ကဗျာ

သင်းရည်လွင် ● မိုးတစက် လေတစက် လူတွေ

သင်းရည်လွင် ● မိုးတစက် လေတစက် လူတွေ
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၈

ကျည်ကွယ် မျက်ကွယ်
တိုးဝင်သွားချင်သော စိတ်များကို
ဆိုလိုသည်။

မာန်မာန် ထန်ထန် ရိုက်ပုတ်လာသော
လှိုင်းများအား
ဦးခေါင်းကွဲအောင်
အဲဒီလေတွေက တိုက်ပစ်လိုက်တယ်။

မိုးမိနေတဲ့ မြင်ကွင်းမှာ
ကပ်သုံးပါးအကြောင်း တွေးမိတော့
ကျွန်တော့် ရေဆိုးမြောင်းကလေးက
ဘာမှမစီးဆင်းချင်တော့တာ
သေချာခဲ့ပုံပေါ်တယ်
သူ့ ခြေထောက်တွေမှာ
အရသာသိတဲ့ အနံ့မရတော့ဘူး။

လူပညာရှိတွေရဲ့စကားဥပမာကို
ဝင်္ကပါလို ပစ်ချခဲ့တော့
အယုံလွယ်သူဟာ
ကောင်းကင်ပေါ်က
တစုံတရာ ပြုတ်ကျလာမှာလို့ တွေးနေတယ်။

ခုထိ
မိုးတစက် လေတစက်ကိုပဲ
ဘုရားသခင်လက်ဆောင်လို့
စိုစို ရွှဲရွှဲ ခံယူဆဲ ဖြစ်တယ်။

ငါတို့ကံတရားများ
အခွေလိုက် အခွေလိုက်
ဘယ်အစတခုက ငြိမ်းချမ်းရေးလဲ
နံရံတချပ်ကို ရေးကြည့်မိတယ်။

သင်းရည်လွင်
၁၇၊ ၆၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts