျိုး။ ထမင်းမစားဟင်းမစား တစ်​လကိုးသီတင်း ငို​နေတာမျိုး​၊ ဒါမျိုး​တွေ မလိုပါဘူး။ ဘဝဆိုတာမှာ ကြိုးစားတိုင်းမဖြစ်​တာ ရှိသလို၊ မကြိုးစားခဲ့တဲ့အရာလည်းဖြစ်​​နေတာရှိပါတယ်​။

စော​စောပိုင်းမှာ ​ပြောခဲ့သလို စာ​ရေးသူဟာ ပုဂ္ဂလိကဆရာအဖြစ်​ အသက်​​မွေးဝမ်း​ကျောင်းပြုဖို့ စိတ်​မကူးခဲ့ဖူးဘူး။ မရည်​ရွယ်​ခဲ့ဘူး။

ဒါ​ပေမဲ့ ဖြစ်​လာတယ်​။ အဲ့ဒီ့ သက်​​မွေးဝမ်း​ကျောင်းနဲ့ပဲ ဘဝကိုစိုစိုဖတ်​ဖတ်​ရပ်​တည်​နိုင်​ခဲ့တယ်​။ ဒါဟာ ရည်​ရွယ်​သလားဆိုရင်​ တကယ်​ မရည်​ရွယ်​ခဲ့ဘူး။ မရည်​ရွယ်​တဲ့အပြင်​ ​ကျောင်းဆရာဆိုတာ​ကို​တောင်​ ​ရှေ့ကဆရာတွေ ကြည့်​ပြီး အထင်​​အမြင်​ သေိး​သေးတယ်​လို့ ဝန်​ခံရမယ်​။ သူတို့ ဘဝ​နေမှု​တွေက နိမ့်​တာကိုး။

ဒါ​ပေမဲ့​ ကိုယ်​တိုင်​ ဘာသာရပ်​သင်​ဆရာဖြစ်​သွားတယ်​။ ဒီ့အတွက်​ ကိုယ့်​အသက်​​မွေးဝမ်း​ ကျောင်းကို ​ကျေးဇူးတင်​တယ်​။ ဘယ်​​တော့မှ ဒီ​ကျေးဇူးကို ​မေ့မှာလည်း မဟုတ်​ဘူး။ ပြီး​တော့ ကျ​နော့်​ကို ပုဂ္ဂလိကဘာသာရပ်​သင်​ဆရာဖြစ်​​အောင်​ သတ်​မှတ်​ပြဋ္ဌာန်းလိုက်​တဲ့ပြဋ္ဌာန်းချက်​ကိုလည်း ​ကြည်​ကြည်​ဖြူဖြူ နာယူလက်​ခံတယ်​။ စက်​ဘီး​လေးတ​စီး၊ ထီး​လေးတ​လက်​နဲ့ ထမင်းချိုင့်​​လေးကို စက်​ဘီးလက်​ကိုင်​မှာချည်​ပြီး ဆယ်​မိုင်​​ကျော်​​လောက်​​ဝေးတဲ့ခရီးကို အသွားအပြန်​ မိုင်​နှစ်​ဆယ်​​လောက်​နင်းပြီး စာသင်​​ရာက​နေသိန်းတစ်​ရာ​ကျော်​တန်​ ကား​လေးတ​စီးနဲ့ စာလိုက်​သင်​​နေတဲ့အ​ခြေအ​နေတ​ခု ​ရောက်​သွားတာဟာ ကြိုးစားအားထုတ်​မှုတ​ခုတည်း​ကြောင့်​ မဟုတ်​ပါဘူး။

ဖြစ်​ချင်​ရင်​ ဖြစ်​တာပဲဆိုတာလည်း ထည့်​တွက်​ရမှာပါ။ စာ​ရေးသူနိုင်​သ​လောက်​ဝန်​ကိုပဲ ဘဝက ဖြစ်​ခွင့်​​ပေးတာပါ။ ဆရာကြီး​ဒေါက်​တာလှ​ဘေလို မြန်​မာကဗျာ ဧည့်​ခံစာတမ်း​တွေ နိုင်​ငံရပ်​ခြားတက္ကသိုလ်​တ​ခုမှာ ဖတ်​ပြနိုင်​တာမျိုးထိ​တော့ ဒါကို ငါကြိုးစားလို့ဖြစ်​တာဆိုပြီးဒီထက်​ပိုတဲ့ ကိုယ်​ပိုင်​​လေယာဉ်​နဲ့ ကမ္ဘာပတ်​ဖို့ စာ​ရေးသူ မရည်​ရွယ်​ဝံ့ပါဘူး။

(၉)
တကယ်​​တော့ ကြိုးစားတိုင်းဖြစ်​တယ်​ဆိုတာ လူ့အဖွဲ့အစည်းကို အဝ​ကျွေးထားတဲ့ ဘိန်းပါပဲ။
ကျော်​ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts